
ဘားအံ နိုဝင်ဘာ ၄
(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ထွန့်ပတိုင်ရေကန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီ က ဘားအံမြို့နယ် ကော့သင်းရှူးကျေးရွာအုပ်စုရှိ အဆိုပါလမ်းမုခ်ဦး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက် ဖွင့်လှစ်ပေး ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ အဖွဲ့ဝင် စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် များသည် ထွန့်ပတိုင်ချမ်းသာကြီးကျောင်းဆောင် ၌ ထွန့်ပတိုင်ရေကန် ဦးစီးတည်ထောင်သူ ကျောက်ကလပ်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းကြသည်။
ဒေသ၏ခရီးသွားလုပ်ငန်း တိုးတက်လာမည်
ထို့နောက် ထွန့်ပတိုင်ရေကန် အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခင် မူလရေကန်အဝင်လမ်းသည် မြေသားလမ်းဖြစ်ပြီး လမ်းအရှည် ၅ ဖာလုံအား ၁၄ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ကြောင့် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ အတွက် အသွားအလာအဆင်ပြေချောမွေ့သွားပြီ ဖြစ်ကြောင်း၊ ထွန့်ပတိုင်ရေကန်အဝင်လမ်းသည် ခရီးသွားပြည်သူများ အသွားအလာများသောနေရာတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသ၏ခရီးသွား လုပ်ငန်း တိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) က လမ်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦး က ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးခင်ဇော် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများအား လမ်းဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ် သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး (အပေါ်ပုံ) လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးကြကာ လမ်းဖွင့်ပွဲအခမ်းအနားတွင် လာရောက်သီဆို ကပြဖျော်ဖြေပေးကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယနေ့ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်သည် အရှည် ၅ ဖာလုံ၊ အကျယ် ၁၄ ပေရှိပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၉၄ ဒသမ ၅၅၅ သန်းဖြင့် Burma Palace ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ပြီးစီး၍ ယနေ့ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ထွန့်ပတိုင်ကန်တော်မင်္ဂလာနှင့် ထွန့်ပတိုင်တံတား တို့ကို လှည့်လည်ကြည့်ရှုကြပြီး ထွန့်ပတိုင်(ထမ္မတိုင်)တောင်ခြေ ကျောက်သားနံရံ၌ မြတ်စွာဘုရားရှင်အား ရည်မှန်းပုံဖော်ထုဆစ်ထားသော နဂါးရုံဗုဒ္ဓရုပ်ပွား တော်အား ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့ နယ် နောင်လုံ(အရှေ့)ကျေးရွာ၊ ကွင်းအမှတ် ၁၁၄၇၊ တောင်သူဦးမောင်ရှိန်၏ လယ် ၅ ဧက အတွင်း ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့ပေးအပ်ခြင်းနှင့် အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို တက်ရောက်အားပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စားနပ်ရိက္ခာ ဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း၊ ယခုကဲ့သို့ မိုးစပါးအပြီး တွင် အခြားအလားအလာရှိသည့်သီးနှံများကို နှစ်သီး မှ သုံးသီးအထိစိုက်ပျိုးထုတ်လုပ်မှသာလျှင် ဆန်/ဆီ/ပဲ ဖူလုံပိုလျှံပြီး ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး သာယာဝပြောလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် သီးနှံများတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပြည်နယ်၏လိုအပ်ချက်၊ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ရှေးရှုပြီး အဘက်ဘက်မှ အားပေးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်
ယင်းနောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ် မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဆောင်းဆီထွက်သီးနှံနေကြာစိုက်ပျိုးကြမည့် အိန္ဒု၊ လွန်းည၊ နောင်လုံ (အရှေ့)၊ နောင်လုံ(အနောက်)၊ အိန္ဒဲကျေးရွာများမှ တောင်သူများကို နေကြာမျိုးစေ့များ ထောက်ပံ့ ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဆောင်းဆီထွက်သီးနှံ နေကြာအစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှု ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော တောင်သူပညာပေးပြခန်းငယ်များနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို တောင်သူများထံ ဈေးနှုန်းချိုသာစွာ ရောင်းချပေး နေသည့် အခြေအနေများကို ကြည့်ရှုအားပေးကြ သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲပိုင်းက တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံ တော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာသာမိ(တောမှီ ရဟန်း) အရှင်သူမြတ်အား သွားရောက်ဖူးမြော် ကြညညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေ များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်