
နေပြည်တော် ဒီဇင်ဘာ ၂၂
ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်အသီးသီးမှ ကျောင်းအုပ်ကြီး များ၊ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ နည်းပြများ၊ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက အမှာစကားပြောကြား ရာတွင် အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံး ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာတတ်မှုတို့ကို ထင်ဟပ် ပေါ်လွင်စေနိုင်သည့် စွမ်းရည်ပြပြိုင်ပွဲ တစ်မျိုးဖြစ်ကြောင်း၊ အားကစားပြုလုပ် ခြင်းကြောင့် ပထမဆုံးရရှိသည့် အကျိုး ကျေးဇူးသည် တစ်ကိုယ်ရေကျန်းမာ ကြံ့ခိုင်ရေးဆိုသည့် ကောင်းကျိုးပင်ဖြစ် ကြောင်း၊ အသင်းအဖွဲ့နှင့် ကစားရသည့် အလေ့အထမှတစ်ဆင့် အချင်းချင်းစည်းလုံး ညီညွတ်မှု တစ်နည်းအားဖြင့် စုပေါင်း စိတ်ဓာတ်ကိုရရှိစေပြီး ထိုမှတစ်ဆင့် နိုင်ငံ့ ဂုဏ်၊ အမျိုးသားရေးဂုဏ်ကို ဆောင်ကြဉ်း လိုသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမို ထက်သန်လာစေမည်ဖြစ်ကြောင်း။
လူငယ်များအနေဖြင့်
ဗလငါးတန်နှင့် ပြည့်စုံစေရေး
အစဉ်တစိုက်ကြိုးပမ်းမြှင့်တင်နေရမည်
အနာဂတ်နိုင်ငံတော်ကို ဦးဆောင် ဦးရွက်ပြုကြရမည့် ယနေ့လူငယ်များ အနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံစေရေးကို အစဉ် တစိုက် ကြိုးပမ်းမြှင့်တင်တည်ဆောက် နေကြရမည်ဖြစ်ကြောင်း၊ “ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာရေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာ ကြံ့ခိုင်ပြီး ပညာရည်ထူးချွန်သည့် ကျောင်း သား ကျောင်းသူများ ပေါ်ထွန်းလာစေရန် လိုအပ်ကြောင်း။
ပညာရည်မြင့်မားရေးနှင့် ကျန်းမာ ကြံ့ခိုင်စေရေးအတွက် ထိထိရောက်ရောက် အထောက်အကူပြုနိုင်မှုသည် ကိုယ်လက် လှုပ်ရှား အားကစားပင်ဖြစ်ကြောင်း၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်ပညာ ရေး၊ လူငယ်နှင့် အားကစားနှင့် ပညာရေး တို့သည် ခွဲခြားမရသည့် အရာများပင်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အားကစား ဝန်ကြီးဌာနကို အဆင့်မြှင့်တင်ပြီး လူငယ်ကဏ္ဍကိုပါ ဦးစားပေး လုပ်ဆောင် နိုင်အောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း။
ယခု ပညာရေးဒီဂရီကောလိပ်အဆင့် ပြိုင်ပွဲတွင် ဘောလုံး(ကျား)၊ ဘော်လီဘော (ကျား) (မ)၊ ပိုက်ကျော်ခြင်း (ကျား) နှင့် ပြေး၊ ခုန်၊ ပစ်အားကစားနည်းများ စသည် ဖြင့် ပါဝင်မည်ဖြစ်ကြောင်း၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ယခင်နှစ်ကစပြီး နေပြည်တော်တွင် ဗဟိုအဆင့်အနေဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ် အသီးသီး၏ ကျောင်းတွင်းအားကစား ပြိုင်ပွဲများမှတစ်ဆင့် အထက်မြန်မာပြည် ဇုန်၊ အောက်မြန်မာပြည်ဇုန် ဇုန်အဆင့် ပွဲများကို အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ကြ ပြီးမှ ဗဟိုအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း။
ကြိုးစားအားထုတ်မှုများနှင့် အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြု
ယခုနှစ်တွင် ထူးခြားချက်မှာ ဇုန် အဆင့်တွင် အသင်းလိုက်ရွေးချယ်ခြင်းမျိုး မဟုတ်ဘဲ ဇုန်အဆင့်ယှဉ်ပြိုင်သူ ကျောင်းသားအားလုံးထဲကမှ လက်ရွေး စင်များ ရွေးချယ်ပြီး ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်၍ ယခုလို ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် မောင်တို့မယ်တို့၏ ကြိုးစားအားထုတ်မှု များနှင့် အောင်မြင်မှုများကို ချီးကျူး ဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း။
ထိုသို့ ဒီဂရီကောလိပ်အဆင့်၊ ဇုန် အဆင့်၊ ဗဟိုအဆင့် အားကစားပွဲများ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများသည် အချင်းချင်းထိတွေ့ မှု၊ ချစ်ခင်ရင်းနှီးမှု၊ ညီညွတ်မှု၊ ဒေသန္တရ ဗဟုသုတများ ရရှိမှုအပြင် အားကစားတွင် ထူးချွန်သည့် အခြေခံပညာ ဆရာ ဆရာမ များအဖြစ် ပေါ်ထွန်းလာစေမည်ဖြစ် ကြောင်း၊ တစ်နည်းအားဖြင့် အခြေခံပညာ အတွက် ပညာရေးနှင့် အားကစားစွမ်းရည် ကိုပါ အားထားရသည့် ဘက်စုံထူးချွန် သည့် ဆရာများ မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း။
၁၉၆၆ ခုနှစ် အာရှအားကစားပြိုင်ပွဲ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့
ယခုကဲ့သို့ တက္ကသိုလ်/ကောလိပ် အဆင့် အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့ ခြင်းကြောင့် ခေတ်အဆက်ဆက် နိုင်ငံ့ ဂုဏ်ဆောင်တက္ကသိုလ်နှင့် ကောလိပ်များ မှ ထူးချွန်အားကစားသမားများ ပေါ်ထွန်း မှုကိုကြည့်ပါက စစ်ပြီးခေတ် ရန်ကုန် တက္ကသိုလ်ဘောလုံးအသင်းမှ လက်ရွေး စင်များဖြစ်ကြသည့် ကောလိပ်ဂျင်နေဝင်း၊ ထွန်းကြည်၊ အောင်ခင်၊ ကက်နက်ရှိန်၊ တင်မောင်၊ စိုးမြင့်၊ စောဦး၊ မောင်ပြုံး၊ ကျော်ကျော်၊ မောင်မောင်၊ ငွေကိုင်၊ ဂျွန်တင့်၊ ဘန်နီတင်အောင်၊ ခင်မောင်ဝင်း၊ ခင်မောင်ဇော်၊ ဘမောင်တို့သည် မြန်မာ လူငယ်လက်ရွေးစင်အသင်း၊ လူကြီး လက်ရွေးစင်အသင်းတို့တွင် ပါဝင်ကစားခဲ့ ကြသည့် ပရိသတ်အသည်းစွဲ နာမည်ကျော် ကစားသမားများပင် ဖြစ်ကြကြောင်း၊ ဂိုးသမား ဂျပ်ဆင်ဆိုပါက ရန်ကုန် တက္ကသိုလ်လက်ရွေးစင်မှ မြန်မာ့လက်ရွေး စင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ကြောင်း၊ ၁၉၆၆ ခုနှစ်က အာရှအားကစားပြိုင်ပွဲ ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့စဉ် မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းက နောက်ဆုံးဗိုလ်လုပွဲတွင် အီရန် နိုင်ငံအသင်းကို အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည့် အစဉ်အလာကောင်း များ ရှိခဲ့ပါကြောင်း၊ ဘော်လီဘောတွင် ကျော်ဟန်၊ အေးထွန်း၊ စန်းစန်းဖေ၊ ဖြူဖြူ ဇော် စသည့် တက္ကသိုလ်ဘော်လီဘော သမားများနှင့် ဘတ်စကက်ဘောတွင် ဉာဏ်မင်းတို့သည် မြန်မာ့လက်ရွေးစင် များအဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများ ဖြစ်ကြကြောင်း။
၁၉၆၂ ခုနှစ် အာရှအားကစားပြိုင်ပွဲ တွင် ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးနိုင်ခဲ့သည့် တင်မောင်နီနှင့် ၁၉၆၉ ခုနှစ် ရန်ကုန်ကျွန်း ဆွယ်ပြိုင်ပွဲတွင် တစ်ဦးတည်း ရွှေတံဆိပ် သုံးခု ဆွတ်ခူးနိုင်ခဲ့သည့် နန္ဒကျော်စွာတို့ သည် ဆုတံဆိပ်များစွာ ဆွတ်ခူးခဲ့သည့် တက္ကသိုလ် ရေကူးအားကစားသမားများ ဖြစ်ကြကြောင်း၊ ကြက်တောင်တွင် မောင်လှ၊ ကျော်ထွန်း၊ မြင့်မြင့်ခင် (မန္တလေး) တို့မှစကာ မြလေးစိန်အထိ မြန်မာ့လက်ရွေးစင် ကြက်တောင်ရိုက် အားကစားသမားများသည် တက္ကသိုလ် လက်ရွေးစင်အသင်းသားများပင် ဖြစ်ကြ ကြောင်း၊ ထို့ကြောင့် ယခုလို တက္ကသိုလ် ပေါင်းစုံ၊ ပညာရေးကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ထပ်မံ ပေါ်ထွန်းလာလိမ့်မည်ဟု ယုံကြည်သည့် အတွက် တစိုက်မတ်မတ် ကြိုးစားသွား ကြပါဟု တိုက်တွန်းလိုပါကြောင်း။
အားကစားဆိုသည်မှာ ကာယအားနှင့် ဉာဏအားကို အသုံးချပြီး
လှုပ်ရှားရသည့် ယှဉ်ပြိုင်မှုဖြစ်
အားကစားဆိုသည်မှာ ကာယအား နှင့် ဉာဏအားကို အသုံးချပြီး လှုပ်ရှားရ သည့် ယှဉ်ပြိုင်မှုဖြစ်ခြင်းကြောင့် အနိုင် မခံ အရှုံးမပေးသည့် ခိုင်မာသောစိတ်ဓာတ် ဖြစ်ပေါ်စေသည့်အပြင် အနိုင်အရှုံးတစ်ခု တည်းကို ယှဉ်ပြိုင်ခြင်းမျိုးမဟုတ်ဘဲ သန့်ရှင်းမှန်ကန်သည့် နည်းလမ်းနှင့် အားကစားစိတ်ဓာတ်အပြည့်အဝထားပြီး ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကစားခြင်းအား ဖြင့် တရားမျှတမှု၊ စိတ်ဓာတ်ကြံ့ခိုင် မှု၊ အပြန်အလှန် လေးစားမှုစသည့် ကောင်းမြတ်သည့် အလေ့အထများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း။
ထို့အပြင် အားကစားဆိုသည်မှာ ကြံ့ခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင် မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု စသည့် အခြေခံအချက် (၆) ချက်အပေါ် တွင် မူတည်နေခြင်းကြောင့် ထိုအရည် အသွေးများ ပြည့်စုံသည်ထက် ပြည့်စုံနေ အောင်၊ ပြည့်ဝသည်ထက် ပြည့်ဝနေ အောင် အစဉ်ကြိုးစားတည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ အားကစား နယ်ပယ် အောင်မြင်မှုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကိုပါ ပြသနေခြင်း ဖြစ်သည့်အတွက် အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ရာတွင် ကိုယ့်အဖွဲ့အစည်းအတွက် တင်မဟုတ်ဘဲ မိမိလူမျိုး၊ မိမိနိုင်ငံတော်၏ ကျေးဇူးကို ဆပ်နိုင်သည့် အမျိုးဂုဏ် ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများဖြစ်စေရန်အထိ ရည်မှန်းချက် ထားပြီး အားသွန်ခွန်စိုက် ကြိုးပမ်း သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း။
သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်ပြီး စည်းကမ်းကို တန်ဖိုးထားသူများအဖြစ်
မှတ်တမ်းတင်နိုင်အောင် လုပ်ဆောင်ရမည်
အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ၏ ကြိုးစားအားထုတ်မှု နှင့် ပညာရေးဒီဂရီကောလိပ်များ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ကြရာတွင် “ငုပ်မိသဲတိုင်၊ တက်နိုင် ဖျားရောက်” ဆိုသကဲ့သို့ မလျှော့သော ဇွဲ၊ သတ္တိ၊ ပြင်းပြသော လုံ့လတို့နှင့် “လှေခွက် ချည်းကျန်၊ အလံမလှဲ” ဆိုသည့် စိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်များနှင့် သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်ပြီး စည်းကမ်းကို တန်ဖိုးထား သော ကျောင်းသား ကျောင်းသူများအဖြစ် မှတ်တမ်းတင်နိုင်အောင် လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း။
အားကစား မောင်တို့မယ်တို့သည် ယှဉ်ပြိုင်ကစားရာတွင် အားကစားသမား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစား ခြင်း၊ ချစ်ခင်ညီညွတ်ခြင်း၊ ကူညီရိုင်းပင်း ခြင်း၊ ရဲဘော်ရဲဘက်စိတ် ထားရှိခြင်းတို့ နှင့် ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ အားကစားလေ့ကျင့်ရာတွင်သော်လည်း ကောင်း၊ အားကစားယှဉ်ပြိုင်ရာတွင်သော် လည်းကောင်း၊ ပွင့်လင်းမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ စိတ်ရှည်ရှည်ထားမှု၊ နိုးကြား မှု၊ ကြိုးစားမှုတို့ ထားရှိလုပ်ဆောင်ကြရန် အလေးအနက် တိုက်တွန်းပြောကြားလို ကြောင်း၊ မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင် သည့် ပညာရေးဒီဂရီကောလိပ်များ အတွက် ဂုဏ်ဆောင်ဆုတံဆိပ်များစွာ ရယူဆွတ်ခူးနိုင်ကြပါစေကြောင်း၊ အစဉ် အလာကြီးမားသော ပညာရေးဒီဂရီ ကောလိပ်များအဖြစ် ဆက်လက်ရပ်တည် သွားနိုင်ကြပါစေကြောင်း၊ ဘက်စုံထူးချွန် သည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးမည့် ဆရာ ဆရာမ လောင်းများအနေဖြင့် ကိုယ်တိုင်ဘက်စုံ ထူးချွန်နေရန် ဆက်လက်ကြိုးစားသင်ယူ လေ့ကျင့်နိုင်ကြပါစေကြောင်း ပြောကြား ပြီး “၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပညာရေးဒီဂရီကောလိပ် ပေါင်းစုံမှ အားကစားပြိုင်ပွဲ အထိမ်း အမှတ်အလံကို အားကစားမောင်မယ်များ က စုပေါင်းသယ်ယူ၍ လွှင့်တင်ပြီး အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများက အားကစားသစ္စာ အဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားက စားပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် အသင်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြ များနှင့် အားကစားသမားများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်၊ လှည်းကူးပညာရေးဒီဂရီ ကောလိပ်နှင့် တောင်ငူပညာရေးဒီဂရီ ကောလိပ်တို့မှ ကျောင်းသား ကျောင်းသူ များက Physical Fitness Dance ၊ မြန်မာ့သိုင်း၊ ပဝါက၊ မြန်မာ့ခြင်းဝိုင်းနှင့် အေရိုးဗစ်သရုပ်ပြသမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက် အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပသွားမည်ဖြစ် ပြီး ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၀၀ ပါဝင်ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်