
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို လှုပ်ရှားမှုများသည် ပူးပေါင်းဆောင်ရွက်မှု၊
စည်းလုံးညီညွတ်မှုစွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ်မြင်ကွင်းဖြစ်နေ
နေပြည်တော် ဇန်နဝါရီ ၂၅
၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပ ရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက် ရောက်အမှာစကား ပြောကြား သည်။
အစည်းအဝေးသို့ ဗဟို ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး များ၊ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေး မှူး၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ကျန်ဆပ်ကော်မတီဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို အနှစ်သာရနှင့် အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေးစီမံ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ်ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စု အလံကို ရန်ကုန်မှ နေပြည်တော်သို့ သယ်ယူမည့် အခမ်းအနားလည်း ပါရှိမည်ဖြစ်ကြောင်း၊ (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုကြမည့်ယာဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအလိုက် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေကြမှုများနှင့် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြမည့် တစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများမှာလည်း အားရဖွယ်တွေ့မြင်ရပါကြောင်း ၊ တစ်နည်း အားဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြို လှုပ်ရှားမှုများသည် ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု စွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ်မြင်ကွင်းဖြစ်နေပါကြောင်း။
စနစ်တကျကြိုတင်ပြင်ဆင်
ယခုနှစ်ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်း အနားသည် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့အခမ်းအနားဖြစ်သည်နှင့်အညီ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ဆောင်ရွက်ရမည့် အခမ်းအနား ကြီးတစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။
ယနေ့ အစည်းအဝေးတွင် လုပ်ဆောင်ရန်ကျန် သည်များကို ဦးစားပေးဆွေးနွေးကြပြီး ဆုံးဖြတ်ပေး ရမည့်အချက်များကို ချက်ချင်းဆုံးဖြတ်နိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြု အခမ်းအနားကျင်းပရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း ကောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က စီမံ ခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်ရှင်းလင်းတင်ပြ
ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာ ချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး၊ ယဉ်ကျေးမှု အဖွဲ့များ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေး ရေးဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင်အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများ စိုက်ထူ ရေးဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြား ရေးဆပ်ကော်မတီ၊ ညစာစားပွဲခင်းကျင်း ကျွေးမွေးရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြရာ ဗဟို ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ်က ဆပ်ကော်မတီအလိုက် လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်