
ကနောင်
မဲစာရင်းမြေပြင်စစ်ဆေးချက်တွေက သက်သေပြခဲ့ပြီ
ဇွန်လ ၁ ရက်က မန္တလေးတိုင်းဒေသကြီး (ပြည်ထောင်စုနယ်မြေ မပါ) မြို့နယ် ၂၈ မြို့နယ်က မဲစာရင်းရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ NLD ပါတီတို့က သူတို့ပါတီတစ်ခုသာ ရွေးကောက်ပွဲအနိုင်ရစေဖို့ နိုင်ငံတော်အာဏာကို ရယူနိုင်ဖို့ ဥပဒေတွေကို ကျော်လွန်ဖောက်ဖျက် ကာ ကြိုတင်ကြံစည်ခဲ့တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဇွန်လ အတွင်း ရွေးကောက်ပွဲကော်မရှင်ကနေ ရှမ်းပြည်နယ် ကွန်ဟိန်း၊ မိုင်းရှူး၊ မောက်မယ်၊ မိုင်းပန်၊ နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်၊ ကချင်ပြည်နယ် ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် အပါအဝင် မြို့နယ် ၂၈ မြို့နယ်၊ ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၄၉ မြို့နယ်တို့ရဲ့ မဲစာရင်းများနဲ့ မဲပေးမှုအခြေအနေများကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်နိုင်ခဲ့ပြီး မဲမသမာမှုများ၊ ကြိုတင်ကြံစည်ဆောင် ရွက်ထားမှုများ၊ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးဆောင်ရွက်မှုတွေ ကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
စီးပွားရေးရာတိုးတက်ဆောင်ရွက်နိုင်မှု
ကုမ္ပဏီဝန်ထမ်းတွေ အခွန်ပေးသွင်းရာမှာ အီလက်ထရွန်နစ် ငွေပေးချေမှုစနစ် မိုဘိုင်းလ်ငွေပေးချေမှု၊ MPU ကတ်နဲ့ အွန်လိုင်းက တစ်ဆင့် ပေးချေမှုကို ယခုလမှာ စတင်ဆောင်ရွက်နိုင်ပြီဖြစ်သလို ငွေပေးသွင်းမှုအထောက်အထားအဖြစ် သက်ဆိုင်ရာဘဏ်က ငွေသွင်း ပြီးကြောင်းကို အခွန်ရုံးငွေစာရင်းက လက်ခံရရှိတာနဲ့ အခွန်ပေးသွင်း ပြီးကြောင်း e-payment နဲ့ အထောက်အထားပေးပို့သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ် အစရှိတဲ့ စက်မှုလုပ်ငန်းများ ထွန်းကားရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာရှိတဲ့ မီးခံအုတ်စက်ရုံ၊ သစ်အချောထည်စက်ရုံ၊ အထည်ချုပ်စက်ရုံ စတဲ့နေရာတွေမှာ စီးပွားရေးထုတ်ကုန်များ အရည် အသွေးပြည့်မီစွာနဲ့ ထုတ်လုပ်နိုင်ဖို့အတွက်လည်းကောင်း၊ ပြည်နယ် နှင့် တိုင်းဒေသကြီးများအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေဖို့ တွေ့ဆုံဆွေးနွေးခြင်းများကိုလည်းကောင်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ဇွန်လအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြပါ တယ်။ ဒါ့အပြင် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေဖို့ လုပ်ငန်း ကော်မတီဥက္ကဋ္ဌတွေ၊ စက်ရုံလုပ်ငန်းရှင်တွေ၊ ကုန်ကြမ်းဝယ်ယူရရှိရေး လက်လီလက်ကားအရောင်းဆိုင်လုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းအဖြေရှာမှုကို ဇွန်လ ပထမပတ်အတွင်း ပြုလုပ်နိုင်ခဲ့ပါတယ်။
ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ငွေကျပ်သန်း ခြောက်ထောင်ကျော် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ ခွင့်ပြုပေးခဲ့တာကို ဇွန်လ ၉ ရက်က သိရှိရပါတယ်။
စိုက်မွေးတောင်သူများအတွက်ဖြည့်ဆည်း
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်းမှာ ဇွန်လ ပထမ ပတ်အတွင်း တောင်သူ ၈၆ ဦး ပိုင်ဆိုင်တဲ့ လယ်မြေဧက ၁၀၅ ဧက အတွက် ရေသွင်းမြောင်း၊ ရေနုတ်မြောင်း၊ ကုန်ထုတ်လမ်းစတာတွေ ပါဝင်တဲ့ စနစ်တကျ စက်မှုလယ်ယာစနစ်လယ်ယာမြေ ဖော်ထုတ်ရေး လုပ်ငန်းတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်ပေးနိုင်ခဲ့တာကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရပါတယ်။ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံရေး၊ ရေချိုငါးသယံဇာတ ပေါကြွယ်ဝရေး ရည်ရွယ်ပြီး ယခုနှစ်မိုးရာသီအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငါးသားပေါက်ကောင်ရေ ၁၀၁၂ ဒသမ ၀၇၅ သိန်း ငါးမျိုး စိုက်ထည့် သွားမှာဖြစ်ပြီး သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်းအိုင်တွေမှာ ငါးမျိုး စိုက်ထည့်ခြင်းတွေကို အမြို့မြို့အနယ်နယ်မှာ ဆောင်ရွက်လျက် ရှိပါတယ်။ ဒေသပို့ကုန်များ ရေရှည် ဈေးကွက်ရရှိဖို့နဲ့ တိုးမြှင့်တင်ပို့နိုင် ဖို့ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ G to G ညှိနှိုင်းမှုတွေအတွက် Action Plan တွေကိုလည်း နိုင်ငံတကာမှာခန့်အပ်ထားတဲ့ စီးပွားရေးသံမှူးတွေ နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာကို ဇွန်လ ၁၁ ရက်က တွေ့ရှိရပါတယ်။
ထို့အတူ စိုက်ပျိုးမွေးမြူရေးကဏ္ဍ မြင့်မားစေဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စိုက်ပျိုးရေးထွက်ကုန်များအပေါ် သုတေသန များ လုပ်ငန်းတိုးမြှင့်လုပ်ဆောင်မှုတွေအပြင် မြစ်ရေတင်လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်တာ၊ ရေထုတ်လမ်း၊ ကုန်ထုတ်လမ်းအဆင့်မြှင့် တာတွေကိုလည်း ယခုလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများ က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရေစီးရေလာကောင်းမွန်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေတာကို ဇွန်လအတွင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကျန်းမာရေးအလှမ်းမဝေးစေရ
အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့အများပြည်သူများကို ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၊ ကွာရန် တင်းစင်တာများ၊ စောင့်ကြည့်ကုသရေးစင်တာများ စတာတွေအပြင် Stay at Home မြို့နယ်သတ်မှတ်ခြင်းများ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဝင်ရောက်သွားလာမှုကန့်သတ်ခြင်းများ၊ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီများ အဆင့်ဆင့်က ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အစီအမံများကို ဇွန်လအတွင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ မြို့နယ်အသီးသီးက ကျန်းမာရေးဌာနများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ လိုအပ် တဲ့ဒေသများကို တပ်မတော်ကျန်းမာရေးအဖွဲ့များက သွားရောက် ကုသမှုတွေကိုလည်း ပြုလုပ်ခဲ့ရာ မှာ ဖေဖော်ဝါရီလကနေ ဇွန်လ ၂၇ ရက်အထိ ပြင်ပလူနာ နှစ်သိန်းခွဲနဲ့ အတွင်းလူနာ ခုနစ်သောင်းခွဲတို့ကို ကုသပေးနိုင်ခဲ့ပါတယ်။
ပညာရေးကဏ္ဍမြှင့်တင်
ယခုနှစ် ပညာသင်နှစ်အတွက် ဇွန်လ ၁ ရက်မှာ အခြေခံပညာ ကျောင်းတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်တွေ နဲ့အညီ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကလေးတွေ ကျောင်းမတက်ကြဖို့ အဖျက်သမားတွေရဲ့ အကြံအစည်အမျိုးမျိုးကို ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ဆရာ ဆရာမများရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံ ပညာကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေ အေးချမ်းစွာ ပညာသင်ကြားလျက် ရှိနေပြီဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်တန်းအောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ရက်ကိုလည်း ဇွန်လ ၃၀ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့တာကို မြင်တွေ့ရပါတယ်။
တိုင်းရင်းသားစာပေသင်ကြားပေးတဲ့ Teaching Assistant တွေ နဲ့ Language Teacher တွေ ခန့်အပ်နိုင်ဖို့အတွက် ပြည်နယ်နဲ့ တိုင်း ဒေသကြီးအသီးသီးက လျှောက်လွှာတွေကို တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနက လက်ခံရရှိနေပြီဖြစ်တဲ့အတွက် လုပ်ထုံး လုပ်နည်းများနဲ့အညီ ပညာရေးဝန်ကြီးဌာနကို ပေးပို့သွားဖို့ ပြင်ဆင် လျက်ရှိတာကို ဇွန်လ ၂၁ ရက်က ဝမ်းမြောက်ဖွယ်သိရှိရပါတယ်။
လူမှုဘဝများလုံခြုံရေးနှင့် တိုးတက်မြင့်မားစေရေးဖော်ဆောင်
၂၀၂၁ ခုနှစ်အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လအတွင်း တစ်နိုင်ငံလုံးမှာ စတင် နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပျိုးပင်ပေါင်း ၃၆ သန်းကျော် စိုက်ပျိုးမှာဖြစ်တယ်လို့ ဇွန်လ ၁၈ ရက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကနေ သိရပါ တယ်။
(၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့ အာဇာနည်အရှင်မြတ်တို့အား ဘွဲ့တံဆိပ်တော်နဲ့ အောင် လက်မှတ် ဆက်ကပ်ချီးကျူးပူဇော်ပွဲကို ဇွန်လ ၂၆ ရက်က ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လိုဏ်ဂူသိမ်တော်ကြီးမှာ ကျင်းပခဲ့ရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဘွဲ့တံဆိပ် တော်များနှင့် အောင်လက်မှတ်များကို ဆက်ကပ်ပူဇော်ခဲ့ပါတယ်။
လက်ရှိ ပြည်တွင်းအကြမ်းဖက်နေမှုတွေကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ အရှိန်အဟုန်နဲ့ တိုက်ဖျက်သွားနိုင်ဖို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေးကို ဇွန်လ ၂၃ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရဲ့ မူဝါဒဖြစ်တဲ့လူ့အဖွဲ့အစည်းအတွင်းမှာ ကွဲပြားစေမယ့် အခြေခံအကြောင်းအရာတွေကို စနစ်တကျ စိစစ်ဖော်ထုတ်ကာကွယ် တားဆီးနိုင်ဖို့၊ အစွန်းရောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ထိရောက် စွာတိုက်ဖျက်နိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ ဗဟိုအဖွဲ့ဝင်တွေက ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
ကိုဗစ် - ၁၉ ကြောင့် နှောင့်နှေးနေရတဲ့ မြန်မာ့စီးပွားရေးပြန်လည် မြှင့်တင်ရန် ရည်ရွယ်ချက်နဲ့ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေတစ်ရပ်ကိုလည်း ဇွန်လ ၁၇ ရက်က ပြဋ္ဌာန်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးတွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေ အဖြစ် ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများတရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင် တိုက်ဖျက်သည့် ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်းရဲ့ ထိန်းချုပ်ဓာတု ပစ္စည်းတွေကိုလည်း လိုက်နာဆောင်ရွက်ခဲ့တာကို ဇွန်လဆန်း သတင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖြစ်တဲ့ ဇွန်လ ၂၆ ရက်က ဖမ်းဆီးရမိ တဲ့မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် အရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေးအတွက် ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီရဲ့ ၁/၂၀၂၁ အစည်းအဝေး ကျင်းပခဲ့ပြီး လုပ်ငန်းစဉ်တွေ ပိုမိုတိုးချဲ့နိုင်စေ ဖို့ ကြိုးပမ်းခဲ့တာကိုလည်း ဇွန်လ ၉ ရက်က မြင်တွေ့ရပါတယ်။ အကျဉ်းသားတစ်ဦးရဲ့ ရရှိရမယ့်အခွင့်အရေးတွေ အပြည့်အဝရရှိစေဖို့ အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြိုးပမ်း လျက်ရှိရာမှာ အကျဉ်းထောင်များ၊ ရဲစခန်းများနဲ့ အချုပ်ခန်းများအထိ သွားရောက်ကာ အခွင့်အရေး ပြည့်ဝစွာရရှိအောင် ဆောင်ရွက်ပေး နေတာကိုလည်း ဇွန်လ ၉ ရက်က မြင်တွေ့ခဲ့ရပါတယ်။
နေပြည်တော်မြို့မဈေးအနီး သုခတော်ဝင်အိမ်ရာ ဒုတိယအဆင့် ဆောက်လုပ်ပြီး တဲ့တိုက်များက ငွေသွင်းပြီးတဲ့ မြေညီထပ်နဲ့ ပထမ ထပ်ရှိ အခန်း ၇၅ ခန်းကို မဲနှိုက်နေရာ ချထားပေးတာတွေကို ဇွန်လဆန်းကဆောင်ရွက်ပေးခဲ့တဲ့အပြင် ရခိုင်ပြည်နယ်တိုက်ပွဲရှောင် ပြည်သူတွေအတွက် နေအိမ်တွေကိုလည်း မြောက်ဦးနဲ့ မင်းပြား မြို့နယ်တွေမှာ ဇွန်လအတွင်း တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ထို့ အတူ ရန်ကုန်မြို့ မြနန္ဒာနိုင်ငံ့ဝန်ထမ်းအိမ်ရာနေထိုင်ခွင့်ကို ဇူလိုင်လ ၁ ရက်မှာ စတင်ခွင့်ပြုမှာဖြစ်တဲ့အတွက် ယခုလအတွင်း လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိတာကို သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ လယ်ယာသန်းခေါင်စာရင်းကို နည်းပညာအကူအညီ အသုံးပြုကောက်ယူနိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပလျက်ရှိပါ တယ်။ ငါးသယံဇာတရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်လယ်ပြင် ငါးမဖမ်းရ ရာသီသစ်ကို မေလကနေ ဩဂုတ်လအထိ လေးလတာ သတ်မှတ်နိုင်ခြင်းကို ဇွန်လအတွင်း ပြုလုပ်ခဲ့ပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပိုမိုမြင့်မားဖို့အတွက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်တာ၊ ရေအားလျှပ်စစ်စီမံကိန်း များ တည်ဆောက်တာတွေကိုလည်း ယခုလအတွင်း ပြည်ထောင်စု ဝန်ကြီးက သွားရောက်စစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားအမြန်ဆုံး အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းနေတာကို မြင်တွေ့ရပါတယ်။
ပြည်ထောင်စုတရားသူကြီးချုပ်ဦးဆောင်တဲ့ အထူးအယူခံခုံရုံးက ရာဇဝတ်အထူး အယူခံမှု ငါးမှုနဲ့ တရားမအထူးအယူခံမှု ခြောက်မှု တို့ကို စီရင်ချက်ချမှတ်ခြင်းနှင့် ရုံးထိုင်ကြားနာခြင်းများ ပြုလုပ်ခဲ့တာ ကို ဇွန်လ ၁၄ ရက်က တွေ့ရှိရပါတယ်။ အနုပညာရှင် ၂၄ ဦးကိုလည်း ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ထားခြင်းကို ရုပ်သိမ်းပေးလိုက်ကြောင်း သတင်းထုတ်ပြန်ချက်တစ်စောင်ကို ဇွန်လ ၂၉ ရက်က ထုတ်ပြန်ခဲ့ပါ တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ငါးလတာကာလမှာ အသက်ဝင်လာခဲ့တဲ့ လူငယ်များ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားပြိုင်ပွဲတွေ ကျင်းပဖို့ကြိုးစားမှုက အရာထင်လာခဲ့ပြီ ဖြစ်ပါ တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသက် ၂၁ အောက် ဘောလုံး ပြိုင်ပွဲကို ဇွန်လ ၂၄ ရက်က ကျင်းပနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ အားကစားကွင်းများမှာလည်း အားကစားလေ့ကျင့်ရေးလုပ်ငန်းတွေ စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပန်းခင်းစီမံချက်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ် ရေးကတ်ပြား ပေးအပ်တာတွေကို ဇွန်လအတွင်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေတာကိုလည်း မြို့နယ်များမှာ မြင်တွေ့ရပါတယ်။ ထို့ အတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု(ကမ်ပိန်း)တွေကိုလည်း ယခုလအတွင်း အနယ်နယ်အရပ်ရပ် မှာ ကျင်းပလျက်ရှိပါတယ်။
ပြည်သူ့လက်ဝယ်သို့ သတင်းမှန်ရောက်ရှိရေး
ဇွန်လအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ထံသို့ မီဒီယာများက ဆက်သွယ်မေးမြန်းထားမှုတွေအပေါ် ပြန်လည်ဖြေကြားခြင်းကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ပေးနေပြီး သတင်းမှန်များ ပြည်သူများလက်ဝယ်ရရှိအောင် ကြိုးပမ်းပေးလျက် ရှိပါတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ ကျောင်းဆရာ ဆရာမ များ၏ ဂုဏ်ကျေးဇူးအား အသိအမှတ်ပြုသောအားဖြင့် ကြေညာချက် တစ်စောင်ကို ဇွန်လ ၁၁ ရက်က ထုတ်ပြန်ခဲ့ပြီး စာသင်ကျောင်းများကို အခက်အခဲများအကြားမှ ဖွင့်လှစ်ပေးခဲ့ကြတဲ့ ဆရာ ဆရာမများကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ (၆) ကြိမ်မြောက် သတင်းစာရှင်းလင်း ပွဲကို ဇွန်လ ၁၂ ရက်က ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်ရဲ့အခြေအနေ အရပ်ရပ်၊ အကြမ်းဖက်လုပ်ရပ်ဆောင်ရွက်သူတွေ ဖမ်းဆီးရမိခဲ့တဲ့ အခြေအနေတွေနဲ့ ထွက်ဆိုချက်တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို မီဒီယာများထံ ရှင်းလင်း ပြောကြားခဲ့ပြီး သတင်းမီဒီယာများရဲ့ မေးမြန်းချက်တွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သတင်းမမှန်ထုတ်လွှင့်တဲ့ မီဒီယာတွေကို သတိပေးမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် တစ်ဖက်မှာ ဂျာနယ်ထုတ်ဝေလိုသူ ငါးဦး၊ အထွေထွေထုတ်ဝေသူ ၂၂ ဦးနဲ့ သတင်း အေဂျင်စီလုပ်ငန်း နှစ်ခုကို ယခုလ ၈ ရက်က ခွင့်ပြုပေးခဲ့ပါတယ်။ စာပေပညာရှင်ကြီးတွေကို အမျိုးသားစာပေတစ်သက်တာဆုနဲ့ အမျိုးသားစာပေဆုတွေ၊ စာပေဗိမာန်စာမူဆုတွေကို နှစ်စဉ်ချီးမြှင့် လျက်ရှိရာ ချီးမြှင့်ငွေများကို တိုးမြှင့်ချီးမြှင့်သွားမှာ ဖြစ်ကြောင်းကို ဇွန်လ ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
လမ်းပန်းဆက်သွယ်ရေး
ဇွန်လအတွင်း အများပြည်သူများ လေကြောင်းခရီးလွယ်ကူစေရေး အတွက် ခရီးစဉ်အသစ်များဖြစ်တဲ့ မန္တလေး - မကွေး - စစ်တွေ ခရီးစဉ်ကို ဇွန်လ ၁၄ ရက်နဲ့ ၂၄ ရက်တို့မှာ စတင်တိုးချဲ့ပြေးဆွဲပေးခဲ့ ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ ခရီးသည်တင်အဝေးပြေးနဲ့ မြို့တွင်း ခရီးသည်တင်ယာဉ်တွေ စည်းကမ်းတကျ ပြေးဆွဲနိုင်ဖို့ ကြိုးပမ်းနိုင် ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း စည်းကမ်းတကျ ပြေးဆွဲ နိုင်ဖို့ ကြိုးပမ်းခဲ့တာကိုလည်း ဇွန်လ ၁၂ ရက်က တွေ့ရှိရပါတယ်။ မန္တလေး - ပုဂံ လမ်းပိုင်းနဲ့ သာစည် - မြင်းခြံလမ်းပိုင်း လူစီးရထား ကိုလည်း ဇွန်လ ၁၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဦးဆောင်တာဝန်ယူခဲ့တာ ဖေဖော်ဝါရီလ ၁ ရက်က စတင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လက ငါးလတာ ပြည့်မြောက်တဲ့ကာလ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ နိုင်ငံနဲ့ပြည်သူအတွက် ဆောင်ရွက် ချက်တွေကို ပြန်လည်တင်ပြရာမှာ များပြားလွန်းလှတဲ့အတွက် အချို့ လုပ်ငန်းရပ်တွေကိုသာ ကောက်နုတ်တင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံ့အကျိုးပြု ဆောင်ရွက်ချက်တွေ များစွာကျန်ရှိနေသေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေကို မမှိတ်မသုန် ကြိုးပမ်းဖော်ဆောင်သွားနေဦးမည် ဖြစ်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။ ။