
ဆရာတော်အရှင်မြတ်တို့ဘုရား-
ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွား ရေးအတွက် ကြပ်မတ်ကွပ်ကဲထိန်းသိမ်းစောင့်ရှောက်ရန် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော် အရှင်မြတ်များအားလုံး သဘောပေါက်ပြီးဖြစ်ကြပါသည်ဘုရား။ ရဟန်း သံဃာတော်များသည် သာသနာတော်တွင် လုပ်ငန်းတာဝန်နှစ်ရပ်ဖြင့် သီတင်းသုံးနေထိုင်တော်မူကြသည့် အားလျော်စွာ ဂန္ထဓုရတာဝန်ကို ဆောင်ရွက်တော်မူကြသော ပရိယတ္တိစာသင်တိုက်ကြီးများ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များက မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်း၊ ဝိပဿနာဓုရတာဝန်ကို ဆောင်ရွက်တော်မူကြ သော ကမ္မဋ္ဌာန်းကျောင်းတိုက်များကလည်း မိမိတို့တာဝန်ကို ကျေပွန် စွာ ထမ်းဆောင်ကြခြင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့ကလည်း အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသည့် သာသနာရေးရာ၊ ဝိနိစ္ဆယ ရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိမိတို့လုပ်ငန်းတာဝန် များကို ကျေပွန်စွာ ကြပ်မတ်ကွပ်ကဲ ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း တို့ဖြင့် သုံးပွင့်ဆိုင်ညီညီညွတ်ညွတ် ဓမ္မာနုဂ္ဂဟကုသိုလ်ထူးကို ဆောင်ရွက် တော်မူနိုင်ကြရေး အလေးပေး လျှောက်ထားအပ်ပါသည်ဘုရား။ သို့မှသာ ဤလောက၌ မကြည်ညိုသေးသောသူတို့ ကြည်ညိုလာကြ ခြင်း၊ ကြည်ညိုပြီးသောသူတို့ကလည်း ပို၍ကြည်ညိုလာကြခြင်းဖြင့် သဗ္ဗညုဘုရားရှင်၏ သာသနာတော်ကြီးသည် ပြစ်မျိုးမထင် အညစ် အကြေးကင်းစင်၍ သန့်ရှင်းစင်ကြယ်စွာ ကြာရှည်အစဉ်တည်တံ့ နေနိုင်မည် ဖြစ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
မြတ်စွာဘုရားရှင်သည် သာသနာတော်မြတ်ကြီး အရှည်ခန့်၍ တည်တံ့နေစေရေးအတွက် လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်တော် မူကြမည့် ပဉ္စဝဂ္ဂီငါးပါးတို့နှင့်တကွ အဂ္ဂသာဝက မဟာသာဝက စသော သာဝက တပည့်သားရဟန်းတော်တို့ကို ရှင်ရဟန်းပြုပေးတော်မူလျက် စည်းမျဉ်းစည်းကမ်းအဖြစ် ဓမ္မဝိနယတို့ကို ဟောကြားဆုံးမကာ သံဃာ့အဖွဲ့အစည်းကြီးကို တည်ထောင်တော်မူခဲ့ပါသည်ဘုရား။ သက်တော်ထင်ရှား ဘုရားရှင်လက်ထက် တပည့်သာဝကအဆက်ဆက် မှ ယခုမျက်မှောက်ခေတ် သာသနာ့တာဝန် ထမ်းဆောင်တော်မူကြသည့် သံဃာထုတိုင်အောင် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြရာ နှစ်ပေါင်း (၂၅၆၇) နှစ်တိုင်ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်ဘုရား။ တပည့်တော်တို့ ၏ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၊ ဂိုဏ်းအသီးသီးမှ သာသနာ့ ဥသျှောင် ဆရာ့ဆရာ မထေရ်ကြီးများကလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရများ၏ သာသနာပြုကုသိုလ်အထောက်အပံ့ကို ရယူလျက် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးများကို ကျင်းပကာ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်း ဓမ္မကံ အဓိကရုဏ်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ သံဃနာယကလက်စွဲ၊ ဝိနိစ္ဆယလက်စွဲ စသည်တို့ကို အတည်ပြုပြဋ္ဌာန်းတော်မူခဲ့ကြပါသည်။ ယင်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်း၍ ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဟူသော ဦးတည်ချက်သုံးရပ်ကို ချမှတ်ကာ “ သံဃာ့ကိစ္စ သံဃာဆောင်ရွက် ” မူအရ သာသနာတော်ကိစ္စရပ်တို့ကို ဆောင်ရွက် လာခဲ့ကြသည်မှာ ပထမအကြိမ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် သက်တမ်းမှ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအကြိမ်အထိ ရောက်ရှိခဲ့ရာ နှစ်ပေါင်း (၄၅) နှစ် တိုင်ရှိခဲ့ပြီဖြစ်ပါ သည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
ထိုသို့ ဘုရားရှင်လက်ထက်တော်မှသည် ယနေ့ခေတ်တိုင်အောင် အယူသီလ တူမျှကြကာ စည်းမျဉ်းစည်းကမ်းတစ်ခုတည်းအတွင်းတွင် တည်ရှိခဲ့သည့် သံဃာ့အဖွဲ့အစည်းကြီးသည် သက်တမ်းရှည်ကြာ စည်းတာပြည့်ဝသိပ်သည်းကျစ်လျစ်လှသည့် အဖွဲ့အစည်းကြီးတစ်ရပ် ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်အဖွဲ့အစည်းနှင့်မျှ နှိုင်းယှဉ်မရနိုင်သည့် မြင့်မြတ်လှသော အဖွဲ့အစည်းကြီးပင်ဖြစ်ပါကြောင်း လျှောက်ထား လိုပါသည်ဘုရား။ ထိုသို့သောအဖွဲ့အစည်းကြီးတွင် ပါဝင်ခွင့်ရကြသည့် တပည့်တော်တို့ သံဃာထုတစ်ရပ်လုံးသည် မိမိတို့ကျင့်သုံးထိုက်သော သီလ သမာဓိ ပညာ သိက္ခာ သုံးရပ် အကျင့်မြတ်ကို ခိုင်မာသည်ထက် ခိုင်မာအောင် မြင့်မားသည်ထက်မြင့်မားအောင် အားစိုက်ကျင့်ဆောင် သည့်အနေဖြင့် ဓုရနှစ်ဖြာ တာဝန်အသီးသီး ကျေပွန်ရင်းနှင့် သာသနာ တော်ဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းတာဝန်များ ကျေပွန်ရေးတို့ကို ဆောင်ရွက်တော်မူကြပါလျှင် ဘုရားရှင်၏ သာသနာတော်မြတ်ကြီး နှစ်ပေါင်း (၅၀၀၀) မက တည်တံ့နေမည်သာ ဖြစ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်း ၊ အခန်း (၆) လုပ်ငန်းတာဝန်များပေးအပ်ခြင်း ၊ ပေးအပ် သော တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဟူသော ခေါင်းစဉ်အောက် တွင် “သံဃာ့အဖွဲ့အစည်းတစ်ဆင့်ဆင့်၌ ပါဝင်သောဆရာတော်သည် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် သံဃာစည်းလုံး ညီညွတ်ရေးတို့ကို ရှေးရှု၍ မိမိအားပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်ဘုရား။ ထိုအခြေခံစည်းမျဉ်းအရ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအခန်း (၆)၊ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း အခန်းတွင် -
(က) ရပ်ကွက်/ကျေးရွာအုပ်စုသံဃနာယကအဖွဲ့၏ လုပ်ငန်း တာဝန်များ၊
( ခ ) မြို့နယ်သံဃနာယကအဖွဲ့၏လုပ်ငန်းတာဝန်များ၊
( ဂ ) တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့၏ လုပ်ငန်း တာဝန်များ၊
(ဃ) နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ လုပ်ငန်းတာဝန် များ
စသည့်လုပ်ငန်းတာဝန်အသီးသီးကို ပြဋ္ဌာန်းသတ်မှတ်ထားပါသည် ဘုရား။ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း အခန်း(၆)၊ အပိုဒ်(၁၀၈)တွင် “နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရဟန်း၊ သာမဏေအားလုံးကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးမှတစ်ဆင့် တာဝန်ခံရမည်”ဟု လည်းကောင်း၊ အပိုဒ် (၁၀၉)၊ အပိုဒ်ခွဲ (က)တွင် “ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး တစ်ခုနှင့်တစ်ခုအကြား သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး နှင့် သံဃာစည်းလုံးညီညွတ်မှုကို တာဝန်ယူဆောင်ရွက်ရမည်” ဟု လည်းကောင်း၊ အပိုဒ်ခွဲ(ဌ)တွင် “တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အစည်းအဝေးကျင်းပရမည်” ဟု လည်းကောင်း စသည်ဖြင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပြဋ္ဌာန်း ထားပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
သံဃာ့အဖွဲ့အစည်းကြီးတည်ရှိခဲ့သည့် (၄၅) နှစ်တာကာလအတွင်း သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စတို့ကို တစိုက် မတ်မတ် ဆောင်ရွက်နိုင်ခဲ့သည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်ပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက် မှု မပြုနိုင်ခဲ့ပါက ဤနှစ်များအတွင်း တပည့်တော်တို့ သာသနာတော် ကြီးသည် ဝိတဏ္ဍဘေးရောထွေးပွေရှုပ် များစွာဆုတ်ယုတ်ပျက်စီး သွားနိုင်သည်ကို ဆင်ခြင်တွေးဆနိုင်ပါသည်ဘုရား။ သို့ဖြစ်၍ သာသနာ တော်အရေး ကြောင်းကျိုးခြင်းရာများကို စဉ်းစားဆင်ခြင်ကြည့်ပါက တပည့်တော်တို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက် ရခြင်း၏ သာသနာတော်အတွက် အကျိုးကျေးဇူးများပုံကို ပြတ်ပြတ် ထင်ထင်သိမြင်နိုင်ပါသည်ဘုရား။ ဤသံဃာ့အဖွဲ့အစည်းအဆင့်ဆင့် မယိုင်လဲမပြိုကွဲအောင် ထိန်းသိမ်းပြုပြင်ကာကွယ်သွားရမည့် တာဝန် သည် မိမိတို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကြီး၏ အဓိက တာဝန်ကြီးဖြစ်ပါပေသည်ဟု နှလုံးသွင်းတော်မူကြလျက် ဤသံဃာ့ အဖွဲ့အစည်းကြီး ခိုင်မာတည်တံ့လျက် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၊ ဂိုဏ်းအသီးသီးရှိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်တို့က နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ သာသနာတော်အတွက် ယုံကြည်ကိုးစား အားထားရမည့် အဖွဲ့အစည်း ကြီးဖြစ်အောင် ထက်သန်သော သဒ္ဓါ ဆန္ဒ ဝီရိယတို့ဖြင့် ကြိုးပမ်း ဆောင်ရွက်တော်မူကြပါရန် လေးလေးနက်နက် တိုက်တွန်းလျှောက်ထား အပ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းပါ ပြဋ္ဌာန်းချက်များအတိုင်း နောက်ဆုံးကျင်းပနိုင်ခဲ့သည့် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်း အဝေးကြီးနောက်ပိုင်း ဆဋ္ဌအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ကြီး မကျင်းပနိုင်မီကာလအတွင်း သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးတာဝန်၊ ဂိုဏ်းပေါင်းစုံ သံဃာစည်းလုံးညီညွတ်ရေးတာဝန် များသည် တပည့်တော်တို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကြီး ၏ တာဝန်ဖြစ်သည်ဟု သာသနာတော်မြတ်ကြီး၏တာဝန်ကို ထမ်းဆောင်တော်မူရသည့် မိမိတို့၏တာဝန်ကြီးကို ဆင်ခြင်စဉ်းစား ပီတိပွားကာ သောမနဿသဟ ဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် စိတ္တုပ္ပါဒ်ဖြင့် တာဝန်ကျေပွန်အောင် ဆတက်ထမ်းပိုးတိုး၍ တိုး၍ အားကြိုးမာန်တက် ဆောင်ရွက်တော်မူကြပါရန် တိုက်တွန်းလျှောက်ထား ပါသည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အရှင်မြတ်တို့ဘုရား။