
နေပြည်တော် ဖေဖော်ဝါရီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ သီတာဦး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင် အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ဆွေးနွေးပြောကြားရာ၌ ဇန်နဝါရီပထမပတ်အတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီးနောက် နိုင်ငံရေး ပါတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမို လွယ်ကူစေရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေကို ဦးစွာပြင်ဆင်ပေးခဲ့ပြီး ကြားဖြတ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့် ဥပဒေ ပြင်ဆင်မှုများအား ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နိုင်ငံ ရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော် မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း ပါတီများအနေဖြင့်လည်း ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနှင့် ခိုင်မာစေ ရေးကို အာမခံထားပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်တွင် ပါတီများအနေဖြင့် ပါတီနိုင်ငံရေးလှုပ်ရှားမှု ရှိရမည်ဖြစ်သကဲ့သို့ နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံရေးကိုလည်း ဆောင်ရွက်ရန်လိုကြောင်း။
ပါတီဝင်များ၏ဝန်းရံမှုများ ခိုင်မာရန်လို
ပါတီများအနေဖြင့် တိုင်းရင်းသားလူမျိုးကို ကိုယ်စားပြုသည့်ပါတီ၊ ဒေသကို ကိုယ်စားပြုသည့် ပါတီ၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံကိုယ်စားပြုသည့်ပါတီ ဟူ၍ ရှိကြောင်း၊ ပါတီများသည် ခိုင်ခိုင်မာမာဖြစ်ရန် လိုပြီး ပါတီတွင်း ဒီမိုကရေစီတည်ဆောက်ရန်လည်း လိုကြောင်း၊ ပါတီကို ဦးဆောင်သူမရှိသဖြင့် ပါတီ ယိမ်းယိုင်ခြင်း၊ ပျက်စီးခြင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ပါတီဖျက်သိမ်းရခြင်းများ မဖြစ်စေလိုဘဲ ခိုင်ခိုင်မာမာရှိစေလိုကြောင်း၊ ထို့ကြောင့် ခိုင်မာသည့် ပါတီတည်ဆောက်မှုဖြစ်ရန်လိုပြီး ပါတီဝင်များ၏ ဝန်းရံမှုများ ခိုင်မာရန်လိုကြောင်း၊ မိမိတို့ပါတီ အလိုက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် စည်းလုံးညီညွတ် မှု လက္ခဏာသည်လည်း ခံ့ခံ့ညားညားရှိရန် လိုကြောင်း။
ပါတီများ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဥပဒေအရ လုပ်နိုင်ကိုင်နိုင်သည့်အခြေအနေတွင် ရှိစေရေး လိုအပ် သည့် ပြင်ဆင်မှုများကို လုပ်ပေးပြီးဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံရေးအရ၊ လုံခြုံရေးအရ လုပ်နိုင်ကိုင်နိုင်သည့် အနေအထားတွင်ရှိရန်လည်း လိုမည်ဖြစ်ကြောင်း၊ အချို့သောမြို့နယ်များ၌ လုံခြုံ ရေးအရ ပါတီလှုပ်ရှားမှုများ ဆောင်ရွက်ရန် အခက် အခဲရှိမည်ဖြစ်သော်လည်း ပါတီများအလိုက် မိမိတို့ လုပ်နိုင်သည့်အခြေအနေတွင်ရှိသည့် ဒေသများ၌ ပါတီလှုပ်ရှားမှုများကို ပြည်သူလူထုနှင့် အဆက် မပြတ် ထိတွေ့ဆောင်ရွက်နေရန်လိုကြောင်း၊ ပါတီ ဖွဲ့စည်းထားသည့် မြို့နယ်များ၊ ဖွဲ့စည်းရန်ရည်ရွယ် ထားသည့်မြို့နယ်များ၌ အရှိန်အဟုန်ဖြင့် လှုပ်ရှားမှု များ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပါတီနိုင်ငံရေး ဆိုသည်မှာ မိမိတို့ပါတီ၏မူဝါဒများကို ပြည်သူအများ က လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးမှတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့် ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်လိုပြီး နိုင်ငံသည်သာလျှင် အဓိကအရေး အကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီအရေးကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံ့အရေးကိုလည်း စဉ်းစားဆောင်ရွက်သည့် အလေ့အကျင့်ကို ဖော်ဆောင် ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် လက်ရှိနိုင်ငံ့အရေးနှင့်ပတ်သက်၍ နိုင်ငံရေး ပါတီများက ပါဝင်ဆောင်ရွက်ရန် အချက်သုံးခု ရှိကြောင်း။
စီးပွားရေးတိုးတက်အောင် ကြိုးပမ်း
နိုင်ငံ၏ စီးပွားရေးတိုးတက်အောင် ဆောင်ရွက် ခြင်းသည် နိုင်ငံ့အရေးဖြစ်သည့်အတွက် ပါတီများ အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ စီးပွားရေး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ ၅၆ သန်းအနက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် သစ်တောကဏ္ဍ ဆောင်ရွက်သူ ၄၈ ဒသမ ၂ ရာခိုင်နှုန်း၊ လက်မှုပညာနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်သူ ၁၄ ဒသမ ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်သူ ၁၀ ဒသမ ၄ ရာခိုင်နှုန်း၊ အခြေခံအလုပ်သမား ဆောင်ရွက်သူ ၁၁ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံ့လူဦးရေ၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်းသည် ယင်းကဏ္ဍကြီး ၄ ရပ်ကို သာ အခြေခံ၍ ဆောင်ရွက်ရသည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကဏ္ဍကြီး ၄ ရပ် တိုးတက်စေရေး၊ ပိုမိုအားကောင်းလာစေရေး ပါတီများအနေဖြင့် ပါတီ နိုင်ငံရေးဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းက ပါတီဝင်များဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ့အရေးအဖြစ် ခံယူ၍ ပါတီများအနေဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
ပညာရေးနှင့်ပတ်သက်ပါကလည်း မိမိတို့နိုင်ငံ တွင် အားနည်းချက်များစွာ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် နောင်အနာဂတ်နိုင်ငံတော်ကို ပညာတတ် လူသားအရင်းအမြစ်များဖြင့် တည်ဆောက်နိုင်ရေး အတွက်လည်း ပါတီများအလိုက် ကြိုးစားဆောင် ရွက်ပေးကြရန်လိုကြောင်း၊ လက်ရှိအချိန်၌လည်း အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် အချို့ သောနယ်မြေများ၌ ကျောင်းနေအရွယ်ကလေးငယ် များစွာ၏ ပညာရေး များစွာထိခိုက်နစ်နာနေရ ကြောင်း၊ ပညာရေးတွင် အားနည်းချက်များရှိခဲ့ပါက နောင်အနာဂတ်နိုင်ငံတော်အတွက် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပြီး အတွေးအခေါ်၊ အသိအမြင်နှင့် စည်းကမ်းလိုက်နာမှုအပိုင်းတို့၌ ကွာဟမှုများဖြစ်ပေါ် လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ အနေဖြင့် ကလေးငယ်များ၏ ပညာရည်မြင့်မားရေး အတွက် ကောင်းမွန်သည့်လမ်းကြောင်းပေါ်မှ မြှင့်တင်ပေးနိုင်ရေး၊ လမ်းညွှန်ပေးနိုင်ရေး ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ပါတီများအနေဖြင့်လည်း နိုင်ငံ့အရေး ဆောင်ရွက်ရာတွင် စီးပွားရေးအရ၊ ပညာ ရေးအရ မြှင့်တင်မှုအခန်းကဏ္ဍ၌ ပါဝင်လာစေရေး တိုက်တွန်းပြောကြားရခြင်းဖြစ်ကြောင်း။
ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်
တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများသည် ယခုအချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက် ၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်တွင် သဘောထားကွဲလွဲမှုများရှိမည်ဖြစ်သော် လည်း လိုလားချက်များကို အကြမ်းဖက်သည့်လမ်းစဉ် ဖြင့် လက်နက်ကိုင်၍ တောင်းဆို၍မရဘဲ ဥပဒေ အရသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး နည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင် ၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝ လက်ခံမည်မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော် အနေဖြင့် သဘောတူညီထားပြီးဖြစ်ပြီး ပြင်ဆင်သင့် သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြားချက် များ ထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ ဆောင် ရွက်ပေးမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ် များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှု ပိုမိုရှိလာမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ ရသည်များရှိသော်လည်း မလုပ်သည့် အတွက် အချို့နေရာများတွင် အခက်အခဲများ ဖြစ်ပေါ် နေခြင်းဖြစ်ကြောင်း။
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးအတွက် တည်ငြိမ် အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ တည်စေခဲ့ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံတော် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ တွက်ချက် ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက် လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်လိုကြောင်း၊ သတ်မှတ် အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ် သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် အခြေ အနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်
ထို့ပြင် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့် အမိန့်ကိုလည်း ယနေ့တွင် စတင်ထုတ်ပြန်မည်ဖြစ် ကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော် ၏ ကာကွယ်ရေးအင်အားတွင် ပြန်လည်ထမ်းဆောင် ရန် တောင်းဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်း အားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ၏စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန် နေရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာလျှင် နိုင်ငံရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားများလည်း ကောင်းမွန် လာမည်ဖြစ်ကြောင်း။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက် ပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ပဉ္စမအချက်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာဖြစ်မြောက် စေရေး အုပ်ချုပ်သူအစိုးရတစ်ခုတည်းမရဘဲ နိုင်ငံ ရေးပါတီများ၊ တိုင်းသူပြည်သားများအားလုံး ပါဝင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံကို ကိုယ်စားပြုမည့်သူများ ကို နိုင်ငံရေးပါတီများမှသာ ရွေးချယ်ရမည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများနှင့် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ် ကြောင်း၊ ဒေသနှင့် နိုင်ငံ့အကျိုးအတွက် ဆွေးနွေးကြ ရန်နှင့် လိုအပ်သည်များကို အကြံပြုကြရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ထို့နောက် တက်ရောက်လာကြသော မှတ်ပုံတင် ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခု ချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံရေးပါတီ များအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ် လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လျက်ရှိမှု၊ ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့ သည့်အတွက် ပါတီရုံးများ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင် ရွက်လျက်ရှိမှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရန် လိုအပ်မှုနှင့် ထောက်ခံမှု၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ် များ၊ ပါတီများအနေဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြားကဏ္ဍအသီးသီးတွင် ပါဝင် အားဖြည့် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာများနှင့်ပတ်သက်သည့်ကိစ္စရပ်များနှင့် ပါတီ များ၏ တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေးပြီး လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေ ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို လည်း ကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသီတာဦးက ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေဆိုင်ရာကိစ္စ၊ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာကိစ္စများနှင့် ပါတီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ ကိုလည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှု ဆိုင်ရာများနှင့် ပတ်သက်သည့် ဥပဒေရေးရာကိစ္စရပ် များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးရာ တွင် နိုင်ငံရေးပါတီများအနေဖြင့် ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြသွားကြကြောင်း၊ နိုင်ငံရေးပါတီများ သည် ဥပဒေပြုရေးကဏ္ဍများအတွက် လွှတ်တော်များ တွင် ပါဝင်ဆောင်ရွက်ကြကြောင်း၊ ဥပဒေပြုရေး အတွက် ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ပါတီ ခေါင်းဆောင်များအနေဖြင့် ဥပဒေကို ပိုမိုနားလည် သိရှိရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆန္ဒမဲ ပေးရာတွင် ကြိုက်နှစ်သက်သည့်ပါတီကို မဲပေး၍ ရသော်လည်း ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း။
ပါတီတွင်းနှင့် ပါတီများစည်းလုံးညီညွတ်ရေး သည်လည်း အရေးကြီးကြောင်း၊ ယခုအတည်ပြုပြီး သော ပါတီများသည် တရားဝင်ခွင့်ပြုထားသည့် နိုင်ငံရေးဦးဆောင်ပါတီများဖြစ်ကြောင်း၊ ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံလိုက်နာရန် လိုအပ် ပြီး ထိခိုက်စေမည့်ကိစ္စရပ်များ မပြုလုပ်ရန်လို ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက်ကြရန်လိုကြောင်း။
ပညာရေးအားကောင်းအောင် ဆောင်ရွက်
တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ခြေထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း အားကိုဖော်ဆောင်ပေးရန်အတွက် နိုင်ငံ ရေးပါတီများသည်လည်း ပါဝင်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထင်မြင်ချက်များ များစွာပေးကြကြောင်း၊ ယင်းအတွက် ပြည်သူများ အသိပညာအားကောင်းစေရေး ပညာရေးအားကောင်း အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသိ ပညာအားကောင်းပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ မွေးထုတ်ပေးနိုင်ရေး အချိန်ပေး၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများသည် မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်နေ သည်များရှိကြောင်း၊ တိုင်းရင်းသားအားလုံး ပြည်သူ များအားလုံး ပြည်ထောင်စုစိတ်ဓာတ်ရှိရန်လို ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှိမှ ဒို့တာဝန် အရေးသုံးပါးကို အလေးထားမည်ဖြစ်ကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများနှင့် အသိဉာဏ်အား နည်းပါး မှုများကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကို ထိခိုက်စေ လျက်ရှိကြောင်း၊ ထို့ကြောင့် ညီညွတ်ခြင်းအင်အားဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ ပြည်ထောင်စုစိတ်ဓာတ်ကို ထိခိုက်စေမည့်လုပ်ရပ်များ မလုပ်ဆောင်မိစေရေး သတိထားဆောင်ရွက်ကြစေလိုကြောင်း။
ပါတီများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများ အတိုင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင် ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများအားလုံး ဆောင်ရွက် ရာတွင် ဥပဒေနှင့် သတ်မှတ်ချက်များအတိုင်း ဆောင် ရွက်သွားကြရန်လိုကြောင်း၊ ကောင်းသည့်စိတ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကောင်းသည့်ရလဒ်များ ရရှိ မည်ဖြစ်ပြီး မကောင်းသည့်စိတ်ဖြင့် လုပ်ဆောင်မည် ဆိုပါက မကောင်းသည့်ရလဒ်များ ရရှိမည်ဖြစ် ကြောင်း၊ ဥပဒေပြုမဏ္ဍိုင်တွင် ဆောင်ရွက်ရမည့် ပါတီများအနေဖြင့် အလေးထားဆောင်ရွက်ကြစေ လိုကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေသည့်ကာလဖြစ်ပြီး လွတ်လပ် ၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းဖြင့် ပြောကြားပြီး တွေ့ဆုံပွဲကို ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်