
နေပြည်တော် ဖေဖော်ဝါရီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး လိုဏ်ဂူတော် အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် စေတီတော် မြတ်ကြီး ဝင်းအတွင်းရှိ အောင်စကြာမုနိ သိမ်တော်မြတ်ကြီးတွင် ကိန်းဝပ်စံပယ် တော်မူလျက်ရှိသည့် စကြာမုနိ သွန်းစက်တော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် မြတ်တို့အား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကြပြီး အလှူငွေ များ ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်း ဘက်စုံပြုပြင်မွမ်းမံ ထားရှိမှု၊ ဘုရားရင်ပြင်တော်နှင့် အောင်စကြာမုနိ သိမ်တော်ကြီးအား ပြုပြင်မွမ်းမံရန် စီစဉ်ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် အဖွဲ့ဝင်များသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင် ရေး စီမံကိန်းဖြစ်သည့် စစ်တွေဆိပ်ကမ်း သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ကမ်း ရှင်းလင်းဆောင်၌ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ပြည်နယ်ဆိပ်ကမ်း အရာရှိချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူ များက တည်ဆောက်ပြီးစီးသည့် ဆိပ်ခံ တံတားနှင့် ကျောထောက်နောက်ခံ ဆိပ်ကမ်းအဆောက်အအုံများ၊ စစ်တွေမြို့မှ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ချင်းပြည်နယ် ပလက်ဝမြို့အထိ သောင်တူး ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှု၊ ချဉ်းကပ် တံတားပါဝင်သော ပလက်ဝဆိပ်ကမ်း တည်ဆောက်ခြင်း၊ ဆိပ်ကမ်းဝင်းအတွင်း ရုံးနှင့် ဆက်စပ်အဆောက်အအုံများ တည်ဆောက်ပြီးစီးမှု၊ စစ်တွေဆိပ်ကမ်း အဝင် ရေလမ်းကြောင်းနှင့် ကုလားတန် မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြ အမှတ်အသားများ တပ်ဆင်ထားရှိမှု၊ ဆိပ်ကမ်းတွင် ရေယာဉ်လမ်းကြောင်း တူးဖော်နေမှု၊ ပလက်ဝမြို့မှ မြန်မာ-အိန္ဒိယနယ်စပ်အထိ အဝေးပြေး မော်တော် ကားလမ်းဖောက်လုပ်မည့် အခြေအနေ အပါအဝင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ အချက်အလက်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် စစ်တွေဆိပ်ခံတံတား နှင့် ဆိပ်ခံတံတားအနီးတွင် သောင် တူးဖော်နေမှု၊ ရေယာဉ်များ ဆိုက်ကပ် ထားရှိမှုတို့ကို ကြည့်ရှုကြသည်။
အကျိုးကျေးဇူးများ
အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းသည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများပေါ်ပေါက်လာပြီး အိန္ဒိယ နိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက် ကုန်သွယ်နိုင်မည်ဖြစ်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေခြင်း၊ ဒေသခံ ပြည်သူများအား အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများ အနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့်ခရီးသွားများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာ နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိ လာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်