
နေပြည်တော် မတ် ၄
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုအဆင့်ဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က ယနေ့အစည်းအဝေးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို စိစစ်သည့် အစည်းအဝေးဖြစ်ကြောင်း။
နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများ၊ ဘဏ္ဍာ ရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်တင်ပြ လာသည့် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း၍ ထပ်ဆင့်စိစစ်သွားမည်ဖြစ်ကြောင်း။
ငွေကြေးဈေးနှုန်းမတည်ငြိမ်မှုများကြုံတွေ့
ယခုကာလသည် ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လည်းကောင်း၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကြောင့်လည်း ကောင်း ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးကျဆင်းခဲ့ရပြီး အထွေထွေကုန်စည်ဈေးနှုန်းများ၊ ကမ္ဘာ့ရွှေဈေး၊ ရေနံ ဈေးနှင့် ငွေကြေးဈေးနှုန်းမတည်ငြိမ်မှုများလည်း ကြုံတွေ့နေကြရကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံများ၏ စီးပွားရေးအခြေအနေကို လည်း ရိုက်ခတ်မှုများရှိနေသည်ကို ကြုံတွေ့နေကြရ ကြောင်း၊ ထို့ကြောင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများ နှင့် အခက်အခဲများကို ကျော်လွှားနိုင်ရေးနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှပံ့ပိုးကူညီနိုင်ရန် အခွန်ဆိုင်ရာ ဖြေလျှော့မှုများ နှင့် ငွေကြေးထောက်ပံ့မှုများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးခဲ့ရကြောင်း၊ နိုင်ငံတော်၏ ရငွေရရှိမှုကို ထိခိုက်ခဲ့ကြောင်း၊ တစ်ဖက်တွင်အစိုးရအနေဖြင့် နိုင်ငံအတွက် မဖြစ် မနေသုံးစွဲရမည့် အသုံးစရိတ်များနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် အသုံးစရိတ် များကို သုံးစွဲကြရကြောင်း။
အဆိုပါ အခြေအနေများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် နိုင်ငံတော်၏ ရငွေများကိုလျော့နည်း ခန့်မှန်းလျာထားခဲ့ရပြီး ရငွေရရှိနိုင်မှုအနေအထားအပေါ်မူတည်၍ အသုံးစရိတ်ကို စိစစ်ခွဲဝေပေးရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်း များအနေဖြင့် ယခုနှစ်တွင် နိုင်ငံတော်၏ လူမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အသုံးစရိတ်များကို ဦးစားပေးလျာထား ဆောင်ရွက်ကြစေလိုကြောင်း။
စက်သုံးဆီသုံးစွဲမှု စိစစ်ခွင့်ပြုထား
စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော် အနေဖြင့် စက်သုံးဆီများကို ပြည်ပမှ ဝယ်ယူတင်သွင်း နေရသည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်း စေရန်နှင့် အသုံးစရိတ်လျှော့ချနိုင်ရန်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံးဆီသုံးစွဲမှု ဆိုင်ရာညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး ညွှန်ကြား ချက်နှင့်အညီ စိစစ်ခွင့်ပြုထားသည်ကို တွေ့ရမည် ဖြစ်ကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်း၏ သာမန်အသုံးစရိတ်တွင် စက်သုံးဆီ နှင့်ပတ်သက်၍ ဌာန၊ အဖွဲ့အစည်းများက ဝန်ထမ်း ရာထူးအဆင့်အလိုက် သတ်မှတ်လျာထားသည့် စက်သုံးဆီ၊ အုပ်ချုပ်မှုသုံးနှင့် လုပ်ငန်းသုံးယာဉ်များ အတွက် လျာထားသော စက်သုံးဆီ အရေအတွက် ဂါလန်များသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် လျာထားခဲ့သည့် စက်သုံးဆီအရေအတွက် ဂါလန်များနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်း သွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များသည် အဆောင်အယောင် များ ဆိုင်ရာဥပဒေအရ ခံစားခွင့်ပြုထားသည့် မော်တော်ယာဉ်များ၏ စက်သုံးဆီသုံးစွဲခွင့်ပြု နှုန်းထားများကိုလည်း လက်ရှိနိုင်ငံတော်၏ရငွေ ပိုင်းအခြေအနေအရ၊ ခြိုးခြံချွေတာရေးအရ ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ လျှော့ချ သုံးစွဲကြမည်ဖြစ်ကြောင်း။
ငွေလုံးငွေရင်းအသုံးစရိတ်များအနေဖြင့် နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျ သည့် ကဏ္ဍများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေးခွင့်ပြုပေးထား ကြောင်း၊ ဝန်ထမ်းအိမ်ရာအသစ်၊ ရုံးအသစ်ဆောက် လုပ်ခြင်း၊ ပစ္စည်းများဝယ်ယူခြင်း၊ ရုံးသုံးစက်ကိရိယာ ပစ္စည်းများ ဝယ်ယူခြင်း စသည်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် အမှာစာပါ ညွှန်ကြား ချက်များနှင့် အရအသုံး ခန့်မှန်းခြေငွေစာရင်း ရေးဆွဲတင်ပြရာတွင် လိုက်နာရမည့် အခြေခံမူများနှင့်အညီစိစစ်လျှော့ချပြီး နယ်မြေဒေသအခြေအနေ နှင့် လုံခြုံရေးအခြေအနေများအရ လိုအပ်သော ကိစ္စ များကိုသာ ခွင့်ပြုပေးထားကြောင်း။
အရအသုံးလျာထားချက် စာရင်း
ဝန်ကြီးဌာနများအလိုက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၊ ရက်စွဲ ပါ စာဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင်လိုက်နာရမည့် ကိစ္စရပ်များ ၊ အကြောင်းကြားချက်များနှင့် စပ်လျဉ်း ၍ ရေးဆွဲတင်ပြလာသည့် အရအသုံးငွေစာရင်းများ ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အခြေခံမူ အဖြစ် သာမန်အသုံးစရိတ်ကဏ္ဍာတွင် ၇ ချက်၊ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ၄ ချက် စသည်ဖြင့် အသေးစိတ်ဆောင်ရွက်ပြီးမှသာ ဝန်ကြီးဌာနများ အလိုက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံး လျာထားချက် စာရင်းကို ယနေ့ထပ်မံညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း။ ထိုသို့ဆွေးနွေးကြရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ၊ နေပြည်တော်ကောင်စီ အပါအဝင် ဝန်ကြီးဌာန ၁၀ ခုကို ထူးခြားသည့် အသုံးစရိတ်အဖြစ် လျာထားပေးထားသည်ကို တွေ့ရကြောင်း၊ ထို့ပြင် Quick & Win ရရှိနိုင်မည့် အသုံးစရိတ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ စက်မှုဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန ၃ ခုကို နိုင်ငံတော်၏ စီမံကိန်းဖြစ်သည်နှင့် အညီလျာထား သတ်မှတ်ပေးထားကြောင်း၊ အထူးကိစ္စတစ်ရပ် အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိ မည့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့သည် ထူးခြားလေးနက်ပြီး အနှစ်သာရပြည့်ဝသည့် နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပနိုင်ရေး အတွက် ဘတ်ဂျက်ဆိုင်ရာ လျာထားချက်တွင် မဖြစ် မနေထည့်သွင်း ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ် တင်ပြလာသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်သို့ ဆက်လက်တင်ပြ သွားမည်ဖြစ်သည့်အတွက် ယနေ့အစည်းအဝေးတွင် ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်များကို ထပ်မံဆွေးနွေး တင်ပြကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုအဆင့်ဌာန ၊ အဖွဲ့အစည်းများမှ ရေးဆွဲ တင်ပြလာသော ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ခြုံငုံရှင်းလင်း တင်ပြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်း ခြေငွေစာရင်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ရငွေ၊ သုံးငွေ စာရင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင် ဦးဉာဏ်ထွန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်တို့က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းလိုအပ်ချက်များကို ဖြည့်စွက် တင်ပြကြရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ် အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း စိစစ်ခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်သို့ တင်ပြသွားမည်ဖြစ်ကြောင်း။
စီးပွားရေးပြန်လည် ဦးမော့လာစေရန်
ဖြည့်စွက်တင်ပြကြသည့် ဝန်ကြီးဌာနများ အနေဖြင့်လည်း အချိန်မီတင်ပြနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆက်လက်ပြီး ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ ဆက်လက် တင်ပြကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို အတည်ပြု ပြဋ္ဌာန်းမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများ က တင်ပြတောင်းခံကြသည့် အသုံးစရိတ်များတွင် ပုံမှန်သုံးစွဲနေကျ အသုံးစရိတ်များအပြင် နိုင်ငံစီးပွား ရေးပြန်လည်ဦးမော့လာစေရေးအတွက် အထောက် အကူဖြစ်စေမည့် အသုံးစရိတ်များလည်း ပါဝင် ကြောင်း၊ ပုံမှန်သုံးစွဲရသည့် အသုံးစရိတ်များအနေ ဖြင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာအသုံးစရိတ်များ၊ လျှပ်စစ်နှင့်စွမ်းအင် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု ကိုအကျိုးပြုစေသော အသုံးစရိတ်များ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက် အကူဖြစ်စေသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသုံးစရိတ်များ ပါဝင်ပြီး နိုင်ငံတော်၏ စီးပွားရေးပြန်လည် ဦးမော့ လာစေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များ ပါဝင်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆက်လက် သုံးစွဲရမည့် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ကာကွယ် ဆေး ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်း ဝယ်ယူသည့် အသုံးစရိတ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံ တည်ဆောက် ရေး လုပ်ငန်းများအတွက် အသုံးစရိတ်များကိုလည်း စိစစ်ခွင့်ပြုပေးထားကြောင်း၊ ပြည်တွင်း ဆောက်လုပ် ရေး လုပ်ငန်းများတွင်အဓိကလိုအပ်သော သံမဏိ ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုလျှော့ချသွားရန်နှင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသွားစေရေးအတွက် လည်းကောင်း၊ ပြည်တွင်းနေနိုင်ငံသားများ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် လည်း ကောင်း၊ စက်မှုဝန်ကြီးဌာနတွင် ရပ်ဆိုင်းထားသော သံမဏိစက်ရုံ (မြင်းခြံ) နှင့် (ပင်းပက်) စီမံကိန်းများ ပြန်လည် လည်ပတ်နိုင်ရေးဆိုင်ရာ အသုံးစရိတ်များ ကိုလည်း ခွင့်ပြုပေးထားကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ အားကစားနှင့် လူငယ်ရေးရာဆိုင်ရာ အခြေခံအဆောက်အဦအသစ်များ တည်ဆောက်နိုင်ရေး အတွက်လည်းအသုံးစရိတ်များ လျာထားခွင့်ပြု ပေးထားသည်ကို တွေ့ကြရကြောင်း။
ထို့ပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အမှန်ရရှိနိုင်မည့် ပြည်ပအကူ အညီရငွေ၊ ပြည်ပ ချေးယူရငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများအတွက် အသုံးစရိတ်များကိုလည်း စိစစ် ပြီးလျာထားခွင့်ပြုထားကြောင်း၊ ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် လျာထားသည့် ဘဏ္ဍာငွေများ ကိုသုံးစွဲ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့် အညီ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ သုံးစွဲကြရာတွင် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ နှင့်အညီ သုံးစွဲရန်လိုအပ်ပြီး နိုင်ငံတော်စာရင်း စစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အကြံပြုချက်များ ကိုလည်း တိကျစွာလိုက်နာဆောင်ရွက်ရေး ကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်ပချေးငွေ များ ရယူထားသည့် အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ရယူထားသည့် ချေးငွေများကို အကျိုးရှိစွာသုံးစွဲရန်လိုအပ်ကြောင်း၊ ဌာန၊ အဖွဲ့အစည်းများ၏ ရငွေ လျာထားချက်များကိုပြည့်မီရုံ သာမက လျာထားချက် ထက် ကျော်လွန်ရရှိအောင်ကြိုးပမ်း ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး အခြေအနေပြန်လည်မြှင့်တင် ကောင်းမွန်လာစေရေးအတွက် ဘက်စုံကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်