
မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်သင့် ပြည်သူများ၊ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၊ သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
နေပြည်တော် မေ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ မေ ၂၀ ရက်မှစ၍ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်တို့ရှိ ရေဘေး သင့်ပြည်သူများ၊ မွန်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့ နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
ရေဘေးရှောင်ပြည်သူများအားကူညီ
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အခြေအနေ၊ ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင် စခန်းများသို့ ပြောင်းရွှေ့နေရာချထားမှု၊ ပြည်နယ်အစိုးရနှင့် နယ်မြေခံတပ်မတော် သားများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ရေဘေးရှောင်ပြည်သူများအား ကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေ၊ ရေကြီး ရေလျှံမှုများကြောင့် လမ်း၊ တံတား၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပြုပြင်ပြီးစီးမှုအခြေအနေ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ရေဘေးရှောင်ပြည်သူများ အား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
အခက်အခဲများကိုဖြေရှင်းပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြား ရာတွင် မေ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်ကြုံတွေ့မှုတွင် ပြည်နယ်အစိုးရ ၏ မှန်ကန်သောစုဖွဲ့မှု၊ ကောင်းမွန်သည့် ဇာတ်တိုက်လေ့ကျင့်မှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၄ နာရီအတွင်း ဖြစ်ပေါ်ခဲ့သည့် ပြဿနာအခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် သဘာဝ ဘေးအန္တရာယ်အပေါ် ပြည်နယ်အစိုးရ၏ ဖြေရှင်းဆောင်ရွက်မှုကို မျက်မြင်ကြည့်ရှု၍ လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးနိုင် ရန်နှင့် ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသခံပြည်သူများအား အားပေးစောင့် ရှောက်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ များနှင့် Video conferencing ဖြင့် တွေ့ဆုံ၍ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
သတိပေးစနစ် ခွဲခြားထား
မုန်တိုင်းအန္တရာယ်ကို နားလည် သဘောပေါက်လွယ်စေရန် အရောင် ငါးမျိုးဖြင့် သတိပေးစနစ်ကို အဆင့်လိုက် ကြိုတင်သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ ကြောင်း၊ သိရှိပြီးဖြစ်သော်လည်း ပိုမို ဂရုပြုမိစေရန် ရှင်းပြလိုကြောင်း၊ အဝါရောင် အဆင့်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ် နေပြီး မုန်တိုင်း၏အခြေအနေကို သတိထား နိုင်ရန်နှင့် ပင်လယ်တွင် အလုပ်သွားရောက် လုပ်ကိုင်သည့် ရေလုပ်သားများအား သတိပေးရန်ဖြစ်ကြောင်း၊ လိမ္မော်ရောင် အဆင့်သည် ကမ်းရိုးတန်းသို့ ဦးတည်နေပြီး မုန်တိုင်းသည် မိမိနေထိုင်ရာဒေသသို့ ဦးတည်ရွေ့လျားသည်ဟု သတင်းရရှိပါက မုန်တိုင်း၏ပြောင်းလဲမှုကို အထူးသတိထား စောင့်ကြည့်နိုင်ရန်ဖြစ်ကြောင်း၊ အနီရောင် အဆင့်သည် ကမ်းရိုးတန်းသို့ ၁၂ နာရီ နောက်ပိုင်း မုန်တိုင်းရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်သဖြင့် လုံခြုံစိတ်ချရသည့် နေရာများသို့ ပြောင်းရွှေ့နေရာယူရန်ဖြစ် ကြောင်း၊ အညိုရောင်သည် မုန်တိုင်း အန္တရာယ် ကျရောက်နေချိန်ဖြစ်ပြီး လုံခြုံ စိတ်ချရသည့် နေရာတွင် ခိုလှုံပြီးစီးရန် ဖြစ်ကြောင်း၊ အစိမ်းရောင်အဆင့်သည် မုန်တိုင်း အားပျော့ပျက်ပြယ်သွားပြီဖြစ် ပြီး မိမိတို့၏နေအိမ်များသို့ ပြန်နိုင်သော အခြေအနေဖြစ်ကြောင်း၊ သတိပေးစနစ် အဆင့်အတန်းခွဲခြားထားသည့် အရောင် အညွှန်းများကို ပြည်သူများသိရှိနားလည် ရန်အတွက် ပညာပေးရန် လိုအပ်သလို လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း။
သဘာဝဘေးအန္တရာယ်နှင့် ပတ်သက် လျှင် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီများဖွဲ့စည်း၍ စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက်များ ရေးဆွဲရာတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း၊ ဂီရိမုန်တိုင်း၊ တာလေငလျင်၊ ကလေး-ကလေးဝမြို့ မြစ်သာမြစ်နှင့် နေရဉ္စရာမြစ် ရေကြီးရေလျှံမှုစသည့် အတွေ့အကြုံများကို အခြေခံ၍ ရေးဆွဲထားပြီး ဒေသအလိုက် ဖြစ်ပေါ်တတ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး စသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဟူသည် တားဆီးရန်မဖြစ်နိုင်သဖြင့် မဖြစ်မီက ကြိုတင်ပြင်ဆင်စုဖွဲ့ထားခြင်း၊ ဇာတ်တိုက် လေ့ကျင့်ထားခြင်းနှင့် ဖြစ်ပေါ်လာပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှား နိုင်မည်ဖြစ်ကြောင်း၊ ဖြစ်ပွားပြီးပါကလည်း နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများ အတွက် ကြိုတင်မျှော်တွေး၍ ပြင်ဆင် ထားရန်လိုကြောင်း၊ ဥပမာအနေဖြင့် မုန်တိုင်းနှင့်အတူ ထူးကဲဒီရေတက်ခြင်း ဖြစ်ပေါ်တတ်ပြီး ရေကျချိန်တွင် အညစ် အကြေးများကျန်ရှိခြင်း၊ မှက်၊ ခြင်၊ ယင်များမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပေါ်တတ်ခြင်း၊ မသန့်ရှင်းသည့် ရေကြောင့် ရောဂါဖြစ်စေခြင်းတို့ ရှိလာနိုင် ကြောင်း။
ရာသီဥတုဖောက်ပြန်မှု
သဘာဝဘေးအန္တရာယ်သည် မိမိတို့ တစ်နိုင်ငံတည်းသာလျှင် ခံစားနေရခြင်း မဟုတ်ကြောင်း၊ ကမ္ဘာနှင့်အဝန်း နိုင်ငံ အသီးသီးတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိကြောင်း၊ သဘာဝဘေး အန္တရာယ်တို့ ဖြစ်ပေါ်ရခြင်းအကြောင်း တစ်ချက်အနေဖြင့် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အလွန်အကျွံ ထုတ်လွှင့်မှုများကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေပြီး ဖန်လုံအိမ် နိယာမအရ အိုဇုန်းလွှာများ ပေါက်ပြဲခြင်းမှ တစ်ဆင့် ကမ္ဘာကြီး၏ပူနွေးမှု အရှိန်မြင့်တက် စေကာ ရာသီဥတုပြောင်းလဲဖောက်ပြန် မှုများဖြစ်ပေါ်၍ နောက်ဆက်တွဲအဖြစ် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ကျရောက်စေခြင်းဖြစ်ကြောင်း၊ Climate Change နှင့်ပတ်သက်၍ နိုင်ငံကြီးများ၏ ခေါင်းဆောင်များအနေဖြင့် အကောင်းဆုံး ကျော်လွှားနိုင်ရန် ငြင်းခုံဆွေးနွေး အဖြေရှာနေကြဆဲဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝတရားအရ တားဆီးရန်၊ ရပ်တန့်ရန် မဖြစ်နိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်မှာ ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်တားဆီး ခြင်း၊ အသိပညာပေးခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်း၊ ဘေးအန္တရာယ် ဖြစ်ပေါ်လာ ပါက စီမံချက်အတိုင်း လုပ်ဆောင်ခြင်းနှင့် နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စနစ်တကျ လုပ်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ ကြိုတင်သတ်မှတ်၍မရဘဲ တားဆီးရန်ခက်ခဲသော သဘာဝဘေး အန္တရာယ်များကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၊ ပြည်သူလူထု၊ အထောက်အကူအဖွဲ့များ၊ ပရဟိတအဖွဲ့များ အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထောက်ပံ့ငွေများပေးအပ်
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအား ဆန်နှင့် အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေ များကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက မွန်ပြည်နယ်ရှိ လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များအတွက် ထောက်ပံ့ငွေများကိုလည်း ကောင်း ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သဘာဝ ဘေးသင့်ပြည်သူများအတွက် ဆန်၊ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ် ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး သဘာဝဘေး ထိခိုက်သူများကိုယ်စား ချောင်းဆုံမြို့နယ် ဆယ်ပလာကျေးရွာမှ ဦးမောင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထောက်ပံ့တန်ဖိုး သိန်းပေါင်း ၄၀၀ ကျော်
ယနေ့တွင် မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ထိခိုက်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများ၊ ထောက်ပံ့ငွေများအပါအဝင် ထောက်ပံ့ပေးအပ်ခဲ့သည့် တန်ဖိုးမှာ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၄၀၀ ကျော် ဖြစ်ကြောင်း သိရသည်။
ထို့နောက် သဘာဝဘေးအန္တရာယ် ထိခိုက်ခဲ့သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေးစကားများ ပြောကြားပြီး အသင့်ပြင်ဆင်စုဖွဲ့ထားရှိသော ကူညီ ကယ်ဆယ်ရေးပစ္စည်းများနှင့် ယာဉ်၊ ယန္တရားများကို လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ကမ်းနားလမ်း၊ ကျောက်မီးသွေးလမ်းဆုံ၊ တောင်ဝိုင်းနှင့် ကန်ညီနောင်နေရာများသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ကြသည်။
ယင်းနောက် မော်လမြိုင်မြို့ ဖက်ခင်း လမ်းနှင့် တောင်ဝိုင်းလမ်းများတွင် ရေကြီး ရေလျှံမှုများ လျှော့ချနိုင်ရန်အတွက် ဟောင်သရောမြစ်နှင့် အတ္ထရံမြစ် မြစ်ဆုံရာ နေရာများရှိ လုပ်ငန်းဆောင်ရွက်ပြီးစီးသည့် နေရာများနှင့် ဆောင်ရွက်ဆဲနေရာများသို့ ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်