နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

 

နေပြည်တော်   ဇန်နဝါရီ   ၁၄


(၇၅)  နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့   ဂုဏ်ထူးဆောင်ဘွဲ့များ  ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က    ဘွဲ့ခံပုဂ္ဂိုလ်များအား    ဂုဏ်ထူးဆောင်ဘွဲ့များကို  တစ်ဦးချင်း ချီးမြှင့်အပ်နှင်းခဲ့သည်။

 


အဆိုပါ   ဂုဏ်ထူးဆောင်ဘွဲ့များ    အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စား သော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံရယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ    လက်ခံရယူမည့်   ကာယကံရှင်မိသားစုဝင် များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းပေးလျက်ရှိသည်။

 


ထိုသို့ ချီးမြှင့်အပ်နှင်းပေးလျက်ရှိရာ   ယနေ့တွင်  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက   ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ဆောက်လုပ်ရေးဌာန ဒုတိယဝန်ကြီး  ဦးကျင်လှိုင်  (ကွယ်လွန်) ကိုယ်စား သားဖြစ်သူ ဦးမြင့်ဌေး ၊ အမှတ်(၂)စက်မှုဌာန ဒုတိယဝန်ကြီး ဦးကျော်ဇ (ကွယ်လွန်) ကိုယ်စား သား ဖြစ်သူ   ဦးရဲဝင့်ကျော်၊    ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပေါ်သိမ်း (ကွယ်လွန်)  ကိုယ်စား သား ဖြစ်သူ   ဦးကျော်စိုး၊   သီရိပျံချီဘွဲ့ရရှိသူ ပြည်ထဲရေးနှင့်   သာသနာရေးဝန်ကြီး ဌာနဝန်ကြီး   ဗိုလ်မှူးကြီး   ဘိုနီ(ငြိမ်း)(ကွယ်လွန်)   ကိုယ်စား    သမက်ဖြစ်သူ ဦးစိုးဝင်း၊  အလင်္ကာကျော်စွာဘွဲ့ရရှိသူ အနုပညာရှင်      စည်သူဗိုလ်ကလေး တင့်အောင်(ကွယ်လွန်) ကိုယ်စား သမီး ဖြစ်သူ ဒေါ်စိုးစိုးတင့်၊ စည်သူဘွဲ့ရရှိသူ ကာကွယ်ရေးဦးစီးချုပ်  (ရေ)   ဗိုလ်မှူး ချုပ်  သောင်းတင်(ငြိမ်း)   (ကွယ်လွန်)ကိုယ်စား သမီးဖြစ်သူ ဒေါ်တင်ကြည်တင် တို့ကို ဂုဏ်ထူးဆောင်ဘွဲ့များအား ၎င်းတို့ ၏    နေအိမ်များသို့    သွားရောက်၍ လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်းကြ သည်။

 


အလားတူ    ဂုဏ်ထူးဆောင်ဘွဲ့  ချီးမြှင့်အပ်နှင်းခြင်း     အခမ်းအနားကို ယနေ့   နံနက်ပိုင်းတွင်   ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး    အစည်းအဝေးခန်းမ၌ ကျင်းပရာ     ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ  အောင်ကျော်မင်း၊  ပြည်နယ် တရားလွှတ်တော်   တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက် ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က ရခိုင် အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစံကျော်လှအား  စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ထို့ပြင်  ပဲခူးတိုင်းဒေသကြီး  ဝန်ကြီး ချုပ်  ဦးမျိုးဆွေဝင်းသည်   အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇီးကုန်းမြို့နယ် ကန္တလီကျေးရွာနေ   သခင်လွင် (ခေါ်)ဦးဖိုးသင် ရရှိခဲ့သည့် သီရိပျံချီဘွဲ့တံဆိပ် အား ၎င်း၏ မြေးဖြစ်သူ  ဦးသိန်းဦး ထံ သွားရောက်ချီးမြှင့် အပ်နှင်းပြီး မှတ်တမ်း တင်  ဓာတ်ပုံရိုက်ကြကြောင်း   သတင်း ရရှိသည်။                              

သတင်းစဉ်