
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ သတင်းမီဒီယာများက မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-
မေး။ မြောက်ဒဂုံမှာ ကိုဗစ်လူနာ ဟန်ဆောင်ပြီး စေတနာ့ဝန်ထမ်း ဆရာဝန် ငါးဦးကို ဖမ်းသွားတယ်၊ အောက်ဆီဂျင်အိုးနဲ့ ဆေးပစ္စည်းတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သိမ်းသွားတယ် လို့ သတင်းတွေ တက်နေပါတယ်။ အပြင်မှာလည်း အဲဒီသတင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်နေပါတယ်။ အဲဒီကိစ္စမှန်၊ မမှန် ဘာကြောင့်ဖမ်းရတယ်ဆိုတဲ့ အဖြေမှန်ကို သတင်းထုတ်ပေးစေချင် ပါတယ်။
ဖြေ။ မြောက်ဒဂုံရှိ စေတနာ့ဝန်ထမ်း ဆေးကုသပေးနေတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြု ဆရာဝန်နဲ့
စေတနာ့ဝန်ထမ်းအဖွဲ့ကို လုံခြုံရေးအဖွဲ့များက ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှာ ဖမ်းဆီးပြီး ငွေကျပ် ၃၂ သိန်း တန်ဖိုးရှိ ဆေးဝါးတွေနဲ့ အောက်ဆီဂျင်အိုးတွေ၊ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံရကြောင်း အဖွဲ့ခေါင်းဆောင် ဦးချမ်းလေးရဲ့ ပြောကြားချက်အရဆိုပြီး BBC Burmese နဲ့ Myanmar Now သတင်းဌာနများက ထုတ်ပြန်လျက်ရှိပါတယ်။
အဆိုပါ သတင်းက အမှန်တကယ်ဖြစ်ပွားမှုမရှိတဲ့ သတင်းဖြစ်ပြီး မြောက်ဒဂုံမှာ အဆိုပါ CDM ဆရာဝန်၊ စေတနာ့ဝန်ထမ်းတွေ ဖမ်းဆီး ထားခြင်းမရှိပါ။ ဘာရည်ရွယ်ချက်နဲ့ ပြည်သူလူထုအတွင်း ယခုလို မဟုတ်မမှန်လုပ်ကြံသတင်းတွေ ထုတ်လွှင့်နေတာကို စိစစ်လျက်ရှိပါ တယ်။ CDM ဆရာဝန်တွေ၊ CDM ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ လူနာတွေ ကို ဆေးဖိုးဝါးခ အဆမတန်တောင်းယူပြီး နေအိမ်တွေမှာ လျှို့ဝှက်ကုသ ပေးနေကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် လူနာများအား မိမိအစီအစဉ်နဲ့ ဆေးကုသနိုင်အောင် ညွှန်ပြမှုများကြောင့် လူနာများမှာ အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေကြကြောင်း စတဲ့ သတင်းတွေ ပြည်သူလူထုအတွင်း ပျံ့နှံ့လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
မေး။ NLD ပါတီက ဦးဉာဏ်ဝင်းဟာ ကိုဗစ်နဲ့ဆုံးသွားပြီလို့ သတင်း ထွက်လာပါတယ်။ မြန်မြန် အတည်ပြု ပေးစေလိုပါတယ်။ အလေးထားပြီး ပြန်ကြားပေးစေလိုပါတယ်။
ဖြေ။ NLD ပါတီမှ ဦးဉာဏ်ဝင်းဟာ ဆေးကုသမှုခံယူနေရာမှ ယခင် ရောဂါ အခံဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့နဲ့ ယနေ့ နံနက် ၉ နာရီက အင်းစိန်ထောင်မှာ သေဆုံးခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံ လုံးရှိ အကျဉ်းထောင်တွေမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ အကျဉ်းသား အကျဉ်းသူ ၃၇၅ ဦး ရှိခဲ့ပြီး အကျဉ်းထောင်များအလိုက် အကျဉ်းထောင် ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကိုဗစ်-၁၉ ရောဂါ Positive Center တွေ သီးခြားထားရှိ ဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းတဲ့အထိ ကုသပေးလျက်ရှိပါတယ်။ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ သက်သာ ပျောက်ကင်းပြီး အကျဉ်းထောင်အလိုက် ဆေးရုံမှဆင်းရသူ ၁၅၂ ဦး၊ ဆက်လက်ကုသမှုခံယူဆဲ ၂၀၈ ဦးဖြစ်ပြီး ယနေ့နံနက် ဦးဉာဏ်ဝင်း သေဆုံးတဲ့အချိန်ထိ သေဆုံးသူ ၆ ဦးသာ ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ပြီး ရောဂါပျောက်ကင်း၍ လွတ်ရက်စေ့ပြီး လွတ်မြောက်ခဲ့သူ ၉ ဦးရှိပါတယ်။ ရောဂါဖြစ်ပွားနေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု တွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။