
ရန်ကုန် နိုဝင်ဘာ ၁
အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ကယ်ထုတ်ရေး စီမံချက်အရ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ယနေ့တွင် ဒုတိယအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့သည်။
အဆိုပါ အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ ၃၁ ရက်တွင် တဲလ်အဗီးမှ လေကြောင်းခရီးစဉ် LY083 (ELAL)ဖြင့် ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ယနေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအမှတ် 8M334 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
မြန်မာနိုင်ငံသို့ ဒုတိယအသုတ်အဖြစ် ထပ်မံ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို နိုင်ငံခြား ရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့သည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပထမအသုတ်တွင် လေးဦး ပြန်လည်ရောက်ရှိခဲ့ပြီး ယနေ့ ဒုတိယအသုတ် တွင် သုံးဦး ပြန်လည်ရောက်ရှိကြရာ စုစုပေါင်း ခုနစ်ဦးရှိပြီ ဖြစ်သည်။
အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့မှ ပြန်လည်ရောက်ရှိ လာသော မောင်ယိမ်းတိန် က “ကျွန်တော် အစ္စရေး နိုင်ငံ ရွာတစ်ရွာမှာ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက် တာ လေးနှစ်နီးပါးရှိပါပြီ။ ဒီနောက်ပိုင်းမြို့ပေါ် ပြောင်းသွားခဲ့တာပါ၊ မြို့ပေါ်ရောက်တဲ့အခါ အခြေ အနေတစ်မျိုးဖြစ်လို့ မြန်မာနိုင်ငံ ပြန်လာတာပါ၊ တိုက်ပွဲတွေဖြစ်ပြီး ရော့ကတ်တွေနဲ့ ပစ်တဲ့အခါ ဗုံးခို ကျင်းတွေမှာ သွားပုန်းရပါတယ်။ ဒီတစ်ခုပါပဲ ကျန်တာ က စိုးရိမ်စရာတော့ သိပ်မရှိပါဘူး။ အစ္စရေးမှာရှိတဲ့ မြန်မာသံရုံးက ကြေညာစာထုတ်ထားတယ်၊ ဒါကို ဆက်သွယ်ပြီး ပြန်လာတာပါ။ နိုင်ငံတော်အစိုးရ ကိုလည်း ကျေးဇူးတင်ပါတယ်၊ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အတွက် ကျေးဇူးတင်ပါ တယ်” ဟု ပြောသည်။
ထပ်မံ၍ မောင်ခေါင်းဂျယ် က “ကျွန်တော် တို့က တဲလ်အဗီးမြို့မှာ နေပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ကျောင်းသွားတက်တာ လေးနှစ်ကျော် ရှိပါပြီ။ စစ်ဖြစ်တဲ့အချိန်မှာ သံရုံးက ပြန်ချင်နေတဲ့ သူတွေကို စီစဉ်ပေးတယ်ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကို တွေ့တော့ ချိတ်ဆက်ပြီး ပြန်လာတာပါ။ နိုင်ငံတော် အစိုးရက အစစအရာရာ ဆောင်ရွက်ပေးပါတယ်၊ မြန်မာနိုင်ငံကိုသတိရပြီး ပြန်ချင်နေတဲ့အချိန် အခုလို ဆောင်ရွက်ပေးတာကြောင့် ကျေးဇူးတင်ပါတယ်။ နောင်လည်း မြန်မာနိုင်ငံသားတွေကို အဘက်ဘက် က ကူညီဆောင်ရွက်ပေးစေချင်ပါတယ်။ အစ္စရေးမှာ ကျန်ရှိနေသူတွေလည်း အခုလိုတိုက်ပွဲတွေဖြစ်နေချိန် မှာ ကိုယ်ရဲ့အမိမြေကို ပြန်လာတာ အကောင်းဆုံး ဖြစ်ပါတယ်၊ သံရုံးနဲ့ချိတ်ဆက်ပြီး မြန်မာပြည်ကို ပြန်လာခဲ့ကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
အလားတူ မထက်ထက်ဝေ က “ကျောင်းသွား တက်တာ သုံးနှစ်ကျော်ပါပြီ။ သံရုံးပေ့ချ် ကြေညာတာ တွေ့ပြီး မေးမြန်းဆက်သွယ်ပြီး ပြန်လာတာပါ။ သံရုံး က မြန်မာပြည်ရောက်တဲ့အထိ အစစ အရာရာ ကူညီ ပေးပါတယ်။ အကူအညီသွားတောင်းတဲ့အခါ အစစ အရာရာ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်” ဟု ပြောကြားသည်။
သတင်းစဉ်