
နေပြည်တော် ဇန်နဝါရီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင် အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွား ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံ့တာဝန်များကို မဖြစ် မနေထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မဲစာရင်း မှားယွင်းမှုများကို ဖြေရှင်းပေးရန်အတွက် အကြိမ် ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းပေးခဲ့မှုမရှိ ကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်း မှားယွင်း မှုများမှာ မည်သို့မျှလက်ခံ၍မရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေ အနေ ကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်
အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့
မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ် ၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပ ပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးပင် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ အကြမ်းဖက်မှုနည်းလမ်း များဖြင့် ဖြေရှင်းရန်ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ် လာခဲ့ကြောင်း၊ အဆိုပါအချိန်တွင် မိမိတို့နိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏ စီးပွားရေးမှာလည်း ကျဆင်းလျက်ရှိသည့်အချိန်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို မိမိကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်ခဲ့ကြောင်း၊ အလား တူ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
တစ်ဖက်တွင်လည်း ပွဲလန့်တုန်းဖျာခင်းဆိုသကဲ့ သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော် လုပ်ဆောင်လာခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချို့နေရာများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိ ဆဲပင်ဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်စေရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူလူထု၏ အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။
မိမိတို့ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ အနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” ဟူ၍ ချမှတ်ထားကြောင်း၊ ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့ သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက် ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တည်ငြိမ်အေးချမ်းမှုရှိမည်ဆိုပါက
ဖွံ့ဖြိုးတိုးတက်လာ မည်
လက်ရှိတက်ရောက်လာကြသည့် ပါတီအားလုံး သည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သည့်သူများ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်များအားလုံး အနေဖြင့် ပါတီ၏အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော် အတွက် အကျိုးရှိရှိမှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင် ရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးအတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိသည်မှာ ၇၆ နှစ်ရှိပြီဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ လွတ်လပ်ရေးရရှိသည့် နိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုရှိသည့် နိုင်ငံများရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့် နိုင်ငံများလည်းရှိ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှု ရှိမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် နိုင်ငံ အတွင်းရှိ ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာ ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ပေါ်လာသည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း၊ သဘောထား ကွဲလွဲမှုများ၊ အားနည်းချက်များကို နိုင်ငံရေးပါတီများ အနေဖြင့် သိရှိနားလည်ထားရန်လိုပြီး ပါတီ၏မူဝါဒ များ၊ ပန်းတိုင်များကို စနစ်တကျဖြင့် တိကျခိုင်မာ အောင် ချမှတ်ဆောင်ရွက်ထားရန်လိုကြောင်း။
ပါတီများအနေဖြင့်တစ်ဖက်တစ်လမ်းမှ
ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလို
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံရေးမျှော်မှန်းချက်၊ အမျိုးသားရေးရည်မှန်းချက် များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ် ၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဖွံ့ဖြိုး တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပါတီများအနေဖြင့် တစ်ဖက် တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလို ကြောင်း၊ ကျောင်းနေအရွယ်များအားလုံး ပညာသင် နိုင်ရေး၊ အလုပ်လုပ်နိုင်သူများအားလုံး အလုပ်လုပ်နိုင် ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာသင်ကြား နိုင်သည့်အရွယ်တွင် ပညာသင်ကြားနိုင်မည်ဆိုပါက အသိပညာ၊ အတတ်ပညာများ တိုးတက်လာမည်ဖြစ် ကြောင်း၊ ပါတီဝင်များအနေဖြင့် နိုင်ငံအတွင်း ပညာ သင်ကြားရမည့်အရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်လိုကြောင်း။
သန်းခေါင်စာရင်းကောက်ယူခြင်းသည်မဖြစ်မနေ
ဆောင်ရွက်သင့်သည့်နိုင်ငံတကာစံနှုန်းတစ်ခုဖြစ်
လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီ များအားလုံးအနေဖြင့် မိမိတို့ဒေသအလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်အောင် ပါတီ အလိုက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည် ပါကြောင်း၊ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှကောက်ယူသည့် လူဦးရေသန်းခေါင် စာရင်းသည် အခြေခံစာရင်းရှိသဖြင့် ပိုမိုတိကျမှန်ကန်နိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခြင်းသည် မဖြစ်မနေ ဆောင်ရွက်သင့်သည့် နိုင်ငံတကာစံနှုန်းတစ်ခုဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျှင် မဲစာရင်းများ ကို မှန်ကန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပါတီများအနေဖြင့်လည်း ဝိုင်းဝန်းပါဝင် ဆောင်ရွက် ကြရန်လိုကြောင်း။
ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် နိုင်သူ အကုန်ယူစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့်ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်းကြောင်း မှ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ရွေးကောက်ပွဲအောင်မြင် အထမြောက်စေရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ စဉ် လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ဆောလျင်စွာ ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ရသည် ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ ရေးပါတီများအနေဖြင့် တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန် လိုကြောင်း၊ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီ များမှ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်ကောင်းရာ ကောင်းကျိုးအတွက် လိုအပ်သည်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုကြရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။
တက်ရောက်လာကြသူများ ဆွေးနွေးတင်ပြ
ထို့နောက် တက်ရောက်လာကြသော မှတ်ပုံတင် ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခု ချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် MSME စီးပွားရေးလုပ်ငန်း များ တိုးတက်အောင်မြင်စေရေးပါတီများမှ ပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပြည်သူ့လုံခြုံ ရေးစနစ်တွင် ပါတီများမှ ပါဝင်အားဖြည့်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ တိုင်းရင်းသားပြည်သူလူထု အားလုံး တိုင်းချစ်ပြည်ချစ်စိတ်များ တိုးတက် ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန်လိုအပ်မှု၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ချမှတ်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်များ အနက် အချို့သောအချက်များကို ဖြေလျှော့ပေးစေလို မှု၊ ဒီမိုကရေစီစနစ်ထွန်းကားပြန့်ပွားရေး၊ ပြည်သူ့ လုံခြုံရေးစနစ် ခိုင်မာစွာ ဖြစ်ပေါ်လာရေးတို့အတွက် နိုင်ငံရေးပါတီများကို အခွင့်အလမ်းများ ဖော်ဆောင် ခွင့်ပြုပေးစေလိုမှု၊ ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပါတီရုံးများဖွင့်လှစ် ရာတွင် အခက်အခဲများရှိသည့်အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊ သန်းခေါင်စာရင်းများ မှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက် သင့်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ဆန္ဒမဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်းမဲပေးခွင့်ရရှိရေး၊ အခွင့်အရေးဆုံးရှုံးမှု မရှိစေရေး နိုင်ငံတော်မှလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှုများကို ဆွေးနွေးပြောကြား ကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပါတီများကို မှတ်ပုံတင်ခွင့်ပြု ပေးခဲ့မှုအခြေအနေများ၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် အချို့ပါတီ များကို ဖျက်သိမ်းခဲ့မှုအခြေအနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ်ထား သည့် ဥပဒေသတ်မှတ်ချက်များအတိုင်း ဆောင်ရွက် လျက်ရှိသဖြင့် နိုင်ငံရေးပါတီများအနေဖြင့်လည်း ဥပဒေသတ်မှတ်ချက်များပြည့်မီစေရေး ဆောင်ရွက် ရန် လိုအပ်မှုများကိုလည်းကောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေးပါတီ များအပေါ် သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ် ချက်များအား ဖြေလျှော့ပေးစေလိုမှု တင်ပြချက်များ အပေါ် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်များကိုလည်း ကောင်း၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင် ဦးစစ်အေး က ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြ သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ရာတွင် နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ အနည်းငယ် ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက် ဆက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ခဲ့မှုမရှိခဲ့ကြောင်း၊ အစိုးရအနေဖြင့် အလုပ် လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် အောင်မြင်မှုရှိ အောင် တွန်းအားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများရရှိခဲ့မှုမရှိသည့်အပြင် စီးပွားရေးအရ ပိတ်ဆို့အရေး ယူမှုများစွာကို ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပို့ကုန်မှရရှိသည့်ငွေကြေးများဖြင့် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီလိုအပ်ချက်အတွက် နိုင်ငံ ခြားငွေအများအပြားသုံးစွဲနေရကြောင်း၊ ပြည်တွင်း စက်ရုံ၊ အလုပ်ရုံများအတွက် စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ပြည်တွင်းရေနံချက်စက်ရုံများ စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း။
ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည် ငွေများကို ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ တင်ပြချက် များတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့် ပေးနိုင်ရေးအတွက် မိမိတို့နိုင်ငံ၏ ရငွေဘတ်ဂျက် အပေါ်တွင် မူတည်၍ မိမိတို့အနေဖြင့် ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအတွက် ဝတ်စုံစရိတ်၊ ထောက်ပံ့ကြေးနှင့် ချီးမြှင့်ငွေများကို ဆောင်ရွက်ပေး ထားကြောင်း။
ရွေးကောက်ပွဲအောင်မြင်စေရေး
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည် ဖြစ်သော်လည်း အချို့သောတောင်းဆိုမှုများကို ရေရှည်အတွက်စဉ်းစား၍ ချင့်ချိန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ပါတီ တစ်ခုချင်းအလိုက် တင်ပြချက်များကို မိမိအနေဖြင့် အလေးထားမှတ်သားထားရှိပြီး လုပ်ဆောင်ပေးနိုင် သည်များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများအားလုံးအနေဖြင့် နိုင်ငံ့ကောင်းကျိုး၊ လူထု အကျိုးအတွက် တတ်နိုင်သရွေ့ ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေ ဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပါတီများမှ ဥက္ကဋ္ဌ များ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်