
နေပြည်တော် ဇန်နဝါရီ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်တို့က လူငယ်နှင့်စာပေပွဲတော်ကျင်းပမည့် အစီအစဉ်နှင့် ပြခန်းများခင်းကျင်းပြသထားမှုကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသမည့် ပြခန်းများ၊ မြန်မာနိုင်ငံလေကြောင်းပညာရပ်ဆိုင်ရာ ပြခန်းများကို ကြည့်ရှုစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ခင်းကျင်းပြသရန်နှင့် လုံခြုံရေးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။
ကြည့်ရှုအားပေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံသို့ ရောက်ရှိပြီး ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဗိုဗီနမ်၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ပိုက်ကျော်ခြင်း လက်ရွေးစင် အားကစားအဖွဲ့များ၏ သရုပ်ပြလေ့ကျင့်နေမှုနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းများ၏ Fitness Dance သရုပ်ပြဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေး သည်။
ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသမည်
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ် နှင့်စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူ များ ဗဟုသုတရရှိစေမည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် စာချုပ်စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများ ပြခန်း၊ စာပေတိုက်အသီးသီးက ထုတ်ဝေထားသည့် စာအုပ် စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိ များပြခန်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာ ပေးပြခန်း၊ ရေကြောင်းပညာရပ်၊ လေကြောင်းပညာ ရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာပေးပြခန်း၊ ပန်းချီ၊ အနုပညာပြခန်း စသည်ဖြင့် ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသမည်ဖြစ်ကာ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေမှုအစီအစဉ် များလည်း ပါဝင်ကြောင်းနှင့် ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
သတင်းစဉ်