
နေပြည်တော် ဇွန် ၂၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီရုံး၌ ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော် ကောင်စီဝင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုးက တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။
လျင်မြန်စွာအကောင်ထည်ဖော်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မူဝါဒနှင့် လမ်းညွှန်မှာကြားချက်များကို အချိန်တိုကာလအတွင်း လျင်မြန်စွာအကောင်ထည် ဖော်ဆောင်ရွက်နေရန်လိုအပ်ကြောင်း၊ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် တာဝန်ရှိသူများ ကိုယ်တိုင်သိရှိနားလည်ပြီး မိမိ၏ လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများကိုလည်း သိရှိစေရန် ရှင်းလင်းပြောကြားမှုများ ဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားသည်။
အသေးစိတ်ရှင်းလင်းမှာကြား
ဆက်လက်၍ ပြောကြားရာတွင် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးတို့ အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ် ရေးအဖွဲ့အစည်းများသာမက ပြည်သူလူထုပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေ၊ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးဥပဒေဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ပညာပေး ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ၊ တရား ဥပဒေစိုးမိုးမှုရရှိစေရေးအတွက် ဥပဒေနှင့်အညီ စစ်ဆေး၊ ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်၍ ကျူးလွန်ဖောက်ဖျက်သူများကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူရန် လိုအပ်သည့် အခြေအနေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအလိုက် မူလပေးအပ်ထားသည့် တာဝန်များအပေါ် သစ္စာရှိရှိ မှန်ကန်စွာ ထမ်းဆောင်ရန်လိုအပ်သည့်အခြေအနေ၊ မှန်ကန်သည့် ရွေးကောက်ပွဲတစ်ခု ဖြစ်ပေါ်လာစေ ရေးအတွက် မြန်မာနိုင်ငံသားများအားလုံး လူတစ်ဦး ချင်းစီ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိစေရေးသည် အဓိကကျသဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အတွက် ဆောင်ရွက်ပေးလျက်ရှိသော ပန်းခင်းစီမံချက် အား အောင်မြင်ပြီးမြောက်စေရေး ဝိုင်းဝန်းဆောင်ရွက် ရန်လိုအပ်သည့်အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နိုင်ငံများတွင် ကူးစက်မှုနှုန်းမြင့်မား လျက်ရှိခြင်းကြောင့် စစ်ဆေးမှုများ၊ သီးသန့်စောင့်ကြပ် ကြည့်ရှုမှုများကို သတ်မှတ်ထားသည့်အတိုင်း တိတိ ကျကျလိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အခြေ အနေ၊ လူတစ်ဦးချင်းစီ၏ ကိုဗစ်-၁၉ အတွက် မိမိ ကိုယ်ကိုမိမိ ကြိုတင်ကာကွယ်ခြင်းသည် အဓိက အချက်ဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက် များ၊ လူတိုင်းတစ်ဦးချင်း လိုက်နာရမည့် အချက်များ ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ပညာပေးဆောင်ရွက်သွား ရန်လိုအပ်သည့်အခြေအနေ၊ သီးခြားစောင့်ကြပ် ကြည့်ရှုမည့်နေရာများ ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိရာ တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် လည်း လိုအပ်မှုများဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည့်အခြေအနေကို အသေးစိတ်ရှင်းလင်း မှာကြားသည်။
ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံအားပေး
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီးနှင့် တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀) သို့ သွားရောက်၍ ဆေးရုံ တက်ရောက်ကုသလျက်ရှိသော အရာရှိ၊ စစ်သည် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံအားပေး၍ ဆေးဝါး ကုသမှုအခြေအနေများကို မေးမြန်းကာ စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်