
နေပြည်တော် ဖေဖော်ဝါရီ ၂၄
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ ဘိလိယက်နှင့်စနူကာ အားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ ပြိုင်ပွဲဝင်အသင်းများ မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက် ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်ကြသည့် အားကစား မောင်/မယ်များသည် မိမိတို့ ကိုယ်စားပြု ယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်း အနိုင်ရရှိရေးအတွက် မိမိတို့၏ အစွမ်းအစ၊ အရည် အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး ကြိုးစား ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစား စိတ်ဓာတ် အပြည့်အဝဖြင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွား ရန် လိုအပ်ကြောင်း၊ ထို့ပြင် အားကစားသမား ကောင်းများ ပီသစွာ သတ်မှတ်ထားသည့် စည်း မျဉ်း/ စည်းကမ်းများကို လေးစား လိုက်နာကြစေလိုကြောင်း၊ ယခု ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြ ရန် တိုက်တွန်းမှာကြားရင်း ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက် ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာ အဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့ သည် ပြိုင်ပွဲဝင် အားကစားသမား များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး(ဝဲပုံ) ပြိုင်ပွဲ ပွဲစဉ် ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို အလားအလာ ကောင်းမွန်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက် လာစေရေး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ အားကစား သမားများအချင်းချင်း ချစ်ခင် ရင်းနှီးမှုရရှိစေရေးနှင့် မြန်မာ့ လက်ရွေးစင် အားကစားသမား များအား အထောက်အကူပြုနိုင် မည့် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက် လာစေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၃ သင်းနှင့် အမျိုးသမီး အသင်း ၁၀ သင်းတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ရာ အားကစား ကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူ မဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။
သတင်းစဉ်