
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး အေးသဇင်မြင့် က MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-
မေး ။ ။ ဇူလိုင် ၇ ရက်နေ့က ပဲခူးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို အသုံးပြုပြီး NLD ထောက်ခံသူ အကြမ်းဖက် သမားက ဗုံးထောင်ထားရာက ပေါက်ကွဲမှုဖြစ်ပွားတဲ့အတွက် တပ်မတော်သားတစ်ဦး အသက်ဆုံးရှုံးလိုက်ရတယ်လို့ ကြားသိရ ပါတယ်။ အဆိုပါသတင်း ဖြစ်စဉ်အမှန်ကို သိလိုပါတယ်ခင်ဗျာ။
ဖြေ ။ ။ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးတာ၊ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ဖြစ်စဉ်အမှန်က ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ကျုံးဘေးက အများပြည်သူ အပန်းဖြေရာနေရာမှာ ဇူလိုင်လ ၇ ရက် နံနက် ၉ နာရီခန့်မှာ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာ ကျုံးဘေးမှာစိုက်ထားတဲ့ ပုဏ္ဏားရိက်ပင်ကြားမှာ အချင်း ၁ပေ၊ အနက် ၆ လက်မခန့်ရှိတဲ့ ပေါက်ကွဲနေရာတစ်ခု၊ ပတ်ဝန်းကျင်မှာ ၉ ဗို့ဓာတ်ခဲ အပိုင်းအစတွေနဲ့ မူလီအသေးအလုံး ၅၀ ကို တွေ့ရှိရပြီး လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် သန့်ရှင်းရေးဆောင်ရွက်နေတဲ့ အလုပ်သမားတစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ လူနာကိုတော့ ပဲခူးမြို့ပြည်သူ့ ဆေးရုံမှာ ဆေးကုသပေးလျက်ရှိပြီး မိုင်းဖောက်ခွဲခဲ့တဲ့ အကြမ်းဖက် တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ BBC က ဒီပဲယင်း မြို့နယ်မှာ စစ်ရှောင်တွေရှိတဲ့ တောထဲ အထိ တပ်မတော်ကနေ လိုက်လံပစ်ခတ်နေတယ်လို့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားတာတွေ့ ရပါတယ်။ ဒီဖြစ်စဉ် မှန် မမှန် သိချင်ပါတယ်။
ဖြေ ။ ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို တောထဲအထိ လိုက်လံပစ်ခတ်ဖမ်းဆီးတယ်ဆိုတဲ့ BBC သတင်းက မမှန်ပါဘူး။ ဇွန်လ ၂၅ ရက်မှာ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေး ရွာနေ ဦးနုတင်သိန်း ၅၂ နှစ်ကို အကြမ်းဖက်သမားနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ PDF လို့ ခေါ်တဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေက ရွာထဲကိုဝင်ပြီးတော့ ပြည်သူတွေကို လူအင်အား၊ လက်နက်အင်အားနဲ့ ခြိမ်းခြောက်တာတွေ လုပ်လာ ပါတယ်။ ဒီဒေသတွေဟာ ယခင်က တပ်မတော်စစ်ကြောင်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားစရာမလိုတဲ့ တည်ငြိမ် အေးချမ်းတဲ့ နေရာတွေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုနည်းတဲ့ဒေသဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီးတော့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေလာရင် ဖမ်းဆီးမယ်၊ ရိုက်နှက်ညှဉ်းဆဲမယ် စသည်ဖြင့် ခြောက်လှန့်ထားတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျေးရွာ အနီးရောက်တာနဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးကြတဲ့အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း တမင်ဖန်တီး နေတာဖြစ်ပါတယ်။
စစ်ဘေးရှောင်ရွာတွေဆိုတဲ့ အသုံးအနှုန်းဟာ အနောက်မျှော် မီဒီယာတွေ အမြဲသုံးနေကျဖြစ်ပါတယ်။ အဲဒီဒေသမှာ စစ်ဖြစ်တာ မရှိပါဘူး။ ဒေသခံတွေအနေနဲ့ ဘာအပြစ်မှလုပ်ထားတာမရှိလို့ ရှောင်စရာလည်းမလိုပါဘူး။ ဒါ့အပြင် တိုက်ပွဲရှောင်စခန်းတို့၊ ဒုက္ခသည်စခန်းတို့ဆိုတာဟာ ဖွင့်ချင်တိုင်းဖွင့်၊ နေချင်တိုင်းနေလို့ မရပါဘူး။ ဒါကို သိဖို့လိုပါမယ်။ လက်နက်ကိုင်အကြမ်းဖက်သမား တွေဟာ ဒေသခံတွေကို ခုတုံးလုပ်ပြီး အဘက်ဘက်က ကူညီထောက်ပံ့ မှုတွေကိုလိုချင်လို့ ဒေသခံပြည်သူတွေရဲ့ဘဝကို ချနင်းနေတာ ဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ စုပေါင်းအင်အားကိုယူပြီး ဒီအကြမ်းဖက်လက်နက်ကိုင်တွေကို လက်မခံဖို့၊ ရောက်လာခဲ့ရင် လည်း တာဝန်ရှိသူတွေကို သတင်းပေးဖို့လိုပါမယ်။ ဒါမှသာ အဲဒီ ဒေသတွေဟာ အရင်လို ပြန်လည်အေးချမ်းတည်ငြိမ်မှာ ဖြစ်ပါတယ်။
မေး ။ ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတား အနီးက စုပေါင်းဂိတ်မှာ ဇူလိုင် ၇ ရက် ညနေ ၅ နာရီက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး သွားခဲ့တယ်လို့ DVB TV News မှ ရေးသားဖော်ပြမှုနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို သိချင်ပါတယ်။
ဖြေ ။ ။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဗလမင်းထင်တံတား လုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ဟာ သောင်းကျန်း သူများ ဖြတ်သန်းမှုမရှိစေရေး၊ မူးယစ်ဆေးဝါးများနဲ့ တရားမဝင် ကူးသန်းရောင်းဝယ်မှုများမရှိစေရေး စစ်ဆေးလျက်ရှိရာ ဇူလိုင်လ ၇ ရက် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်မှာ ဝိုင်းမော်မြို့က မြစ်ကြီးနားမြို့ ဘက်ကို မောင်းနှင်လာတဲ့ နက်ပြာရောင် Pajero ယာဉ်တစ်စီးဟာ လုံခြုံရေးအဖွဲ့တွေကို မြင်တွေ့ပြီး ဝိုင်းမော်ဘက်ကို ပြန်လှည့် မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရပ်တန့်ဖို့ရည်ရွယ်ပြီး လက်နက်ငယ်တစ်ချက် မိုးပေါ်ထောင်ဖောက် ခြောက်လှန့်ပစ်ခတ်ခဲ့ပေမယ့် ရပ်တန့်ခြင်းမရှိတဲ့အပြင် လုံခြုံရေး အဖွဲ့တွေရှိရာကို ယာဉ်ပေါ်က ပြန်လည်ပစ်ခတ် ထွက်ပြေးသွားပါတယ်။
အဲဒီဖြစ်စဉ်မှာ Pajero ယာဉ်ပေါ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ပစ်ခတ်ခဲ့တဲ့ ကျည်ကြောင့် စစ်ဆေးရေးဂိတ်အနီး သစ်သီးမျိုးစုံရောင်းချနေတဲ့ ဒေါ်စီစီ အသက် (၃၅) နှစ်၊ လီဆူ/ခရစ်ယာန်၊ စီတာပူရပ်ကွက်၊ ငွေပျော်ကောင်းအပိုင်းနေထိုင်သူရဲ့ ဝဲတင်ပါး ဖောက်ဝင်ဒဏ်ရာရရှိခဲ့တဲ့အတွက် တပ်မတော်ဆေးရုံကိုပို့ပြီး ဆေးကုသမှုပေးနေစဉ်မှာပဲ ညနေ ၅ နာရီ ၅၅ မိနစ်မှာ ရရှိဒဏ်ရာနဲ့ သေဆုံးသွားခဲ့မှု ဖြစ်ခဲ့ပါတယ်။
မေး ။ ။ လူမှုကွန်ရက်ပေါ်မှာ “တပ်မတော်သတင်းမှန် ပြန်ကြား ရေး” ဆိုတဲ့အမည်နဲ့ Page တစ်ခုကို တွေ့ရှိရပါတယ်။ အဆိုပါ Page ဟာ တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ Page အမှန် ဟုတ် မဟုတ် သိလိုပါတယ်။ အကယ်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ Page မဟုတ်ဘူးဆိုရင်လည်း သတင်းအမှားများ မပြန့်ပွားမီ ထိန်းချုပ်ဖို့ရည်ရွယ်ပြီး မေးမြန်းရခြင်း ဖြစ်ပါတယ်။
ဖြေ ။ ။ တပ်မတော်သတင်းမှန်ပြန်ကြားရေး Facebook Page ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှာ Facebook Team ကနေ သတင်းမှန်တွေ ထုတ်ပြန်ပေးလို့မရအောင် ဖြုတ်ချ ထားတာ ဖြစ်ပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေး Facebook Page အသုံးပြုလို့ရစဉ်ကတည်းက တပ်မတော်သတင်းမှန် ပြန်ကြားရေး Page အတုတွေနဲ့ တပ်မတော်ကို ပုတ်ခတ်တဲ့သတင်းတွေ တင်နေတာတွေ ရှိပါတယ်။ အခုလည်း လူတွေ ယုံမှားသံသယ ဖြစ်အောင် တပ်မတော်သတင်းမှန်ပြန်ကြားရေး Page အတု တက်လာပြီး သတင်းအမှားတွေ ထုတ်ပြန်နေတာ ဖြစ်ပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က Facebook Page ထပ်မံဖွင့်လှစ်ဖို့ မရှိသေးကြောင်း တစ်ခါတည်း ဖြေကြားလိုပါတယ်။