
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ
ကွင်းဆင်းဆေးကုသပေးနေမှု နှင့် ပန်းတနော်မြို့နယ် ဘုရားချောင်းကျေးရွာအုပ်စု၌ Gasifier ၊ Gas Engine
စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုအားပေး
ပုသိမ် မေ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က ပန်းတနော်မြို့နယ် အင်းမကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး မအူပင်ခရိုင် ပြည်သူ့ဆေးရုံ ကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း ၍ ဒေသခံပြည်သူများအား ကျန်းမားရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှု အားပေးသည်။
ဆေးကုသမှုကြည့်ရှုအားပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် အထွေ ထွေရောဂါကုသမားတော်၊ နှာခေါင်းနှင့် လည်ချောင်းအထူးကု၊ ခွဲစိတ်ရောဂါအထူး ကု၊ မျက်စိအထူးကု၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကု၊ ဓာတ်မှန်၊ သွား နှင့် ခံတွင်းရောဂါအထူးကု၊ စိတ်ရောဂါ အထူးကု၊ ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကု၊ အရိုးအကြောအဆစ် ပြန်လည်သန်စွမ်း ရေး အထူးကုဆရာဝန်ကြီးများ ဦးဆောင် ၍ ဒေသခံပြည်သူများအား ကွင်းဆင်း ဆေးကုသမှုပေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးကာ(အပေါ်ပုံ) အထူးကု ဆရာဝန်ကြီးများကို လက်ဆောင်ပစ္စည်း များ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မအူပင် ခရိုင် ပန်းတနော်မြို့နယ် ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ ရောက်ရှိကြပြီး စပါးခွံလောင်စာသုံး Gasifier engine ဖြင့် လျှပ်စစ်ဓာတ် အားပေးစက်ရုံ တည်ဆောက်တပ်ဆင် ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။(ယာပုံ)
လိုက်လံရှင်းလင်းပြသ
ကြည့်ရှုစဉ် Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်ရုံ၌ Gasifier စနစ်ဖြင့် လျှပ်စစ် ၁၂ မဂ္ဂါဝပ် ထုတ်လုပ်ရန်အတွက် Reactor မီးဖို ၁၂ လုံး တည်ဆောက်ထားရှိမှု၊ မီးဖိုနှင့်ဆက်စပ် လည်ပတ်မည့် Gas Engine ၁၃ လုံး ရောက်ရှိတပ်ဆင်ထားမှု၊ Gas ပို့လွှတ် စမ်းသပ်ထုတ်လုပ်နေမှုနှင့် အဆင့်ဆင့် ထုတ်လုပ်သွားမည့် အခြေအနေများ၊ သန့်စင်ဓာတ်ငွေ့များကို ဓာတ်ငွေ့လှောင် ကန်တွင်စုဆောင်းပြီး Gasifier Engine သို့ ပို့လွှတ်ကာ လျှပ်စစ်ထုတ်လုပ်သည့် စနစ်၊ စပါးခွံများ စနစ်တကျသိုလှောင် နိုင်ရန် သိုလှောင်ရုံများ တည်ဆောက်နေမှု၊ CARBON - BASED ORGANIC NPK FERTILIZER စက်ရုံတည်ဆောက်ရေး စီမံကိန်း လျာထားဆောင်ရွက်နေမှု၊ ရေထိန်းကန်များ၊ ရေသွင်းရေထုတ်မြောင်း များ၊ ရေထိန်းတံခါးနှင့် ငါးမွေးကန်များ တည်ဆောက်ပြီးစီးမှု၊ ဇီဝလောင်စာသုံး စပါးခွံ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဇီဝလောင်စာသုံး Bio-mass စပါးခွံအသုံးပြု၍ Steam Turbine စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် သည့် စက်ရုံတွင် Steam Turbine နှစ်လုံး နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု၊ ခေတ်မီ Circular Tank (Intensive Culture) စနစ်ဖြင့် စမ်းသပ်ငါးမွေးမြူနေမှု၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အေးခဲစက်ရုံတွင် အအေးပေးသည့်စနစ် အတွက် စက်ပစ္စည်းများ တပ်ဆင်ပြီးစီး နေမှုများ၊ Automatic Cold Storage Warehouse စနစ်အတွက် Racking System များ တပ်ဆင်နေမှုများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသ ကြသည်၊၊
နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိရေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့အား Global Earth Agro & Aqua Industry Public ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌက ကုမ္ပဏီအစည်း အဝေးခန်းမ၌ စီမံကိန်းလုပ်ငန်းဆောင် ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို စပါးခွံ လောင်စာသုံး (Gasifier)မှ ၁၂ မဂ္ဂါဝပ်နှင့် စပါးခွံလောင်စာသုံး ရေနွေးငွေ့လျှပ်စစ် ဓာတ်အားမှ ၃၀ မဂ္ဂါဝပ်ဖြန့်ဖြူးထုတ်လုပ် ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင် ရွက်နေမှု၊ စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ငါးမွေးမြူရေးမှစ၍ တန်ဖိုးမြင့်ထုတ်ကုန် အမျိုးမျိုးကို ပြည်တွင်း၊ ပြည်ပဈေးကွက် များသို့ ရောင်းချနိုင်မည့်အခြေအနေ၊ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ သွင်းကုန် အစားထိုးစီမံချက်နှင့် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိရေးအတွက် အထောက်အကူ ပြုနိုင်မည့်အခြေအနေ၊ ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းများနှင့် တိရစ္ဆာန်အစာ တောင့်ထုတ်လုပ်မည့် အခြေအနေများ၊ ISO လက်မှတ်ရ ဓာတ်ခွဲခန်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier Engine နှင့် Steam Turbine တို့ဖြင့် လျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် စပါးခွံလိုအပ်ချက်နှင့် ငါးအစာတောင့် အတွက် ကုန်ကြမ်းလိုအပ်ချက်အပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော် ၏ လျှပ်စစ်လိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးသည့်အနေ ဖြင့် စပါးခွံလောင်စာအသုံးပြု Gasifier Engine စနစ် / Steam Turbine စနစ်တို့ ဖြင့် ၄၂ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး စက် တပ်ဆင်လျက်ရှိရာ လျာထားသတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် ငါးအစာ တောင့်ထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများကို တိုင်းဒေသကြီးမှ ဖြည့်ဆည်းပေးပြီး လုပ်ငန်းအောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
စပါးကြိတ်ခွဲစက်ကြည့်ရှုအားပေး
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်သည် ညောင်တုန်း မြို့နယ် ကျွန်းဦးကျေးရွာအုပ်စုရှိ “ဝါဝါဝင်း” စိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ ရောက်ရှိပြီး ကုမ္ပဏီစိုက်ခင်းမှ ရိတ်သိမ်းထားသော ထွန်းပု၊ GW 11 ၊ ရက် ၉၀ စပါးများကို စပါးကြိတ်ခွဲစက်အသေးဖြင့် ကြိတ်ခွဲနေမှု ကို ကြည့်ရှုအားပေးသည်။
ထို့နောက် ရှင်းလင်းဆောင်၌ ကုမ္ပဏီ မန်နေဂျာက “ဝါဝါဝင်း” စိုက်ပျိုးမွေးမြူ ရေးကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ငါးမွေးမြူရေးလုပ်ငန်းနှင့် စပါးစိုက်ပျိုး ရိတ်သိမ်းမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကုမ္ပဏီဝင်း အတွင်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်