
တစ်နိုင်ငံလုံး ကော်ဖီစိုက်ဧက ၄၉၀၀၀ ခန့်ရှိပြီး စိုက်ဧကတိုးချဲ့ခြင်းထက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်
နေပြည်တော် ဒီဇင်ဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကော်ဖီ စိုက်ပျိုးမှုဆိုင်ရာများကို ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုးနှင့် ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ပြင်ဦးလွင်ဒေသ၌ စိုက်ပျိုးမြေအသုံးချထားရှိမှု၊ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိမှုနှင့် အထွေထွေလိုအပ်ချက်များတင်ပြဆွေးနွေး
ဦးစွာ စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင်ထွန်းက မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချ လျက်ရှိမှု၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှု၊ စိုက်ပျိုးမြေ အသုံးချထားရှိမှုနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိမှု၊ ကော်ဖီစိုက်ပျိုးရန် ခွင့်ပြုထားသည့် စိုက်ပျိုးမြေများပေါ်တွင် ကော်ဖီများ စနစ်တကျ စိုက်ပျိုးရေး စည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကော်ဖီ လုပ်ငန်းရှင်များက ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီ များ ပြည်တွင်းနှင့် ပြည်ပဈေးကွက်သို့ ဖြန့်ဖြူး ရောင်းချလျက်ရှိမှု၊ ကော်ဖီထုတ်လုပ်မှုလုပ်ငန်း အတွက် ဆောင်ရွက်ပေးရန်လိုအပ်မှု၊ ကော်ဖီစိုက်ပျိုး မြေများတွင်စိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနှင့် ပတ်သက် ၍ သတ်မှတ်အဆောက်အဦများ ဆောက်လုပ်မှုအပေါ် စနစ်တကျဖြင့် ပြန်လည်စိစစ်ပေးရန်လိုအပ်မှု၊ ကော်ဖီထွက်ကုန်များအပေါ် သင့်လျော်သည့် အခွန် သက်သာခွင့်ရရှိရန်လိုအပ်မှု၊ လုပ်ငန်းသုံး မော်တော် ယာဉ်များကိစ္စ၊ ကော်ဖီများစိုက်ပျိုးလျက်ရှိမှုနှင့် မတည်ချေးငွေများပံ့ပိုးပေးရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြန်လည် ဖြည့်စွက်ဆွေးနွေးပြောကြား
ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကော်ဖီစီမံကိန်းကို တပ်မတော်အစိုးရလက်ထက် ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအောင်မြင်စေရန်အတွက် မိမိတာဝန်ယူ ဆောင်ရွက်ချိန်တွင် ပြန်လည်စိစစ်ဆောင်ရွက်ခဲ့ ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ကော်ဖီစီမံကိန်းမြေများတွင် ကော်ဖီ စိုက်ဧကများအလိုက် ပြည့်ဝစွာစိုက်ပျိုးရန်နှင့် စည်းကမ်းတကျရှိစေရေး စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ စနစ်တကျကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း။
ပြင်ဦးလွင်ဒေသ ကော်ဖီစိုက်ပျိုးရေးသည် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက် အကူပြုသည့် လုပ်ငန်းဖြစ်သဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်ဖီ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ECO Tourism ဖြစ်မြောက်စေရေးနှင့် အခွန်ကိစ္စများကို စိစစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ GAP လက်မှတ် များကို စည်းကမ်းနှင့်အညီ စနစ်တကျထုတ်ပေး လျက်ရှိကြောင်းနှင့် အလေ့အကျင့်ကောင်းများ ရရှိလာသည်နှင့်အညီ ဖြေလျှော့မှုများ ပြုလုပ်ပေး မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦလှမိုး၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့က ပြင်ဦးလွင် မြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍ လုပ်ငန်းရှင်များတင်ပြသည့် လိုအပ်ချက်များကို အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ကော်ဖီစိုက်ပျိုးရန် ရယူထားသည့် မြေဧရိယာများအား အမှန်တကယ် စိုက်ပျိုးမှုရှိရန်နှင့် အခြားနည်းဖြင့် အသုံးချမှုမရှိရန် လိုအပ်သည့် အခြေအနေများ၊ အမှန်တကယ် စိုက်ပျိုးမှုမရှိသည့် စာချုပ်ပါ စည်းကမ်းများအား လိုက်နာခြင်းမရှိသည့် လုပ်ငန်းရှင်များပိုင်ဆိုင်သည့် ကော်ဖီစိုက်မြေဧရိယာ များအား သတိပေးချက်များ အကြိမ်ကြိမ်ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ ကော်ဖီ စိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာနှင့် သွင်းအားစုများ၊ အရင်းအနှီးများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရယူရန် လိုအပ် သည့် အခြေအနေများကို တင်ပြကြသည်။
ပြည်တွင်းမှရရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံအဝန်း လိုက်လံကြည့်ရှု အားပေးဆောင်ရွက် လျက်ရှိရာ ၁၀ ကြိမ်ခန့် ရှိပြီဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များကို မကြာခဏတွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေး ခြင်း၊ ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး နှင့် လူသားအရင်းအမြစ်ကောင်း စသည့်အချက် ၄ ချက်ဖြင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုဟူ၍ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် ကုန်ကြမ်းအခက်အခဲရှိမှု၊ လူသား အရင်းအမြစ်ကောင်းများ လိုအပ်မှုတို့ကို တင်ပြကြ ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ် သည့် ကုန်ကြမ်းကို ပြည်တွင်းမှ ကုန်ကြမ်းအစား ပြည်ပမှ မှာယူသုံးစွဲနေပါက အခက်အခဲများ ဖြစ်ပေါ် စေနိုင်မည်ဖြစ်ပြီး စဉ်ဆက်မပြတ်သည့် ထုတ်လုပ်မှု ဖြစ်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှရရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက် ရန်လိုကြောင်း။
မျိုး၊ မြေ၊ ရေ၊ နည်း
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကောင်းမွန်ရေး၊ ရေလုံလောက်စွာရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရန် အဓိကလိုအပ်ကြောင်း၊ ကော်ဖီနှင့် ပတ်သက်၍ စိုက်ပျိုးရေးအပိုင်း၊ ထုတ်လုပ်ရေးအပိုင်း၊ ရောင်းဝယ်ရေးအပိုင်းဟူ၍ ရှိမည်ဖြစ်ပြီး စတင် စိုက်ပျိုးမှုမစတင်မီကပင် ရေရှည်ကိုကြည့်၍ ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ဧကအတွင်း ဝင်ဆံ့ နိုင်မည့် အပင်အရေအတွက် ပြည့်မီမှန်ကန်မှုရှိစေရေး၊ ကုန်ထုတ်လမ်းများ ပါဝင်ရေးတို့ကအစ စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးမှသာလျှင် အထွက်နှုန်းနှင့် အရည်အသွေးလည်း ကောင်းမွန်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများ ကောင်းမွန်ရေးအတွက် မြေပြင် ဆင်မှုများကိုလည်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ကော်ဖီသည် စိုစွတ်သောရာသီဥတုကို ကြိုက်နှစ် သက်ပြီး ရေရရှိမှုလည်း ပြည့်မီရန်လိုကြောင်း၊ ဓာတ်မြေဩဇာကျွေးမွေးမှုလည်း စနစ်ကျန၍ မှန်ကန်ရမည်ဖြစ်ပြီး မြေဩဇာအတွက် ဒေသတွင်း မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာများပြုလုပ်ကာ အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ စိုက်နည်းစနစ် များလည်း မှန်မှန်ကန်ကန် ဖြစ်စေလိုကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်းဖြစ်ပြီး အချိန်တစ်ခုပေးရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကိုလည်း အမြဲမပြတ်လေ့လာနေရန် လိုကြောင်း။
ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍ သာမန် စိုက်ပျိုးမှုဖြင့် ကျေနပ်နေ၍မရဘဲ စနစ်ကျနသည့် စိုက်ပျိုးမှုစနစ်ရှိရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် သွင်းအားစုများကိုလည်း မှန်မှန်ကန်ကန် ထည့်သွင်း ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးမှသာလျှင် အရည်အသွေးကောင်းမွန်သည့် ကော်ဖီရရှိမည် ဖြစ်ပြီး ကော်ဖီထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
ဒေသနှင့် တိုင်းပြည်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက်
အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်
မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန်များစွာ ရှိပြီး ရာသီသီးနှံ၊ နှစ်ရှည်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ ဟူ၍ရှိကြောင်း၊ ကော်ဖီသည် နှစ်ရှည်သီးနှံတွင် ပါရှိ ပြီး ကမ္ဘာတစ်ဝန်း သောက်သုံးကြသည့် ဈေးကွက် ရှိသည့် သီးနှံတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အောင်မြင်အောင် ဆောင်ရွက်မည်ဆိုပါက ကော်ဖီ သည် တိုင်းပြည်အတွက်၊ ဒေသအတွက် အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပြီး ထိထိရောက်ရောက်ဖြင့် အောင်မြင်အောင် လုပ်ဆောင်ကြစေလိုကြောင်း။
မိမိတို့ တစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ဧက ၄၉၀၀၀ ခန့်ရှိပြီး တစ်ဧကအထွက်နှုန်း တိုးတက် အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ရရှိလာသည့် အကျိုးအမြတ်သည်လည်း ကွာခြားသွားမည် ဖြစ်ကြောင်း၊ စိုက်ဧကတိုးချဲ့ခြင်းထက် အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းကို ပိုမိုအားပေးလို ကြောင်း၊ အထွက်နှုန်းများ တိုးတက်လာမည်ဆိုပါက ကော်ဖီမှရရှိသည့် ငွေကြေးများစွာ တိုးတက်လာမည် ဖြစ်ပြီး စိုက်ပျိုးတောင်သူများ၏ တစ်ဦးချင်းဝင်ငွေ များ တိုးတက်လာမည်ဖြစ်သကဲ့သို့ နိုင်ငံ့ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ကော်ဖီထွက်ကုန်များ ကို ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေ များလည်း တိုးတက်လာမည်ဖြစ်သဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်း၌ပင် တန်ဖိုးမြင့်ကုန်ချောအဖြစ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင် ပါက ယခုထက် ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီဈေးကွက်ရရှိရေး မိမိအနေဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး အတွက် ကြော်ငြာခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီနိုင်ရေးအတွက်လည်း ထုတ်လုပ်မှုများကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပသို့ တင်ပို့မှုအတွက်ပါ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ GAP နှင့် ISO လက်မှတ် များလည်းရရှိအောင် လုပ်ရန်လိုအပ်မည်ဖြစ်ကြောင်း။
ပြည်တွင်းကုန်ထုတ်လုပ်မှု အားပေးနိုင်ရန်၊ ပြည်ပသွင်းကုန်အစားထိုးရန်၊ ပြည်ပပို့ကုန်ရရှိ စေရန် စသည့်အချက် ၃ ချက်ကို ရည်ရွယ်၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ချေးငွေနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများ ထက် သက်သာသော အတိုးနှုန်းထားဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ချေးငွေများထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများအတွက် လည်း ထိုက်သင့်သည့် အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ပြည်ပမှ စက်သုံးဆီနှင့် စားသုံး ဆီများ နှစ်စဉ်တင်သွင်းနေရကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် စက်သုံးဆီနှင့် ဓာတ်မြေဩဇာ များကို ပြည်ပမှ တင်သွင်းရခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ဓာတ်မြေဩဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝမြေဩဇာများ အသုံးပြု ရန်လည်း တိုက်တွန်းလိုကြောင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင် များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်