
နေပြည်တော် ဇန်နဝါရီ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် Video Conferencing နည်းဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်များနှင့်ပတ်သက်၍ ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အပြည့်အစုံမှာ-
ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး
ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် Video Conference နည်းဖြင့် ပြုလုပ်သော ဆွေးနွေးပွဲရလဒ်များ
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် သွားရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်၏ နောက်ဆက်တွဲ အနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် Video Conference နည်းဖြင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
Samdech Techo HUN SEN နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ဝန်ကြီးချုပ်၏ မကြာသေးမီက သွားရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ အာဆီယံအတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်း ချက်များအပေါ် အခြေခံသည့် ဘုံသဘောတူညီချက်ငါးရပ်ကို မည်ကဲ့သို့တိုးတက် အကောင်အထည်ဖော်သွားမည်ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အခြေအနေတိုးတက်စေရေးအတွက် နောက်ထပ်ဆောင်ရွက်ရန် လိုအပ်ချက်များ ရှိကြောင်း အမြင်ချင်းဖလှယ်ကြပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုအပေါ် အပြည့်အဝထောက်ခံသည့်အတွက်လည်း ဝန်ကြီးချုပ် Samdech Techo HUN SEN က ကျေးဇူး တင်ကြောင်း ပြောပါသည်။ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှုများနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင်း Samdech Techo HUN SEN က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြောကြားပြီး အောက်ပါအချက်လေးချက်ကို တောင်းဆိုခဲ့ပါသည် -
၁။ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင်ပြုလုပ်သော အာဆီယံခေါင်းဆောင်များ အစည်းအဝေး၌ သဘောတူခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာနိုင်ငံအတွင်း ပုံမှန်အခြေအနေဖြစ်ပေါ်စေရေး အတွက် အာဆီယံ၏ ဖြေရှင်းမှုဖြစ်ပါသည်။ ထို့ကြောင့် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည် ဖော်ရေးအတွက် အမြဲမပြတ် ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေးကိစ္စတစ်ရပ်အဖြစ် ထားရှိသင့်ပါ သည်။
၂။ မြန်မာနိုင်ငံသို့ လာရောက်မည့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ခရီးစဉ် အဆင်ပြေ ချောမွေ့စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ပေးရေး တောင်းဆိုပါသည်။
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းအားလုံးသည် ဖြစ်ပေါ်နေသောပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တစ်ခု ပေါ်ပေါက် လာစေရေးအတွက် အပစ်အခတ်ရပ်စဲရေးရရှိစေရန် သည်းခံချုပ်ထိန်းမှု၊ ဆူပူအကြမ်းဖက်နေခြင်းများ ရပ်စဲမှုနှင့် ကြိုးပမ်းအားထုတ်မှုတို့ကို အစွမ်းကုန်ကျင့်သုံးလုပ်ဆောင်သွားသင့်ပါသည်။
၄။ မြန်မာနိုင်ငံအတွင်းရှိ ကူညီထောက်ပံ့မှုများ အများဆုံးလိုအပ်နေသူများအားလုံးထံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများရောက်ရှိစေရေးအတွက် အာဆီယံ၏ ကြိုးပမ်းချက်များကိုကူညီသည့်အနေဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် တစ်နှစ်တာကို အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက် မြန်မာနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကတိပြုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ် Samdech Techo HUN SEN အား ထပ်လောင်း အတည်ပြုပါသည်။ ထို့နောက် ဝန်ကြီးချုပ် Samdech Techo HUN SEN နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် အကျိုးတူကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားရန် သဘောတူကြပါသည်။
ဖနွမ်းပင်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်