
နေပြည်တော် စက်တင်ဘာ ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် ရန်အတွက် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ Sheremetyevo လေဆိပ်သို့ ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့အား ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီး Colonel General Alexander Vasilyevich Fomin ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခေတ္တတည်းခိုမည့်ဟိုတယ်သို့ ဆက်လက် ထွက်ခွာခဲ့ကြသည်။
ဖူးမြော်ကြည်ညို
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို)သို့ သွားရောက်ပြီး ကျောင်း၌ သီတင်းသုံးနေသည့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိကဗဟုဇန ဟိတဓရ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရနှင့် ကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အစ္ဆရိယတို့အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် သီတဂူဆရာတော်ကြီးထံ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးဆိုင်ရာများ မေးမြန်း လျှောက်ထားပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် သီတဂူဆရာတော် ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်