နိုင်ငံတစ်ဝန်း တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို

 

နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနများတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို  မတ် ၃၁ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းမှစ၍ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။

 

လဟယ် 
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌  ၂၀၂၁- ၂၀၂၂  ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းစာမေး‌ပွဲကို မတ် ၃၁ ရက် နံနက် ၉ နာရီက စတင်၍ လဟယ်မြို့ အထက်တန်းကျောင်း၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ယခုနှစ်  ၂၀၂၁-၂၀၂၂   ပညာသင်နှစ်တွင်  အထက လဟယ်မှ စာရင်းရှိ   ကျောင်းသား  ကျောင်းသူ ၂၈၄ ဦးရှိသည့်အနက် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား ၁၁၀  ၊ ကျောင်းသူ ၁၃၂ ဦး စုစုပေါင်း ၂၄၂ ဦး ဝင်ရောက်ဖြေဆိုပြီး   ဝင်ရောက်မဖြေဆိုသူ  ကျောင်းသား ၁၈ ဦး၊ ကျောင်းသူ ၂၄ ဦး စုစုပေါင်း ၄၂ ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                   

ယွန်း(မုံရွာကိုယ်ပွား)

 

နမ္မတူ 
၂၀၂၁-၂၀၂၂    ပညာသင်နှစ်   တက္ကသိုလ်ဝင်တန်းစာမေးပွဲကို   မတ် ၃၁  ရက်   နံနက်  ၉  နာရီမှစ၍  ကျင်းပလျက်ရှိရာ   ရှမ်းပြည်နယ် မြောက်ပိုင်း     နမ္မတူမြို့နယ်တွင်  ကျောင်းသား ကျောင်းသူ ၂၂၉ ဦး ဖြေဆိုလျက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝိုင်းဝန်းကူညီ
ထိုသို့ ဖြေဆိုကြရာတွင်  ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံ  စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ  ဝန်ထမ်းများ၊  နယ်မြေခံတပ်နယ်မှ  တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ရပ်မိရပ်ဖများက    ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင်    ၂၀၂၁-၂၀၂၂   တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန နှစ်ခုဖြင့်  ကျင်းပခြင်းဖြစ်ပြီး  အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၁၉၉ ဦး စာရင်းပေးသွင်းထားပြီး ၁၈၁ ဦး  ဝင်ရောက်ဖြေဆိုကာ ၁၁ ဦး ပျက်ကွက်ကြောင်း၊  အခြေခံပညာ  အထက်တန်းကျောင်း (ဘော်တွင်း) စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၅၄ ဦး စာရင်းပေးသွင်းထားပြီး ၄၈ ဦး ဝင်ရောက်ဖြေဆိုကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ  တာဝန်ရှိသူ တစ်ဦးထံမှ  သိရသည်။    
လူမော် 
(ပြန်/ဆက်)

 

အင်တော  
ရှမ်းပြည်နယ်(တောင်ပိုင်း) အင်တောမြို့အတွင်း ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန နှစ်ခုဖြစ်သည့် အထက (အင်တော)နှင့် အထက(ကျောက်ဂူ)တို့တွင်  မတ် ၃၁ ရက် နံနက် ၉ နာရီမှစတင်၍  မြန်မာစာဘာသာရပ်ကို ဖြေဆိုကြကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ဖြေဆိုရာတွင် အထက(အင်တော) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား ကျောင်းသူ ၆၂ ဦးအနက်  ဖြေဆိုသူ ၅၄  ဦးရှိပြီး ပျက်ကွက် ရှစ်ဦး၊ အထက(ကျောက်ဂူ)စာစစ်ဌာနတွင်  စာရင်းရှိ  ၄၁ ဦးအနက် ဖြေဆိုသူ  ၃၉ ဦးရှိပြီး ပျက်ကွက် နှစ်ဦးဖြစ်ရာ အင်တော တစ်မြို့လုံးအနေဖြင့်  စာရင်းရှိ  ၁၀၃  ဦးအနက်   ဖြေဆိုသူ  ၉၃ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။            

အောင်ခိုင်(ပြန်/ဆက်)