နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

 

မြန်မာ့မီးရထားသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် မီးရထားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုသည် အရေးပါ

 

 နေပြည်တော်  ဒီဇင်ဘာ  ၂၁


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်     ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး  အင်းစိန်မြို့ နယ်ရှိ မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ (အင်းစိန်)မှဝန်ထမ်းများအား သွားရောက် တွေ့ဆုံ အမှာစကားပြောကြားသည်။

 


အဆိုပါ  တွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ   ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်း ဦး၊    ပြည်ထောင်စုဝန်ကြီးများ၊   ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ    အရာရှိကြီးများနှင့် စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ တက်ရောက်ကြသည်။

 


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော် တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင် နေရသည့်အချိန်တွင်   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်    စီးပွားရေးကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းများ ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်    လုပ်ငန်းများလည်ပတ်နိုင် ရေး  လိုက်လံကြည့်ရှုစစ်ဆေးပြီး တွေ့ဆုံ ဆွေးနွေးမှုများနှင့်   အကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။ 

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလိုအပ်ချက်သည် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်


နိုင်ငံတစ်ခု      ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွား ရေး     မောင်းနှင်အားနှင့်   ကာကွယ်ရေး စွမ်းပကားများ   ကောင်းမွန်ရန်လိုအပ် ကြောင်း၊ နိုင်ငံရေး  မောင်းနှင်အားတွင် မည်သည့်နိုင်ငံရေးစနစ်ကိုကျင့်သုံးသည် ဖြစ်စေ    နိုင်ငံအတွင်းရှိ   နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုများ    ရှိမည်ဆိုပါက နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ စီးပွား ရေး မောင်းနှင်အား ကောင်းမွန်မှသာလျှင် လည်း     ချမ်းသာကြွယ်ဝမှုရှိမည်ဖြစ် ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွား ရေးမောင်းနှင်အား     ကောင်းမွန်သည့် နိုင်ငံများသည်  ဩဇာရှိသည်ကို  တွေ့ရ မည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းပကား ထက်မြက်သည့်   နိုင်ငံများသည်လည်း ကမ္ဘာတွင် ဩဇာရှိသည့်နိုင်ငံများ ဖြစ်ကြ ကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့ ၏ အချုပ်အခြာအာဏာကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ရှိကြောင်း။

 


မိမိတို့နိုင်ငံသည် စီးပွားရေးတိုးတက် ကောင်းမွန်အောင်    ဆောင်ရွက်နိုင်မည့် ကောင်းမွန်သည့် ရေမြေသဘာဝများရှိပြီး ဖြစ်ကြောင်း၊ သို့သော်လည်း  လွတ်လပ် ရေး ရရှိပြီးချိန်မှစ၍ ခေတ်အဆက်ဆက် တွင် နိုင်ငံရေးစနစ်အမျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေး         ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှုမရှိခဲ့ကြောင်း၊   ခေတ် အဆက်ဆက်တွင် စီးပွားရေးအရ ပိတ်ဆို့ ခံရမှုများကြောင့် ကုန်သွယ်မှု လိုငွေများ ဖြစ်ပေါ်ခဲ့ခြင်း၊    ကုန်သွယ်မှုကျဆင်းခြင်း တို့ကြောင့်    စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေး မတည်ငြိမ်မှုများ၊    ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော် က နိုင်ငံတော်၏တာဝန်များကို တာဝန် ယူဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုတစ်ရပ် လုံး လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ကို လျှောက်လှမ်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြည်လုံးကျွတ် ဆန္ဒ    ခံယူ၍     အတည်ပြုပြဋ္ဌာန်းပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး   ဆောင်ရွက်ပေးခဲ့ ကြောင်း။

 


ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် တိုင်းရင်းသားများအားလုံးကို တူညီ သည့် အခွင့်အရေးများ ပေးထားပြီးဖြစ်ပြီး ဖက်ဒရယ်အခွင့်အရေးများကို ပေးထား ခြင်းပင်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်း ရေးရရှိရန်အတွက်     တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်၍  ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်များမှ    အခြေခံဥပဒေအရ ဆောင်ရွက်နိုင်သည့်      ကိစ္စရပ်များကိုတပ်မတော်အနေဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အချို့သောကိစ္စရပ်များ ကို    လွှတ်တော်တွင်    မဲခွဲဆုံးဖြတ်၍ အတည်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံချိန် များတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြင်ဆင်လိုသည့် ကိစ္စရပ်များအနက် ဖြစ်နိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင် ရေး တပ်မတော်မှ   သဘောတူညီသည် ကို  ဆွေးနွေးပြောကြားပြီးဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက လိုအပ်ချက်သည် နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းရန်နှင့်  စီးပွားရေးအရ  ဖွံ့ဖြိုး တိုးတက်ရန်ဖြစ်သည့်အတွက် ယခုကဲ့သို့ နိုင်ငံ၏    ဖြတ်သန်းခဲ့ရသည့်   နိုင်ငံရေး သမိုင်းကြောင်းကို ရှင်းလင်းပြောကြား ရခြင်းဖြစ်ကြောင်း။

 


နိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတွင် ရထားပို့ဆောင်ရေးသည်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေ


ကမ္ဘာပေါ်ရှိ   နိုင်ငံတိုင်းသည်   နိုင်ငံ အလိုက်  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် အမြဲမပြတ် ကြိုးပမ်းဆောင်ရွက် နေကြကြောင်း၊     မိမိတို့နိုင်ငံအနေဖြင့် လည်း ရပ်နေ၍မရဘဲ ကြိုးစားအားထုတ် နေမှသာလျှင်  ဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း၊  နိုင်ငံ့စီးပွားရေးကောင်းမွန်မှ သာလျှင်  တိုင်းသူပြည်သားများ  ဝင်ငွေ ကောင်းမွန်မည်ဖြစ်ပြီး    နိုင်ငံသည် လည်း       ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊   စီးပွားရေးမောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးမောင်းနှင်အား နှင့် ကာကွယ်ရေးမောင်းနှင်အားတို့သည် လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။

 


စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် ကြွယ်ဝရန်၊   ရင်းနှီးမြှုပ်နှံငွေများရှိရန်၊ မြေပေါ်မြေအောက်သယံဇာတများရှိရန်၊ လျှပ်စစ်ဓာတ်အားရရှိရန်နှင့်   သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်မှုရှိရန်တို့    လိုအပ်ကြောင်း၊ နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ပါက ကုန်စည်စီးဆင်းမှုများ သည်လည်း    မြန်ဆန်လျင်မြန်လာမည် ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ     ဖြစ်စေနိုင်မည်ဖြစ် ကြောင်း၊  သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်းလမ်း၊   ရေလမ်းနှင့်   လေကြောင်း ပို့ဆောင်ရေးတို့ရှိပြီး ရထားဖြင့် ပို့ဆောင် ခြင်းသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများကို  ပို့ဆောင်နိုင်သဖြင့် အကျိုးအရှိဆုံး     ပို့ဆောင်ရေးစနစ်ဖြစ် ကြောင်း၊ ထို့ကြောင့်  နိုင်ငံ၏  စီးပွားရေး မောင်းနှင်အားတွင်   ရထားပို့ဆောင်ရေး သည်  အရေးကြီးသည့်  အခန်းကဏ္ဍမှ ပါဝင်နေသည်ကို     တွေ့ရှိရမည်ဖြစ် ကြောင်း၊    ရထားပို့ဆောင်ရေးစနစ်ကို ယခုထက်  ပိုမိုလျင်မြန်စွာ  သွားလာနိုင် သည့်အဆင့်ထိရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရထားလမ်း များ  အဆင့်မြှင့်တင်ခြင်းနှင့်   ပြုပြင် ထိန်းသိမ်းခြင်းများကို   စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လည်း    လိုကြောင်း၊ အလားတူ ရထားတွဲများ၊ စက်ခေါင်းတွဲ များ၊ လူစီးတွဲ၊ ကုန်တင်တွဲများကိုလည်း အမြဲကောင်းမွန်စေရေး      ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း။

 


မြန်မာ့မီးရထားသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အဓိကကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့်   မီးရထား ဝန်ထမ်းများ၏   တာဝန်ထမ်းဆောင်မှု သည် အရေးပါသည်ကိုလည်း သတိပြုစေ လိုကြောင်း၊    ကုန်စည်စီးဆင်းမှုများ လျင်မြန်စေရေး၊  ပြည်သူများ  ဈေးနှုန်း သက်သာစွာဖြင့် သွားလာနိုင်ရေးအတွက် ရထားလမ်းကွန်ရက်များအားလုံး ရထား ပြေးဆွဲနိုင်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စက်ခေါင်းစက်ရုံ(အင်းစိန်) ၏ တာဝန်အနေဖြင့် ရထားတစ်စင်းလုံး၏ အဓိကဖြစ်သည့်    စက်ခေါင်းတွဲများကို ထုတ်လုပ်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်း ခြင်းများကို  ဆောင်ရွက်ခြင်းပင်ဖြစ် ကြောင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းများကို အဓိကထား ထုတ်လုပ်တပ်ဆင်သည်ကို တွေ့ရှိရပြီး    စက်ခေါင်းတွဲများ   ကြံ့ခိုင် ကောင်းမွန်မှသာ  မြန်မာ့မီးရထားကဏ္ဍ သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံ အသီးသီး၌   စက်သုံးဆီဈေးနှုန်းမြင့်တက် မှုများကို    ကြုံတွေ့နေကြရကြောင်း၊ စက်သုံးဆီ       တင်သွင်းနေရမှုများကို လျှော့ချနိုင်ရေးအတွက် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးယာဉ်များကို    ပြောင်းလဲ အသုံးပြုနိုင်ရေး  
ဆောင်ရွက်နိုင်ရန်  လိုကြောင်း၊  မိမိတို့ နိုင်ငံ၌   လျှပ်စစ်ရထားပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ    များစွာရှိပြီးဖြစ် ကြောင်း၊  သို့သော်လည်း   နိုင်ငံတွင်း၌ ရှိသည့် သယံဇာတရင်းမြစ်များမှ လျှပ်စစ် ဓာတ်အားထုတ်ယူနိုင်မည့် အခြေအနေ များသည်    အကြောင်းအမျိုးမျိုးကြောင့်    အောင်မြင်မှုမရှိခဲ့ကြောင်း၊   နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်  နိုင်ငံ၏   ရှိရင်းစွဲ သယံဇာတအရင်းအမြစ်များကို   အကျိုး ရှိရှိ အသုံးချနိုင်ရမည်ဖြစ်သဖြင့် နိုင်ငံရေး အရ  အားပြိုင်မှုများ၊  သွေးထိုးလှုံ့ဆော်မှု များကြောင့်    နိုင်ငံ့အတွက်   အကျိုးရှိ မည့်     စီမံကိန်းများ   ဆောင်ရွက်နေမှု ကို     ကန့်ကွက်နေမှုများကို     စဉ်းစား ဆောင်ရွက်ကြစေလိုကြောင်း။

 


အမှားအမှန်    ခွဲခြားနိုင်ရေးအတွက် မိမိတို့နိုင်ငံ၌  ပညာတတ်လူသားအရင်း အမြစ်များ   များစွာ    ပေါ်ထွက်လာရန် လိုကြောင်း၊ လက်ရှိအချိန်၌    လျှပ်စစ် ဓာတ်အား လုံလောက်စွာ ထုတ်လုပ်သုံးစွဲ နိုင်ရေး     ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား သုံး ရထားစက်ခေါင်းတွဲများ အသုံးပြု နိုင်ရေး      ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန်လိုကြောင်း၊   ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေများ       ရရှိရေး      စီးပွားရေး ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေး    ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီ သည့် အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း။
စက်ခေါင်းစက်ရုံ  (အင်းစိန်) သည် လွန်ခဲ့သည့်  နှစ်ပေါင်း ၁၀၀ ကျော်ခန့် ကတည်းက   တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း၊ မီးရထားစက်ခေါင်းစက်ရုံအနေ ဖြင့်   ရှေးကတည်းကပင်   မီးရထား စက်ခေါင်းများ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်  ရထားများကို   စတင် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့်    အတွေ့အကြုံ များစွာရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အတွေ့ အကြုံများကို  အသုံးချ၍  နိုင်ငံအတွင်း မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင် ရန်လိုကြောင်း၊ ထိုမှတစ်ဆင့်   လျှပ်စစ် ဓာတ်အား   အသုံးပြုသည့်   မီးရထား စက်ခေါင်းများကို    ထုတ်လုပ်နိုင်ရန် လိုကြောင်း၊  မိမိတို့၏   ရှိပြီးဖြစ်သည့် အစွမ်းအစများကို  အသုံးပြု၍  မီးရထား စက်ခေါင်းနည်းပညာများကို  ယခုထက် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊    အသိပညာများနှင့် အတတ်ပညာများ     တိုးတက်စေရေး အတွက် အမြဲမပြတ် ရှာဖွေလေ့လာဖတ်ရှု ခြင်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းခွင်အတွင်း     အတွေ့အကြုံများ ဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်ကြ ရန်လိုကြောင်း။

 


အလားတူ ကျန်းမာရေးကောင်းမွန်ရေးအတွက်လည်း ဂရုတစိုက်ဖြင့် နေထိုင် ကြရန်လိုကြောင်း၊ ကျန်းမာမှသာ အလုပ် လုပ်နိုင်မည်၊  ကျန်းမာမှသာ    ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာ ရေးကို     ထိခိုက်စေနိုင်သည့်     အရက်၊ ဆေးလိပ်၊ ကွမ်းများ သောက်သုံးခြင်းကို တတ်နိုင်သမျှ    ရှောင်ကြဉ်ကြစေလိုပြီး အကျိုးမရှိစေမည့် အသောက်အစားများ ကြောင့်  ကုန်ကျမည့်   ငွေကြေးများကို အကျိုးရှိရှိ     အသုံးချရန်     လိုကြောင်း၊ အလားတူ ရာသီဥတုနှင့် ကိုက်ညီသည့် နေထိုင်စားသောက်မှုများလည်း    ရှိရန် လိုကြောင်း၊    တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ မိမိတို့ ထမ်းဆောင်ရသည့် တာဝန်များကို ကျေပွန်အောင်ဆောင်ရွက် ပြီး    မိမိတို့ဘဝ   တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဖြင့်    ပြောကြားပြီး   မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ ၏ လိုအပ်ချက်များကို မေးမြန်းသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများပေးအပ်ရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး     သူရ ဦးအောင်မျိုးမြင့်က   လက်ခံရယူသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်  အဖွဲ့ဝင်များသည်  တက်ရောက် လာကြသည့် မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မီးရထားစက်ခေါင်း စက်ရုံအတွင်း   မီးရထားစက်ခေါင်းများ ထုတ်လုပ် တပ်ဆင်နေမှု၊ ပြုပြင်ထိန်းသိမ်း နေမှု၊ မီးရထားစက်ခေါင်း အရန်ပစ္စည်း များ ထုတ်လုပ်ထားရှိမှု   အခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်း  တင်ပြကြ သည်။

 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်     အဖွဲ့ဝင်များသည်   ရေနွေးငွေ့ စက်ခေါင်းအား     ကျောက်မီးသွေးသုံး စက်ခေါင်းအဖြစ်    ပြုပြင်ထားရှိသည့်   မီးရထားစက်ခေါင်းစမ်းသပ်မောင်းနှင်နေမှုကို  ကြည့်ရှုသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  အဖွဲ့ဝင်များသည်  မြန်မာ့မီးရထား စက်ခေါင်း စက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ နှင့်အတူ   နေ့လယ်စာကို    အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်