
နေပြည်တော် စက်တင်ဘာ ၁၃
ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်တွင်းကူးစက်မှုများ ပိုမိုများပြားလာလျက်ရှိရာ အမြို့မြို့အနယ်နယ်၌ ကြိုတင်ကာကွယ်ရေးအစီအမံများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ ပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ရောဂါကူးစက်မှု မဖြစ်ပွားရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိပါသည်။ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါသည်။
မင်းဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် အခြေခံပညာကျောင်း များ၌ အသက် ၁၂ နှစ်မှ ၁၅ အထိ ကျောင်းသား ကျောင်းသူ ၂၀၀၀၀ ခန့်အား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစင်တာကိုးခုထား၍ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်ထံမှ သိရသည်။
အဆိုပါ ထပ်ဆောင်းကာကွယ်ဆေးကို အ.ထ.က (၁) မင်းဘူး၊ အ.ထ.က စကု၊ အ.ထ.က ကျောက်စံ၊ အ.ထ.က ဆင်ခေါင်း၊ အ.ထ.က မုန်တောင်၊ အ.ထ.က ရွာသာယာ၊ အ.ထ.က (ခွဲ) ဆည်တော်၊ အ.ထ.က (ခွဲ) လေးပင်၊ အ.လ.က ခံကုန်းကျောင်းများတွင် ဆေးထိုး စင်တာကိုးခုထား၍ ထိုးနှံပေး ခဲ့ကြသည်။
ထိုသို့ ထိုးနှံပေးရာတွင် မူ(လွန်)ကျောင်း ၁၈ ကျောင်း၊ အ.လ.က (ခွဲ) ၁၀ ကျောင်း၊ အ.လ.က ၂၆ ကျောင်း၊ အ.ထ.က (ခွဲ) ၂၅ ကျောင်း၊ အ.ထ.က ကိုးကျောင်းဖြစ်၍ ကျောင်းပေါင်း ၈၈ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၀၀၀၀ ခန့်ကို ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဆေးမထိုးမီ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သော ကျန်းမာရေးစစ်ဆေး မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဇေယျာထက်(မင်းဘူး)
ကျိုက်ထိုမြို့၌ နှာခေါင်းစည်းများ အခမဲ့ဝေငှ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကျိုက်ထို မြို့နယ်ရှိ ဈေးများ၊ လမ်းဆုံလမ်းခွနှင့် လူစည်ကားရာနေရာများ၊ စာသင်ကျောင်း ရှေ့များတွင် နှာခေါင်းစည်းကမ်ပိန်းဆောင်ရွက်ခြင်း အသိပညာပေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန် ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လူသွားလာများသည့် လမ်းဆုံလမ်းခွ၊ ဈေးများ၊ လူစည်ကားရာနေရာများ၊ စာသင်ကျောင်းများ၊ ခရီးသွားပြည်သူများနှင့် ဈေးရောင်း ဈေးဝယ် ပြည်သူများက ကိုဗစ်- ၁၉ ရောဂါကာကွယ်နိုင်ရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ပါက နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်းကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံရေး အသိ ပညာပေးပြောကြားပြီး နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)
တောင်ဥက္ကလာပမြို့၌ နှာခေါင်းစည်းတပ်ဆင်ရေးပညာပေး
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် ယသဝတီစျေး အတွင်း စက်တင်ဘာ ၁၂ ရက်က ကိုဗစ်- ၁၉ ရောဂါပိုး စောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်တတ်သည့် အလေ့အထများ ကို သိရှိလိုက်နာ ကျင့်သုံးစေရေး ရည်ရွယ်၍ နှာခေါင်းစည်းကမ်ပိန်း ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ဈေးရောင်းချသူများအနေဖြင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများကလည်း နှာခေါင်းစည်း တပ်ဆင်ပြီးမှ ဝယ်ယူကြစေရေး အသိပညာပေး ပြောကြားသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)
ကော့သောင်းမြို့၌ နှာခေါင်းစည်းတပ်ဆင်ရေးဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုအဖြစ် အစုလိုက် ကူးစက်မှုပြန်လည်ဖြစ်ပွား လာနေကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက် သွားလာနေကြသူများအား နှာခေါင်းစည်းများ လိုက်လံဝေငှ တပ်ဆင်ပေးသည့် နှာခေါင်းစည်းကမ်ပိန်းလှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့ ပိတောက်ရွှေဝါ ရပ်ကွက် အဝိုင်းပတ်လမ်းဆုံ၌ စက်တင်ဘာ ၁၂ ရက်က ဆောင်ရွက်ခဲ့ကြသည်။ ကော့သောင်းမြို့ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကို ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေး ထားပြီးဖြစ်ပြီး ပြည်သူအများစု နှာခေါင်းစည်းတပ်ဆင်ကြသော် လည်း စည်းကမ်းမလိုက်နာသူ ပြည်သူတချို့ကြောင့် ရောဂါကူးစက် မှု ထိန်းချုပ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက နှာခေါင်းစည်း ကမ်းပိန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကျော်စိုး (ကော့သောင်း)