
မော်ကျွန်း- မြင့်အောင်
သစ်ပင် သစ်တောများ၏ စိမ်းစိုသာယာသော ရှုခင်း ရှုကွက် အလှအပများကို မြင်တွေ့လိုက်ရသောအခါ လူတို့၏ စိတ်နှလုံး ကြည်လင်ရွှင်လန်းသွားကြသည်။ မျက်စိပသာဒ အေးမြသွားကြသည်။ ကြည်နူးမှုခံစားမိကြပါသည်။ သစ်ပင်သစ်တောများသည် လူတို့၏ အသက်ရှင် ရပ်တည်မှုကို တိုက်ရိုက်အကျိုးပြုသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးထားပါသည်။ ထို့ကြောင့်လည်း မည်သည့်နိုင်ငံမဆို သစ်ပင် သစ်တောများ ဖုံးလွှမ်းလျက် ရာသီဥတုသာယာမျှတပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုမရှိပါလျှင် “စိမ်းလန်းစိုပြည် သာယာလှပသော နိုင်ငံတစ်နိုင်ငံ” ဖြစ်လာနိုင်ပါသည်။ ဂုဏ်ယူ ဖွယ်နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပေသည်။
ဤသို့ စိမ်းလန်းစိုပြည် သာယာလှပသော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာရန်မှာ ထိုနိုင်ငံရှိ နိုင်ငံချစ် ပြည်သူ များက သစ်တော သစ်ပင်များကို ချစ်မြတ်နိုးစိတ် ရှိရပါမည်။ သစ်ပင်ချစ်သူများ များပြားပါလျှင် စိမ်းလန်းစိုပြည် သာယာလှပသော နိုင်ငံအား မွေးဖွားပေးနိုင်ကြပါသည်။ သစ်ပင်စိုက်ပျိုးခြင်းကို ပထမ မူလချစ်မြတ်နိုးစိတ်ရှိပြီး ဂုဏ်ယူရသည့် လူမျိုးအဖြစ် တန်ဖိုးထားရမည် ဖြစ်သည်။
ယခုအခါ နိုင်ငံတိုင်းတွင် သစ်တောသစ်ပင် များကို ပြန်လည်ပြုစု ပျိုးထောင်လျက် ရှိနေကြ သည်။ သစ်တောများကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်လာကြသည်။ နိုင်ငံတိုင်းသည် သစ်တော သစ်ပင်များ၏ အရေးပါမှု၊ အကျိုး ထိရောက်မှုနှင့် ကောင်းမြတ်သော တန်ဖိုးကို ကောင်းကောင်း သိရှိလာကြပြီ ဖြစ်သည်။
“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း” နားခို နိုင်သော ဆိုရိုးစကားရှိပါသည်။ သစ်တော တစ်ခု လျှင် သစ်ပင်ပေါင်းများစွာ အစုအဝေးဖြင့် တည်ရှိ ကြသဖြင့် ကျေးငှက်မျိုးစုံတို့ ပျော်မြူးစွာ နားခို နေထိုင်နိုင်ကြပါသည်။ ထို့ကြောင့်လည်း သစ်ပင် စိုက်လျှင် ကုသိုလ်ရသည်ဟု ဆိုခြင်းဖြစ်ပါသည်။
သို့ဖြစ်ရာ စာရေးသူတို့ မြန်မာနိုင်ငံတွင် သစ်တောသစ်ပင် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး သစ်တောဦးစီး ဌာနအဆင့်ဆင့်က ခရိုင်နှင့် မြို့နယ်အလိုက် သစ်တောဦးစီးဌာနများက ဒေသဆိုင်ရာ စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး မိုးကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို နိုင်ငံအနှံ့ နှစ်စဉ် ကျင်းပပေးလျက် ရှိနေကြသည်။ စာရေးသူအား မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာနတို့က သစ်ပင် စိုက်ပျိုးပွဲတော်သို့ ဖိတ်ကြားသဖြင့် တက်ရောက်ခဲ့ သည်။
သစ်ပင်စိုက်ပျိုးပွဲတော်
နံနက်ခင်းအလှနှင့်အတူ သစ်ပင်စိုက်ပျိုးပွဲတော် ၏ စိမ်းစိုသာယာလှပသော မြင်ကွင်းသစ်များက စာရေးသူကို ဆီးကြိုနေသည်။ မိုးရာသီအကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များသည်ကား ကောင်းမြတ်သော မြင်ကွင်းသစ်များကို ဖန်တီး ဖော်ဆောင်နေပါသည်။ မကြာမီကာလအတွင်း ကြီးထွားရှင်သန်လာမည့် သစ်ပင်များသည် လူသား တို့ကို ကောင်းကျိုးပြုနေမည် ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံတစ်ဝန်း စိုက်ပျိုးသော သစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးသော သစ်ပင်မျိုးစုံတို့ကို မြို့ပေါ်နှင့် ကျေးရွာများ၊ မြို့ ပတ်ဝန်းကျင် နေရာများ၊ လမ်းဘေးဝဲယာများ၊ တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်ရေး တာလမ်းမကြီး များပေါ်တွင် သစ်ပင်မျိုးစုံ စိုက်ပျိုးလျက် ရှိနေကြ သည်ကို တွေ့ရသည်။
သစ်ပင်မျိုးစုံ “စိုက်ပျိုးသမျှ” ရှင်သန်ဖို့တော့ လိုပါသည်။ သို့မှသာ သစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက် ထမြောက် အောင်မြင်မည် ဖြစ်ပါ သည်။ စိုက်ပျိုးသော သစ်ပင်များမှာ ငယ်ရွယ်နုနယ် သော သစ်ပင်ငယ်များ ဖြစ်နေသောကြောင့် သစ်ပင် ရှင်သန်ကြီးထွားရအောင် ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းပေးရန် လိုပါသည်။
သစ်ပင်စိုက်ပျိုးရာတွင် ထပ်မံ သတိထားရမည့် အချက်မှာ စိုက်ပျိုးမည့် သစ်ပင်မျိုးစုံတို့သည် “ဒေသ ရေ၊ မြေ ရာသီဥတုနှင့်ကိုက်ညီသော သစ်ပင် များ” ကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်မည် ဖြစ် သည်။
ဆက်လက်ပြုစုပျိုးထောင်
သစ်ပင်စိုက်ပျိုးပြီးသည့် နောက်ပိုင်းတွင်လည်း သစ်ပင်ရှင်သန်ရေးအတွက် ဆက်လက်ပြုစု ပျိုးထောင် စောင့်ရှောက်ကြရန် ဖြစ်ပါသည်။ အကယ်၍ သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုး ထားသည့် သစ်ပင်သည် ပျက်စီးသွားပါက အစား ထိုး ပြန်လည်စိုက်ပျိုးပေးရန် အထူးလိုအပ်ပါသည်။ စိုက်ပျိုးသည့် အပင်အရေအတွက်၊ ရှင်သန်ကြီးထွား သည့် အပင်အရေအတွက်နှင့် ပျက်စီးသွားသည့် အပင်အရေအတွက်တို့ကို မှတ်တမ်းပြုစုပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြ သွားရမည် ဖြစ်သည်။
သို့ဖြစ်ရာ “စိုက်သမျှ ရှင်သန်မှ” အားလုံးအကျိုး ရှိပါမည်။ သစ်ပင်များကို စိုက်ပျိုးပြီးလျှင် “မကြည့်ရှုဘဲ ပစ်ထား၍ မရပါ” ရှင်သန်ခွင့် ပေးရ ပါမည်။ စိုက်ပျိုးသော သစ်ပင်အများစု ရှင်သန်ရေး အတွက် ဒေသဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် နှင့်သစ်တောဦးစီးဌာနတို့က အလေးထား ကြီးကြပ် စီစဉ်ပူးပေါင်းဆောင်ရွက်ကြပါလျှင် ယခုနှစ် စိုက်ပျိုး ပြီးစီးနေသော မိုးကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်များ ကျင်းပသည့် နေရာတိုင်းတွင် သစ်ပင် များ ရှင်သန်ခွင့်ရရှိကြမည် ဖြစ်သည်။
သို့မှသာ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်း ၏ အကျိုးကျေးဇူး ကောင်းကျိုးရလဒ်များ အပြည့် အဝ ခံစားရရှိနိုင်ကြမည် ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၁ ခုနှစ် က သစ်ပင်အပင်သန်း ၂၀ ကျော် စိုက်ပျိုးခဲ့ကြ သည်။ ယခု ၂၀၂၂ ခုနှစ်တွင်မူ သစ်ပင် အပင်သန်း ၂၀ ခန့် စိုက်ပျိုးလျက်ရှိနေကြပြီ ဖြစ်ပေသည်။
သစ်တောဖုံးလွှမ်းမှု
ထို့ကြောင့်လည်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တောသယံ ဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုမှာ နိုင်ငံ့ဧရိယာ၏ ၅၄ ရာခိုင်နှုန်း ရှိပါ သည်။
၂၀၁၀ ပြည့်နှစ်တွင်မူ သစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းသို့ ကျဆင်းလာ သည်။ ၂၀၁၅ ခုနှစ်တွင် သစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသို့ ထပ်မံ ကျဆင်းလာသည်။ ၂၀၂၀ ပြည့်နှစ်တွင်မူ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသို့ ကျဆင်းနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဤသို့ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု ဧရိယာ လျော့နည်းကျဆင်းလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားခြင်းမှာ မြန်မာနိုင်ငံတွင် သစ်တော ဧရိယာများ တစ်စတစ်စ ပျက်စီး ယိုယွင်း လာခြင်းကို ပြသနေခြင်း ဖြစ်သည်။
ထို့ကြောင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များ သည် သစ်ပင်သစ်တောများပေါ်တွင် တည်မှီ နေပါ သည်။“တောတောင် စိမ်းလန်းစိုပြည် သာယာ နေလျှင် ရာသီဥတု မဖောက်ပြန်နိုင်ပါ။”
နိုင်ငံအလိုက် တည်ရှိနေကြသော သစ်တော သစ်ပင်တို့ကို လူတို့က သူတို့၏ အကျိုးစီးပွား အတွက် မဆင်မခြင် ခုတ်လှဲဖျက်ဆီး အသုံးပြုမှုများ ကြောင့် သစ်တောများ တစ်စတစ်စ ပြုန်းတီး လာကြသည်။
သစ်တောများ ပြုန်းတီးလာသော အကျိုးဆက် မှာ ရာသီဥတုဆိုးရွားစွာ ပြောင်းလဲလာခြင်း၊ မြစ် ချောင်းကန်များ တိမ်ကောပျက်စီးလာခြင်း၊ ရေချို များ ခန်းခြောက်လာခြင်း၊ ကမ်းခြေပင်လယ် သမုဒ္ဒရာများ ပျက်စီးယိုယွင်းလာခြင်း၊ တောင်ပေါ် ဒေသနှင့် ကုန်းမြင့်များမှ မြေဆီလွှာများ ပြုန်းတီး ပျက်စီးလာခြင်း၊ ဇီဝ မျိုးစုံ မျိုးကွဲများ လျော့နည်း ပျောက်ဆုံးလာခြင်းနှင့် ဂေဟစနစ်များပါ ပျက်စီး ယိုယွင်းလာမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ကြ သည်။
နောက်ဆုံးတွင် ဤဆိုးရွားသော အကျိုးဆက် တို့ကြောင့် လူသားတို့ အသက်ရှင် ရပ်တည်ရေး အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများနှင့် ထိခိုက်မှု အကျိုးဆက်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြ ပေသည်။
လူသားတို့က သစ်တောများကို မဆင်မခြင် ခုတ်လှဲခဲ့သည့် အကျိုးဆက်မှာ လူသားတို့ထံ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး လူသားတို့ ဆိုးကျိုးများကို ပြန်လည်ခံစားရခြင်းဖြစ်သည်။
ဤသို့ သစ်တောပြုန်းတီးခြင်းမှ ဖြစ်ပေါ်လာ သော ဆိုးကျိုးများမှ ပြန်လည်လွတ်မြောက်စေရေး အတွက် ဆောင်ရွက်ရမည့် နည်းလမ်းမှာ သစ်ပင် စိုက်ပျိုးခြင်း ဖြစ်သည်။ သစ်ပင်စိုက်လျှင် အသက် ရှည်သည်။ ကုသိုလ်ရသည်။ အရိပ်အာဝါသရသည်။ အေးမြသည့်အရိပ်ကို ခိုလှုံရသူတိုင်း စိတ်ချမ်းမြေ့မှု ကို ရရှိကြပါသည်။
ထို့ပြင် သစ်ပင်သစ်တောများသည် လေထုထဲမှ အမှုန်အမွှားများ၊ အဆိပ်အတောက်များကို ဖယ်ရှား ပေးနိုင်ပြီး လေကို သန့်စင်ပေးနိုင်ပါသည်။ လေထု ထဲတွင်လည်း အောက်ဆီဂျင်ဓာတ် ပြည့်ဝနေပါ သည်။ လူသားတို့အား ကျန်းမာရေး ကောင်းမွန်စေ ရန် အောက်ဆီဂျင်ဓာတ်က တိုက်ရိုက် အကျိုးပြုပေး သည်။
သစ်ပင်စိုက်ပျိုးခြင်းမှရရှိသော အကျိုးဆက်တို့ မှာ များစွာရှိပါသည်။ သစ်ပင်စိုက်ပျိုးခြင်း၏ တန်ဖိုး ကို နားလည်ပြီး သစ်ပင်၏ အကျိုးပြုမှုများကို သိရှိ ကြပါလျှင် နှစ်စဉ်ကျင်းပသော မိုးကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များတွင် နိုင်ငံသား ပြည်သူ တိုင်းက မိမိတို့၏ အသိစိတ်ဓာတ်များဖြင့် တစ်ဦး လျှင် သစ်ပင်တစ်ပင် (သို့မဟုတ်) နှစ်ပင် စိုက်ပျိုးကြ ပါလျှင် စိမ်းလန်း စိုပြည်သာယာသော နိုင်ငံ မကြာမီ ဧကန်မလွှဲ ရောက်ရှိလာမည် ဖြစ်သည်။
သစ်ပင်စိုက်ကြပါ
“တစ်သက်တာ ပျော်ချင်လျှင် သစ်ပင်စိုက်ပါ” ဟူသော ဆိုရိုးစကားနှင့်အညီ ယခု ဇူလိုင်လ သစ်ပင် စိုက်ပျိုးရာသီချိန်တွင် “ မြေဆီစိုခိုက် သစ်ပင်စိုက်ကြ ပါ” ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။
စာရေးသူငယ်စဉ်က ဖေဖေက အိမ်ရှေ့တွင် နောက်လာနောက်သားများ စားသုံးရန် ရည်ရွယ်၍ သရက်ပင်တစ်ပင် စိုက်ပျိုးပါသည်။ စာရေးသူက သစ်ပင်၏ ကောင်းကျိုးများကို ထိုစဉ်က မသိသဖြင့် သစ်ပင်စိုက်ခြင်းကို ဂရုမပြုခဲ့ပါ။ ယခုတော့ ဖေဖေ စိုက်ပျိုးထားသော သရက်ပင်မှ သရက်သီးများကို စာရေးသူတို့ မိသားစု ဝဝလင်လင် စားသုံးရပါသည်။ လှူဒါန်းရသည်။
မိတ်ဆွေများကို သရက်သီးလက်ဆောင်ပေးရ ပါသည်။ ယခုမှသာ သစ်ပင်စိုက်ခြင်း၏ အကျိုးကို ကောင်းကောင်းသိပြီ ဖြစ်ပါသည်။ ယခုမှ ဖေဖေ့ ကို ကျေးဇူးတင်နေမိသည်။
စာရေးသူ အနှစ်ချုပ်တင်ပြရလျှင် ဤမြေကမ္ဘာ ဝယ် သစ်ပင်၊ သစ်တော မရှိပါလျှင် လူသားတို့ မရှိနိုင်ပါ။ သစ်ပင်၊ သစ်တောတို့ ပြုန်းတီးလာပါလျှင် လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် ကြီးမား သည့် အန္တရာယ်များနှင့် တွေ့ကြုံရင်ဆိုင်ရမည် ဖြစ်သည်။
သို့ဖြစ်ရာ သစ်တော သစ်ပင်တို့ကို ချစ်မြတ်နိုး ကြပါ။ သစ်ပင်သစ်တောကို ပြုစုထိန်းသိမ်း စောင့် ရှောက်ကြပါ။ သစ်ပင်စိုက်ပျိုးပွဲတော်များတွင် သစ်ပင်မျိုးစုံကို စိုက်ပျိုးကြပါ။ စိုက်သမျှ သစ်ပင် ရှင်သန်အောင် စိုက်ပျိုးကြရန် ဖြစ်သည်။
ဤသို့ဆိုလျှင် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုး ရလဒ်နှင့် အကျိုးဆက်များက “နိုင်ငံတစ်ဝန်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်ရေး ရှင်သန်အောင် စိုက်ပျိုးပေး” ကြပါဟုသာ နှိုးဆော် တိုက်တွန်းရေးသားတင်ပြလိုက်ရပေသည်။ ။
- Log in to post comments