
နေပြည်တော် ဧပြီ ၁၃
သင်္ကြန်ဆိုသည်မှာ “သင်္ကန္တ” ဆိုသော ပါဠိပုဒ်မှ ဆင်းသက်လာပြီး “ကူးပြောင်း ခြင်း” ဟု အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသော အဓိပ္ပာယ် ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန် ဟုလည်းခေါ်သည်။ အတာသည်လည်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း ဟူ၍ပင် အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန့် တို့နှင့် ပက်ဖျန်းခြင်းကြောင့် စိတ်ကို ကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေ ကြောင်း ဆန္ဒပြုကြလျက် နွေရာသီအပူ များကို အေးမြစေကြောင်း ရေပက်ဖျန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာ ဆင်နွှဲလေ့ ရှိကြသည်။
ထိုသို့ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာ့ရိုးရာအစဉ် အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိရှိ မြက်ခင်းပြင်၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာ ရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များက မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးသည်။
ယင်းနောက် ယိမ်းအဖွဲ့သမီးပျိုများက “ရက်မြတ်သင်္ကြန်” သီချင်းဖြင့် ကပြ ဖျော်ဖြေကြရာ ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသူများက ယိမ်းအဖွဲ့များ နှင့် ဧည့်ပရိသတ်များအား အောင်သပြေ ခက်ဖြင့် အတာရေ ပက်ဖျန်းပေးကြသည်။
ထို့နောက် အခမ်းအနားသို့ တက် ရောက်လာကြသူများအား သင်္ကြန် စတုဒိသာ အစားအစာများဖြင့် တည်ခင်း ဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့ များက တေးသီချင်းများ၊ ယိမ်းအကအလှ များဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့အတူ ယနေ့ ညနေပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများက ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်း မဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နေပြည် တော်တိုင်းမဏ္ဍပ်တို့၏ ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို သွားရောက်ဖွင့်လှစ်ပေးကြ ပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရှိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန် အကြိုနေ့မှ အတက်နေ့ အထိ စည်ကားသိုက်မြိုက်စွာဖြင့် သင်္ကြန် ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေသွားမည်ဖြစ်သည်။
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာများနှင့်အညီ ရိုးရာ မပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူ များကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့ စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ် တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသား ရေး စရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံ တစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်သည်။
သတင်းစဉ်