
ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တွေ့ဆုံ
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးမောင်းဟာတို့သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအုပ်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများနှင့် အခက်အခဲများကြားမှ နိုင်ငံတော်တာဝန်အား ကျေပွန်စွာ ထမ်းဆောင် လိုစိတ်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက် မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် အခက်အခဲ ရှိပါက တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဟားခါးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်ဝင်းက ဆေးရုံအတွက် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ၊ အခြားအုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးတို့က ဖြည့်စွက်တင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင်များက ဆေးရုံဝန်ထမ်းနှင့် လူနာများအတွက် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကြရာ ဆေးရုံအုပ် ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးမောင်းဟာ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တည်ဆောက်ဆဲ အောက်ဆီဂျင်စက်ရုံနှင့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးများဖြင့် အောက်ဆီဂျင် သိုလှောင်ထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှု ကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးမောင်းဟာနှင့် အဖွဲ့ဝင်များသည် ဟားခါးမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ရောက်ရှိပြီး ပြည်နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက် ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထိုမှတစ်ဆင့် ဟားခါးမြို့ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တ ဒေါက်တာ အရှင်တေဇောသာရအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင်များသည် ဟားခါးမြို့ရှိ နယ်မြေခံတပ်သို့ သွားရောက်ပြီး အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တွေ့ဆုံကာ လိုအပ် သည်များ မှာကြား၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်