
နိုင်ငံတော်အစိုးရအနေဖြင့် ကရင်ပြည်နယ်ကစ၍ ပြည်ထောင်စုတစ်ဝန်းလုံးတွင်ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ စစ်မှန်သည့်ဖွံ့ဖြိုးရေးတို့ ဖြစ်ထွန်းရရှိစေလိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့သော သဝဏ်လွှာ
======================================================================================================================================================================
(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်)
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၀ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့သည် ကရင်တိုင်းရင်း သားအားလုံးတို့၏ အလေးအမြတ်ထား ဂုဏ်ယူတန်ဖိုးထားကြသည့် ကရင်အမျိုးသားနှစ်သစ်ကူးမင်္ဂလာ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ နှစ်သစ်အခါသမယတွင် ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာပျော်ရွှင်ကြပါ စေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါသည်။
ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသည့် coVID-19 ရောဂါကို မြန်မာနိုင်ငံတွင် အစိုးရ၊ ပြည်သူတို့ ပူးပေါင်းရင်ဆိုင် ခဲ့ကြရပါသည်။ ပြီးခဲ့သည့်နှစ်အတွင်း အိမ်နီးချင်းနိုင်ငံတွင် အလုပ်အကိုင်အမျိုးမျိုး လုပ်ကိုင်နေကြရသည့် ပြည်ပရောက် အလုပ်သမားများ coVID-19 ကပ်ရောဂါကြောင့် နေရပ်ပြန်ရချိန်တွင် ကရင်ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖေးမကူညီပံ့ပိုးခဲ့ကြသည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာအတိဟု ဆိုနိုင်ပါသည်။ နှစ်ဟောင်း ကုန်၍ နှစ်သစ်သို့ကူးပြောင်းချိန်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးအချိန်ကာလတွင် နှစ်ဟောင်းကို နောက်တွင် ချန်ထားခဲ့ပြီး နှစ်သစ်အတွက် စိတ်သစ်၊ လူသစ်၊ သန္နိဋ္ဌာန်အသစ်များဖြင့် လန်းဆန်းတက်ကြွနေကြမည်ဟု လည်း အခိုင်အမာ ယုံကြည်ပါသည်။
ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ရန်သာမက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပါ ခိုင်ခိုင်မာမာ ကတိကဝတ်ပြုခဲ့ပြီးသည့်နောက် လက်နက်ကိုင် ပဋိပက္ခကြောင့် မှေးမှိန်ငုပ်လျှိုးခဲ့ရသည့် အခွင့်အလမ်းများလည်း အရှိန်အဟုန်နှင့် ပေါ်ထွက်လာခဲ့ပါသည်။ ကရင်ပြည် နယ်သည် နယ်စပ်ကုန်သွယ်ရေး၏ အချက်အချာဒေသတစ်ခု၊ မပျက်စီးသေးသည့် သဘာဝအလှတရားများနှင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ စတင်ဖွံ့ဖြိုးစရပ်ဝန်းတစ်ခု၊ အာဆီယံ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ် တွင် တည်ရှိသည့် ပေါင်းကူးတစ်ခုဖြစ်သည့်အားလျော်စွာ နယ်ပယ်စုံ၊ ကဏ္ဍစုံမှ တိုးတက်မှုအလားအလာကောင်းများ စုစည်းလျက်တည်ရှိနေပါသည်။
နယ်စပ်ဒေသဖြစ်သည်နှင့်အညီ ဒေသတွင်း သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများ၏ လူမှု-စီးပွားကို မထိခိုက်စေဘဲ တိုးတက်မှုများကို စနစ်တကျ ဖော်ဆောင်နိုင်ရန် အထူးအရေးကြီးလှပါသည်။ စီးပွားရေးအခွင့် အလမ်းများနှင့် ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်ရာတွင် ရေရှည်တည်တံ့မှု၊ စနစ်တကျရှိမှု၊ ဒေသနှင့် ဒေသခံပြည်သူများအတွက် စစ်မှန်သည့် တိုးတက်မှု စသည်တို့ ဖြစ်ရန်လည်း အထူးလိုအပ်လှပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့်အတူ ဒွန်တွဲလျက် ပြည်ထောင်စုအတွင်း တရားဥပဒေစိုးမိုးမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အလေးထားဖော်ဆောင် သွားနိုင်ရန်မှာ ကရင်ပြည်နယ်သူ၊ ပြည်နယ်သားများ၏ ပူးပေါင်းပါဝင်ဆောင် ရွက်မှုအပေါ်တွင် အထူးပင်တည်မှီနေပါသည်။
နောင်လာမည့် (၁၀)နှစ်၊ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့ ကရင် ပြည်နယ်ကြီးကို မည်သည့်အနေအထားမျိုး၊ မည်သည့်အဆင့်အတန်းမျိုး ဖြစ်နေသည်ကို မြင်ချင်ကြပါသနည်း။ အဆိုပါ မေးခွန်းကို ယနေ့လက်ရှိ ကရင် ပြည်နယ်ရှိ တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၏ အမြော်အမြင်နှင့် စိတ်ပိုင်းဖြတ်ချက်တို့က အဖြေပေးသွားမည်ဖြစ်ပါသည်။ ယခုလာမည့်နှစ်သစ်မှစတင်၍ ဆယ်စုနှစ် တစ်ခုစာအတွင်း လက်ရှိတာဝန်ရှိသူ ခေါင်းဆောင်များ၏ ဆုံးဖြတ်ဆောင်ရွက်ချက်များသည် မိမိတို့၏ မျိုးဆက်သစ် လူငယ်များအပေါ် ထားရှိသော စေတနာ၊ မေတ္တာနှင့် မျှော်မှန်းချက်တို့ ဖြစ်ပြီး ဤသည်ကို လာမည့် သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် ထင်ထင်ရှားရှားတွေ့မြင် လာကြရမည်သာ ဖြစ်ပေသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကရင်ပြည်နယ်ကစ၍ ပြည်ထောင်စုတစ်ဝန်း လုံးတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ စစ်မှန်သည့်ဖွံ့ဖြိုးရေးတို့ ဖြစ်ထွန်း ရရှိစေလိုပါသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော မျိုးဆက်သစ်များ၊ မိမိခြေထောက်ပေါ် မိမိတို့ ခိုင်ခိုင်မာမာရပ်တည်ပြီး နည်းပညာလူ့အဖွဲ့အစည်း တွင် တန်းတူရည်တူ ရပ်တည်နိုင်သည့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လူငယ်များ၏ အင်အားဖြင့် နိုင်ငံတည်ဆောက်ရေးကို ဆက်လက်ဆင့်ကမ်းဆောင်ရွက် သွားစေလိုပါသည်။ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် ကရင်ပြည်နယ်ကို ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိပြီး ခရီးသွားလုပ်ငန်းဗဟိုချက်တစ်ခု၊ ခေတ်မီနယ်စပ်ကုန်သွယ်ရေးဇုန်ကြီးတစ်ခု၊ အထူးစိုက်ပျိုးရေးဇုန်၊ အထူး စက်မှုဇုန်ကြီးများနှင့် အထူးစီးပွားရေးဇုန်ကြီးများ ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိပြီး ယင်းပြည်နယ်ကို နည်းပညာအခြေခံ ကရင်လူ့အဖွဲ့အစည်းက မိမိတို့၏ ကျွမ်းကျင်မှုဖြင့် ညီညီညွတ်ညွတ် တည်ဆောက်နေကြသည်ကို မြင်လို၊ တွေ့လို၊ လက်တွေ့ဖြစ်ပေါ်လာစေလိုပါသည်။
မိမိတို့ပြည်နယ်အတွက် ပညာနှင့်ယှဉ်တွဲသော သတ္တိရှိခြင်း၊ မိမိတို့ မျိုးဆက်သစ်များအတွက် မေတ္တာနှင့်ယှဉ်တွဲသော ရဲရင့်ခြင်းသည် မွန်မြတ် သော စိတ်ဓာတ်၊ ထားအပ်သည့် ခံယူချက်၊ မြင့်မြတ်သည့် တာဝန်များဖြစ်သည် ဟု ရှုမြင်လျက် ပိုမိုငြိမ်းချမ်း၊ ပိုမိုတိုးတက်၊ ပိုမိုကောင်းမွန်သော နှစ်သစ်ကို လက်တွဲပူးပေါင်းဖော်ဆောင်ကြရန်လည်း အလေးအနက် ဖိတ်ခေါ်လိုပါသည်။
ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် ယနေ့ကျရောက် သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့မှအစပြု၍ ပြည်ထောင်စုငြိမ်းချမ်းရေးကို စံနမူနာကောင်းများဖြင့် ဆက်လက်ဖော်ဆောင်ပေးနိုင်ကြပါစေ၊ ကရင် တိုင်းရင်းသားများ၏ မေတ္တာတရား ပေါင်းစည်းညီညွတ်မှုစွမ်းအားဖြင့် ကရင်ပြည်နယ်ကြီး အရှိန်အဟုန်နှင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်နိုင်ကြပါစေ၊ ကရင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ၊ နှစ်သစ်ကူးကာလတွင် ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် ကောင်းကျိုး မင်္ဂလာအဖြာဖြာခံစားနိုင်ကြပါစေ၊ COVID-19 ကပ်ရောဂါအပါအဝင် ဘေးရန် အပေါင်းမှ ကင်းဝေးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် နွေးထွေးသော မေတ္တာဖြင့် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်