
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ ရောက်ရှိ
Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်လေ့လာ
နေပြည်တော် စက်တင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal လေဆိပ်သို့ ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
မေးမြန်းဆွေးနွေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov က ၎င်းတို့ ပြည်နယ်မှ နောက်ဆုံးအဆင့်မြှင့်တင် ထုတ်လုပ် ထားသည့် ရဟတ်ယာဉ်ကို လေဆိပ်၌ လိုက်လံပြသ ခဲ့ပြီး အတွင်းပိုင်း၊ အပြင်ပိုင်း ပြင်ဆင်ထားရှိမှုနှင့် စွမ်းဆောင်ရည်များကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြရာ မဟာယန ဗုဒ္ဓဘာသာခေါင်းဆောင် Damba Bandmaeich Ayusheev နှင့် သံဃာတော် များက ကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းတော်အတွင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များက ၁၂ ပါးမြောက် လားမားဘုန်းတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုပြီး ဆရာတော် ကြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားမှုအပေါ် နာယူကြည်ညိုသည်။
မိန့်ကြားတော်မူ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များအား မဟာယန ဗုဒ္ဓဘာသာခေါင်းဆောင် Damba Bandmaeich Ayusheev နှင့် သံဃာတော် ကြီးများက ကျောင်းဧည့်ခန်းမတွင် လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ Ivolginsky Dastan ဘုန်းတော် ကြီးကျောင်းမှ သံဃာတော်များ မြန်မာနိုင်ငံသို့ သာသနာပြုရောက်ရှိခဲ့စဉ် ရှေးဟောင်းဘုရားစေတီ ပုထိုးများအား ရှေးမူလက်ရာမပျက် ထိန်းသိမ်းထားရှိ မှုနှင့် နေရာဒေသတိုင်းတွင် ဗုဒ္ဓသာသနာတော် ယဉ်ကျေးမှုများကို တွေ့မြင်ခဲ့ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိသည့် အခြေအနေများ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်၌ မြန်မာနိုင်ငံမှ ရွှေစည်းခုံပုံတူ စေတီတော်ကြီး လာရောက်တည်ထားကိုးကွယ်မှု သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ပထမဆုံးလာရောက် တည်ထားကိုးကွယ်သည့် ဗုဒ္ဓသာသနာစေတီပုထိုး ဖြစ်ပြီး ဗုဒ္ဓသာသနာတော်ထွန်းကားရေးအတွက် များစွာအထောက်အပံ့ဖြစ်စေသည့် အခြေအနေများ နှင် ပတ်သက်၍ မိန့်ကြားတော်မူသည်။
ထိန်းသိမ်းစောင့်ရှောက်
ဆရာတော်ကြီး၏ မိန့်ကြားမှုအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို အများစုကိုးကွယ် ကြပြီး အခြားသော ကိုးကွယ်ရာဘာသာများကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုပေးထားသည့် အခြေ အနေများ၊ သာသနာတော်ဆိုင်ရာ အဆောက်အဦ များကို အထွတ်အမြတ်ထား ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပြီး နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်ပူဇော်နိုင်ရေး ဆောင် ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဗုဒ္ဓမြတ်စွာ ဘုရား၏ နှုတ်ကပါဌ်တော်များကို ကျောက်စာချပ် များပေါ်တွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုး ပူဇော်၍ ကျောက်စာရုံစေတီတော်များ တည်ထား ပူဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့်ပတ်သက်၍ လျှောက်ထားတော်မူသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာယန ဗုဒ္ဓဘာသာခေါင်းဆောင် ဆရာတော်ကြီးအား ဗုဒ္ဓ ရုပ်ပွားတော်မြတ်များ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၏ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွား ရေးအတွက် စုပေါင်းအလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းရာ ဆရာတော်ကြီးက လက်ခံရယူပြီး ဓမ္မ လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။
အဆိုပါ Ivolginsky Dastan ဘုန်းတော်ကြီး ကျောင်းသည် Ulan-Ude မြို့မှ ၂၃ ကီလိုမီတာအကွာ Buryatia ဒေသ၊ Verkhnyaya Ivolga ရွာအနီးတွင် တည်ရှိပြီး ၁၉၄၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်က အဆိုပါဘုန်းတော်ကြီးကျောင်း သည် Central Spiritual Board of Buddhists of the USSR ၏ နေရာဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် ရုရှား နိုင်ငံရှိ သံဃာအဖွဲ့အစည်းများအတွက် အသုံးပြုလာ ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါနေရာသည် ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ ဌာနချုပ်တစ်ခုကဲ့သို့ဖြစ်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ ပညာရပ်များနှင့် လေ့ကျင့်မှုများ ကို ဆောင်ရွက်လျက်ရှိသည် နေရာတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်