
မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ ရင်းရင်းနှီးနှီး ဆွေးနွေး
နေပြည်တော် ဇန်နဝါရီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် ယနေ့ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ရင်းရင်းနှီးနှီး ဆွေးနွေး
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်နေမှုနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ အာဆီယံနိုင်ငံများ အတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေနှင့် မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့်အခြေအနေ၊ မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ ပြည်တွင်းအကြမ်း ဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေး အခြေအနေနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် လာရောက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်