
နေပြည်တော် ဇန်နဝါရီ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်တို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ထားဝယ်တက္ကသိုလ်သို့ သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဦးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်သမိုင်းအကျဉ်းနှင့် ပညာရေးဝန်ထမ်းများ ခန့်အပ်ထားရှိမှု အခြေအနေ၊ ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်တက်ရောက်မှုအခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေ၊ ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးနိုင်ရေး ဆောင် ရွက်လျက်ရှိသည့် အခြေအနေ၊ တက္ကသိုလ်အတွင်း မိုးလုံလေလုံအားကစားရုံတစ်ခု၊ ရေသိုလှောင်ကန် တစ်ခုတို့အပါအဝင် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
လိုအပ်ချက်များကို တင်ပြ
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ က ထားဝယ်တက္ကသိုလ်မှ ပညာသင်နှစ်အလိုက် ဘွဲ့ရပညာတတ်များ မွေးထုတ် ပေးနိုင်ခဲ့မှုအခြေအနေ၊ တက္ကသိုလ်တွင် အမှန်တကယ် လိုအပ်သည့် သင်ကြားမှုသင်ယူမှု အထောက်အကူပြု ပစ္စည်းများနှင့် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ထားဝယ်တက္ကသိုလ်သည် ၁၉၇၇ ခုနှစ်တွင် ဒေသ ကောလိပ်အဆင့်မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ်တွင် တက္ကသိုလ် ရွှေရတုနှစ်သို့ တိုင် ရောက်ရှိတော့မည်ဖြစ်သဖြင့် ရွှေရတုအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ တက္ကသိုလ် ဆိုသည်မှာ စာပေပညာသင်ကြားခြင်း သီးသန့် မဟုတ်ဘဲ အတတ်ပညာများကို သင်ကြားပေး ခြင်း၊ လေ့လာသင်ယူစေခြင်းတို့ပင်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာ သင်ကြားခဲ့ရချိန်တွင် အသက်အရွယ်တန်းတူ ဖြတ်သန်းခဲ့ရပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့် ပတ်ဝန်းကျင်ပြောင်းလဲမှုအလိုက် လေ့လာသင်ယူခဲ့ရကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပတ်ဝန်းကျင်အသစ်ကို ရင်ဆိုင်ကြုံတွေ့ ရမည်ဖြစ်သဖြင့် တက္ကသိုလ်များသည် ပတ်ဝန်းကျင် ကောင်း၊ အတွေ့အကြုံကောင်းများရရှိပြီး ၎င်းတို့၏ ဘဝတစ်လျှောက်ဖြတ်သန်းမှုတွင် လက်တွေ့ အသုံးချနိုင်မည့် အသုံးဝင်နိုင်မည့် စာပေပညာ၊ လူမှုဆက်ဆံရေးပညာတို့ကို ရရှိသွားရန် လိုအပ်မည် ဖြစ်ကြောင်း။
ပညာရေးအားပေးဆောင်ရွက်
နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံသည့် ပညာတတ် လူသားအရင်းအမြစ်များ များစွာမွေးထုတ်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ အခြေခံပညာသင်ကြားသည့် အသက်အရွယ်မှစ၍ နှစ်စဉ်တန်းစဉ် ကူးပြောင်းမှု ရာခိုင်နှုန်းကို မြင့်မားလာအောင် လုပ်ဆောင်ပြီး အမှန်တကယ် တတ်မြောက်မှုရှိအောင် သင်ကြားပေး ရန်လိုအပ်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းများ နည်းပါးလာသည့် အခြေ အနေကို စိစစ်ခဲ့ရာတွင် တန်းစဉ်ကူးပြောင်းမှုများ ၌ အမှန်တကယ် တတ်မြောက်မှုမရှိခဲ့ခြင်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းများနှင့် အထက်တန်းအဆင့် စာမေးပွဲမေးခွန်းတို့တွင် ခက်ခဲ မှု ကွာဟချက်မြင့်မားနိုင်ခြင်းတို့ကြောင့် ဖြစ်နိုင်သည် ကို သုံးသပ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် တန်းစဉ် ကူးပြောင်းမှုများတွင် အမှန်တကယ် တတ်မြောက်မှုရှိ အောင် သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ စစ်တမ်းကောက်ယူချက်များအရ မိမိတို့နိုင်ငံတွင် စာမတတ်မြောက်သူဦးရေ ၁၀ သန်းကျော်ခန့်ရှိသည် ကို တွက်ချက်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကျောင်း နေ အရွယ်ကလေးမှန်သမျှ ကျောင်းတက်ရန်လိုအပ် မည်ဖြစ်ကြောင်းနှင့် စာပေပညာတတ်မြောက်မှုရှိ အောင် သင်ကြားပေးနိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်း များ၊ တက္ကသိုလ်များကို ဖွင့်လှစ်၍ ပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး နိုင်ငံ တော်မှ ဆောင်ရွက်ပေးထားပြီးဖြစ်သဖြင့် ကျောင်း တက်ရောက်၍ စာပေပညာများ သင်ယူရန်၊ အသိ ပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ရပ်တည်နိုင် ရန်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ များက ပူးပေါင်းပါဝင်၍ ပညာရေးကို အားပေး ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
အပြန်အလှန် မေးမြန်းဆွေးနွေးခြင်း
ဆောင်ရွက်
တက္ကသိုလ်တွင် ပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူ များကို စာပေပညာ၊ အတတ်ပညာတို့တွင် စိတ်ပါ ဝင်စားမှုရှိရန်၊ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ အလွတ်ကျက်ပညာရေး သဘောမျိုးမဟုတ်ဘဲ သင်ယူလေ့လာခြင်း Study စနစ်ဖြင့် သင်ကြားမှုစနစ်ဖြစ်ရန်လိုပြီး ဆရာနှင့် ကျောင်းသား အပြန်အလှန် မေးမြန်းဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ စာပေဘာသာပညာရပ်များကို လေ့လာဖတ်ရှု မှတ်သားခြင်းတို့ လုပ်ဆောင်စေရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ၊ စိတ်ကြည်နူးချမ်းသာမှုရှိစွာဖြင့် ပညာသင်ယူနိုင် ရေးအတွက်လည်း ကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အပန်းဖြေရိပ်သာ အပါ အဝင် နေချင့်စဖွယ် ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီး ပေးထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တက္ကသိုလ် တွင် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးရန် လိုကြောင်း၊ လောင်းလုံး၊ သရက်ချောင်းနှင့် အခြား အလှမ်းကွာဝေးသည့်ဒေသများမှ လာရောက် ပညာ သင်ကြားသူများအတွက် နေထိုင်စားသောက်မှု အဆင်ပြေအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် အခြားအရေးပေါ် အခြေ အနေများအတွက်လည်း ကြိုတင်မျှော်မှန်း ပြင်ဆင် ဆောင်ရွက်ပေးထားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင် ရွက်ပေးမည်ဖြစ်ကြောင်း။
နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရေး
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိအောင် လုပ် ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက် လှမ်းလျက်ရှိပြီး ဈေးကွက်စီးပွားရေးစနစ်ကို ဖော် ဆောင်နေသည့်အတွက် ဥပဒေနှင့် စီးပွားရေးအတတ် ပညာကို နိုင်ငံနှင့်အဝန်း သိရှိရန် လိုအပ်မည် ဖြစ် ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်တိုင်းတွင် ယခင် သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များအပြင် စီးပွားရေးဆိုင်ရာ ဘာသာရပ်နှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များကိုပါ သင်ကြားပေးနိုင်ရေး လုပ် ဆောင်စေလျက်ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးတို့၌ Ph.D ဘွဲ့အထိ သင်ကြားပေးအပ်နိုင်သည့် တက္ကသိုလ်တစ်ခုစီရှိစေရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း။
မိမိတို့ တာဝန်ကျရာဒေသ၏ ပညာရည်အဆင့် အတန်းမြင့်မားစေရေးအတွက် သင်ကြားရေး တာဝန်များကို လာရောက်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများအားလုံးကို အသိအမှတ်ပြုပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပညာရေး မြှင့်တင်မှုကဏ္ဍအတွက် လိုအပ်သည်မှန်သမျှကို ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့ တလိုင်းထိန်ရပ်ကွက်ရှိ ဆိပ်ကမ်းသာ ပန်းခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် ပန်းခြံသန့်ရှင်း သာယာလှပရေးအတွက် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဆိပ်ခံတံတားသို့ သွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဆိပ်ခံတံတား အဆင့်မြှင့်တင်ရေး၊ ထားဝယ်မြစ် အဆင့်မြှင့်တင်ရေးနှင့် ထားဝယ်ကမ်းနားလမ်း တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်သည်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်