နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

 

စစ်တွေ     ဧပြီ    ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒေါ်အေးနုစိန်သည်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ   ယနေ့နံနက်ပိုင်းက  သံတွဲမြို့နယ်အတွင်း  ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့်  ပြည်ပပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသော သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရှိ  TMP အအေးခန်းနှင့်ရေခဲစက်ရုံကို သွားရောက်ကြည့်ရှုကြသည်။

 


လှည့်လည်ကြည့်ရှု


ရှေးဦးစွာ        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         အဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် အဖွဲ့တို့ကို TMP အအေးခန်းနှင့်         ရေခဲစက်ရုံ မန်နေဂျာက    အအေးခန်းစက်ရုံ လည်ပတ်နေမှု၊    စက်ရုံဝန်ထမ်း အင်အား၊ တစ်ရက်ကုန်ချောထုတ် လုပ်နိုင်မှုအခြေအနေ၊    ပြည်ပ နိုင်ငံများသို့  တင်ပို့ရောင်းချနေမှု အခြေအနေ၊   မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်နေမှု၊  လတ်ဆတ် ကောင်းမွန်သော    ကုန်ကြမ်းများ အခြေခံ၍    နှစ်စဉ်ကုန်ချော ထုတ်လုပ်မှု  တိုးတက်လုပ်ဆောင် နိုင်ရန် ဆောင်ရွက်နေမှုအခြေအနေတို့ကို     ရှင်းလင်းတင်ပြသည်။ ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် နှင့်အဖွဲ့သည်  အအေးခန်းစက်ရုံ အတွင်း ငါး၊ ပုစွန်၊ ကဏန်းများကို ကုန်ချော       ထုတ်လုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့  တင်ပို့နိုင်ရန် ဆောင်ရွက်နေမှုတို့ကို  လှည့်လည် ကြည့်ရှုကြသည်။

 


ပြည်ပဈေးကွက်သို့တင်ပို့


ရခိုင်ပြည်နယ်တွင်    သဘာဝ နယ်မြေများအတွင်းရှိ   ၈၀ ဂရမ် အောက် ကဏန်းများကို ဖမ်းဆီး သယ်ဆောင်ခွင့်  တားမြစ်ထားပြီး ကဏန်းဝယ်ယူသည့်   ကုမ္ပဏီများ ကလည်း  ငါးလုပ်ငန်းဦးစီးဌာန၏ သတ်မှတ်စံချိန်နှင့်  ကိုက်ညီမှုမရှိ သည့် ကဏန်းများကို ဝယ်ယူခြင်း မရှိကြောင်း၊   ရခိုင်ပြည်နယ်တွင် သံတွဲ၊   စစ်တွေနှင့်   ကျောက်ဖြူ ခရိုင်တို့မှ     ကဏန်းအများဆုံး ထွက်ရှိလျက်ရှိရာ   အဆိုပါဒေသ တို့မှ အေးခဲစက်ရုံများက  ကဏန်း ပျော့ ထုတ်လုပ်၍ ပြည်ပဈေးကွက် သို့  တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်မှ ထွက်ရှိသော ငါး၊ ပုဇွန်၊     ကဏန်းပျော့များအား တရုတ်၊  ဂျပန်၊  တရုတ်(တိုင်ပေ)၊ ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။ 

 


ညနေပိုင်းတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်      အဖွဲ့သည် သံတွဲမြို့နယ်           ငပလီမြို့ရှိ ပြည်တွင်း၊   ပြည်ပ   ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ် နိုင်ရန်  ဆောင်ရွက်ထားရှိသည့် ပေါင်ဝန်မြပတ္တမြား   ဥယျာဉ်သို့ သွားရောက်ပြီး လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်