
ပူတာအိုဒေသကို ခရီးသွားဒေသအဖြစ် ဆောင်ရွက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်
နေပြည်တော် ဒီဇင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား ပူတာအိုလေဆိပ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။
ဒေသ၏ ထူးခြားသည့် ဝိသေသများကို အသုံးချ၍
ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ပူတာအိုဒေသသည် ဝေးလံခေါင်းပါးသည့် ဒေသ တစ်ခုဖြစ်ကြောင်း၊ သွားလာမှုများ အဆင်ပြေချောမွေ့ စေရေးအတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပူတာအိုဒေသသည် ထူးခြားသည့် ဝိသေသရှိသည့် ဒေသတစ်ခုဖြစ်ပြီး အေးမြသည့် ရာသီဥတုရှိကာ သဘာဝအလှတရားများဖြင့် ပြည့်စုံနေသည့် ဒေသ တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပူတာအိုဒေသကို ခရီးသွားဒေသအဖြစ် ဆောင်ရွက်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးကိုဆောင်ရွက်နိုင်ကြောင်း၊ ဒေသ၏ ထူးခြားမှုအဖြစ် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်လုံးများကို စီ၍ကာရံထားသည့် ကျောက်စီ ခြံစည်းရိုးများလည်းရှိကြောင်း၊ အဆိုပါ ကျောက်လုံး စီ ခြံစည်းရိုးများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ စနစ်တကျ လှပသပ်ရပ်စွာဖြင့် ထူးခြားသည့် မြင်ကွင်းတစ်ခု အဖြစ် ဆောင်ရွက်ပြီး ဒေသ၏ Land Mark တစ်ခု အဖြစ် ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဆွဲဆောင် နိုင်ကြောင်း၊ အလားတူ ဒေသ၏ လူမှုပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်လှပစေရေး ဆောင်ရွက်ရန် လိုအပ် သကဲ့သို့ မျက်စိပသာဒဖြစ်စေရေးအတွက်လည်း ပန်းအလှပင်များကို စနစ်တကျ စိုက်ပျိုးရန်လို ကြောင်း။
စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို
အားပေးမြှင့်တင်
ဒေသတွင်း ဆန်ဖူလုံမှုရှိရန်လည်း တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ Eating Quality ကောင်းမွန်သည့် အထွက်တိုးစပါးများကိုလည်း စိုက်ပျိုးရန်လိုကြောင်း၊ ယင်းအပြင် စားရေးအတွက် အထောက်အကူပြု စေမည့် ဒေသနှင့်ကိုက်ညီသော ဟင်းသီးဟင်းရွက် များ၊ အသီးအနှံများကိုလည်း ဖူလုံအောင် စိုက်ပျိုးကြ ရန်လိုကြောင်း၊ ဒေသအတွင်း စားရေးကိုအထောက် အကူပြုစေမည့် မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဖြင့် မွေးမြူဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက်လိုအပ်သည့် တိရစ္ဆာန် အစာများကိုလည်း ဒေသတွင်းစိုက်ပျိုးထုတ်လုပ်နိုင် သကဲ့သို့ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကိုလည်း ဇီဝမြေဩဇာအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြု၍ရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး အခြားဒေသများ နှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။
ဂရိတ်ဖရုကဲ့သို့ ပူတာအိုဒေသတွင်သာ ကောင်းမွန် စွာထွက်ရှိသည့် အသီးများလည်းရှိပြီး အဆိုပါအသီး များ အရည်အသွေးကောင်းမွန်စွာဖြင့် အရေအတွက် များများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများဖြင့် စနစ်တကျသုတေသနပြု စိုက်ပျိုး ရန်လိုကြောင်း၊ အလားတူ လက်ဖက်နှင့် ကော်ဖီများ ကိုလည်း စိုက်ပျိုးနိုင်သည့်ဒေသဖြစ်ခြင်းကြောင့် စိုက်ပျိုးမှုလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်၍ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ပူတာအိုဒေသသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
ပညာရည်မြင့်မားခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူဖြစ်စေမည်
ပညာရည်မြင့်မားခြင်းသည် ဒေသများနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ချရသည့် အာမခံ ချက်ပင်ဖြစ်ကြောင်း၊ ပူတာအိုဒေသမှ ပညာတတ်များ ပေါ်ထွန်းခဲ့သည့် အစဉ်အလာကောင်းများ ရှိပြီးဖြစ်၍ ထိုအစဉ်အလာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လိုကြောင်း၊ ထို့ကြောင့် ပူတာအိုဒေသတွင်းရှိ ကျောင်းနေအရွယ်ကလေးငယ်များ ပညာရည်မြင့်မား တိုးတက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပညာရေးဝန်ထမ်းများမှပေးသည့် ပညာရေးသည် မိမိတို့ ကလေးငယ်များ၏ အနာဂတ် ဘဝအထောက်အပံ့ကို များစွာဖြစ်စေနိုင်သော ကြောင့် ပညာရေးဝန်ထမ်းများကိုလည်း အားပေး စောင့်ရှောက်ရန်လိုအပ်ကြောင်း၊ မိမိတို့၏ ကလေး ငယ်များ၏ အနာဂတ်ဘဝ ခရီးတစ်လျှောက်လုံး ပူပင်ကြောင့်ကြကင်းစွာဖြင့် နေထိုင်နိုင်ရေးနှင့် ဘဝ တိုးတက်ရေးအတွက် ပညာရေးကို အင်ပြည့် အားပြည့်ဖြင့် အားပေးပြီး လမ်းမှန်ကိုရောက်အောင် အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ တစ်ဦးချင်း ပညာရည်မြင့်မားမှုမှ ဒေသတွင်းပညာ ရည်မြင့်မားမှုကို ဖြစ်ပေါ်စေပြီး ဒေသဖွံ့ဖြိုးတိုးတက် မှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာ ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်