
ရန်ကုန် ဇန်နဝါရီ ၂၆
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ကြီးများ၏ သြဝါဒ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းကို ဆောင်ရွက်ရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာ နာယကကျောင်းတော်ကြီး၏ ဘုရားခန်းမ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ (ပထမအဖွဲ့ခွဲ)ဆရာတော်ကြီး ကိုးပါးအား လည်း ကောင်း၊ မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) သမဝါယမ တန်ဆောင်း၌ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါ စရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) သင်ကြား/စီမံ၊ စာသင်သား သံဃာတော် ၂၄၉ ပါးတို့အား လည်း ကောင်း ကာကွယ်ဆေးထိုးနှံခဲ့သည်။
ဇန်နဝါရီ ၂၇ ရက်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ တက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သားသံဃာတော် ၁၂၈ ပါး ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် ရွှေတိဂုံ စေတီတော် ရှေးဟောင်းတန်ဆောင်း၌ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါ စရိယဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ စုစုပေါင်း ၂၂ ပါးတို့ကိုလည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်သည်။
ထို့အတူ မတ် ၄ ရက်မှ ၉ ရက်ထိ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဒသမအစည်းအဝေးနှင့် မတ် ၁၁ ရက်မှ ၁၃ ရက်ထိ အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယနှင့် စတုတ္ထအစည်းအဝေးများကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးများသို့ ကြွရောက်မည့် နိုင်ငံတော် သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃ မဟာနာယကဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ စုစုပေါင်း ၅၁၄ ပါးကို လည်းကောင်း၊ မတ် ၁၄ ရက်မှ ၃၁ ရက်ထိ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပရိယတ္တိ စာသင်တိုက်ကြီးများရှိ သံဃာတော်များနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) သင်ကြား/စီမံ၊ စာသင်သား ရဟန်း/သာမဏေများ စုစုပေါင်း ၄၀၇၈ ပါးတို့ကို လည်းကောင်း Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်