နိုင်ငံရပ်ခြားက ကျောင်းတော်သားတွေနဲ့ စည်ကားနေတဲ့ အမိတက္ကသိုလ်

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

======================

 

နိုင်ငံရပ်ခြားက ကျောင်းတော်သားတွေနဲ့ စည်ကားနေတဲ့ အမိတက္ကသိုလ်

=======================================

 

ဒေါက်တာအောင်မြင့်ဦး

==============

 

နိုင်ငံတကာအဆင့်မီတက္ကသိုလ်ဆိုတာ ပညာသင်ယူဖို့၊ ပညာဖလှယ်ဖို့၊ လေ့လာဖို့ နိုင်ငံတကာက ရောက်ရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ စည်ကားသိုက်မြိုက်နေတဲ့ နေရာတစ်ခုပါ။ ဒီလိုစည်ကားသိုက်မြိုက်နေဖို့ဆိုရင် အဲဒီ တက္ကသိုလ်ဟာ ပညာရပ် ဝန်းကျင်ကောင်း၊ ရုပ် ဝန်းကျင် ကောင်းတစ်ခု ဖြစ်နေဖို့ လိုပါတယ်။ ရန်ကုန်တက္ကသိုလ် ဆိုတာ ကြီးမားတဲ့အစဉ်အလာကောင်းနဲ့ စခဲ့တာပါ။ ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်ခဲ့တဲ့ ၁၉၂ဝ ပြည့်နှစ်ကစလို့ ၁၉၆ဝ ပြည့်နှစ်ဝန်းကျင်ကာလလောက် အထိ ပညာရပ် ဝန်းကျင်ကောင်း၊ ရုပ် ဝန်းကျင်ကောင်း တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံရပ်ခြားက ကျောင်းတော်သားတွေ လေးစားအားကျရတဲ့နေရာ၊ လာရောက်ပညာဆည်းပူး ခဲ့တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

လွင်ပြင်တီးခေါင်ဖြစ်ခဲ့ရ

တစ်ခေတ်တစ်ခါမှာတော့ ရန်ကုန်တက္ကသိုလ်ဟာ ခြောက်သွေ့တဲ့ လွင်ပြင်တီးခေါင် ဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားသားတွေ လာရောက်ပညာဆည်းပူးဖို့မဆိုထားနဲ့ ရန်ကုန်တက္ကသိုလ်ပရဝဏ်ထဲ လာရောက်လည်ပတ် ခြေချခွင့်တောင် မရှိခဲ့ပါဘူး။ ရန်ကုန်တက္ကသိုလ် ပညာ ရပ်ဝန်းဟာ နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ရပြီး ပညာအရည်အသွေးနိမ့်ပါးခဲ့ရသလို တက္ကသိုလ်ရဲ့အဆင့်အတန်းဟာလည်း ကျဆင်းခဲ့ရပါ တယ်။ နိုင်ငံခြားသားမဆိုထားနဲ့ ပြည်တွင်းကျောင်းသား ကျောင်းသူတွေပါ ခြေချခွင့်မရတဲ့အထိတောင် အခြေ အနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။

“ပြောင်းလဲခြင်းသည်သာ မပြောင်းလဲခြင်း” ဆိုတဲ့ စကားအတိုင်း အမိရန်ကုန်တက္ကသိုလ်ကြီးဟာ လောကဓံ အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားပြီး ကောင်းမွန်တဲ့ အခြေ အနေဘက်ကို ပြန်လည်ဦးတည်လာခဲ့ပါတယ်။ နှစ်ပေါင်း ၁ဝဝ နီးပါး ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းပြီးတဲ့နောက် ရာပြည့်အကြို ဆယ်စုနှစ်တစ်ခု ကာလအတွင်းမှာ ရန်ကုန် တက္ကသိုလ်ဟာ အရာရာမှာ တိုးတက်ပြောင်းလဲလို့ လာခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုရဲ့ အဦး အစကာလဖြစ်တဲ့ ၂ဝ၁ဝ ပြည့်နှစ် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ ဒီမိုကရေစီစနစ်ကိုစတင် အကောင်အထည်ဖော်တဲ့အချိန်မှာ ပထမအကြိမ် ပြည်သူ့ လွှတ်တော်အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါတယ်။ ပထမ အကြိမ် ပြည်သူ့လွှတ်တော်ကျင်းပစဉ်ကာလမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (ယခု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်) ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအဆိုကို တင်သွင်းခဲ့ပါတယ်။ ဒီအဆို ကို မဲခွဲဆုံးဖြတ်လို့ အတည်ပြုနိုင်ခဲ့ပြီးတဲ့နောက်မှာ ရန်ကုန်တက္ကသိုလ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မျက်ဝါး ထင်ထင် တွေ့မြင်လာခဲ့ရပါတယ်။

ထူးချွန်ဘွဲ့ကြိုသင်တန်း စတင်ဖွင့်လှစ်နိုင်

ဘွဲ့လွန်တန်းတွေနဲ့သာ အသက်ဆက်ခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ်ဟာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ် မယ့် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်ကစပြီး ထူးချွန် ကျောင်းသား ပြုစုပျိုးထောင်ရေးစီမံချက်နဲ့ ထူးချွန်ဘွဲ့ကြို သင်တန်းတွေကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ဟာ ပျိုမျစ်နုနယ်တဲ့ မျိုးဆက်သစ် ထူးချွန် ကျောင်းသား ကျောင်းသူတွေနဲ့ ပြန်လည်နိုးထ ရှင်သန် လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ထူးချွန်ဘွဲ့ကြိုသင်တန်း သာမက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ဒီပလိုမာသင်တန်းတွေ၊ သင်တန်းဆင်းလက်မှတ် အပ်နှင်း တဲ့ သင်တန်းတွေကို ဖွင့်လှစ်လာခဲ့ပါတယ်။ အခြေအနေ ကောင်းတွေ ပွင့်လန်းလာပြီး နိုင်ငံတကာနဲ့ ချိတ်ဆက် ပူးပေါင်းမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာနိုင် ခဲ့ပါတယ်။

n စာမျက်နှာ ၆ မှ

နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တစ်ခုရဲ့ ကမ္ဘာ့ တက္ကသိုလ်အဆင့် သတ်မှတ်ချက်တွေထဲမှာ နိုင်ငံတကာ နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အဓိကအခန်းကဏ္ဍက ပါဝင် နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ပညာရှင်တွေ  လာရောက်ပို့ချတာ၊ ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ ကျင်းပတာ၊ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက် တာတွေ အရေးကြီးသလို နိုင်ငံတကာက ကျောင်းသား ကျောင်းသူတွေ လာရောက်ပညာဆည်းပူးတာ၊ လာရောက် လေ့လာတာတွေဟာလည်း အရေးပါတဲ့ သတ်မှတ်ချက် တစ်ခု ဖြစ်ပါတယ်။ နိုင်ငံရပ်ခြား ကျောင်းသားတွေကို သင်ကြားပို့ချပေးနိုင်မယ့် ဘာသာရပ်အမျိုးအစားတွေ တိုးပွားနေဖို့၊ သင်ကြားပေးနိုင်မယ့် အခြေအနေ အဆင့်အတန်းတွေ မြင့်မားနေဖို့လည်း လိုအပ်ပါတယ်။

အစဉ်အလာကြီးမားခဲ့တဲ့ ဌာနတစ်ခုဖြစ်

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုကာလ ရန်ကုန် တက္ကသိုလ်မှာ နိုင်ငံရပ်ခြား ကျောင်းသားတွေ လာရောက် လေ့လာဆည်းပူးဖို့ စိတ်အဝင်စားဆုံး ဘာသာရပ် ကတော့ မြန်မာစာနဲ့ မြန်မာမှုဘာသာရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနဟာ နိုင်ငံတကာ ကျောင်းသားတွေကို မြန်မာစာနဲ့ မြန်မာမှု ဘာသာရပ်တွေကို သင်ကြားပို့ချပေးရာမှာ အစဉ်အလာ ကြီးမားခဲ့တဲ့ ဌာနတစ်ခုဖြစ်ပါတယ်။ ၁၉၆ဝ ပြည့်နှစ် ဝန်းကျင်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ နိုင်ငံခြားပညာသင်တွေနဲ့ စည်ကားခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလမှာတော့ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံခြားပညာသင်များ လာရောက်ခွင့် ရပ်ဆိုင်းခဲ့ခြင်းနဲ့ အတူ မြန်မာစာဌာနမှာ နိုင်ငံရပ်ခြားက ကျောင်းသား ကျောင်းသူတွေ လာရောက်သင်ယူမှုဟာလည်း ဆိတ်သုဉ်း သွားခဲ့ပါတယ်။

နားလည်မှုစာချွန်လွှာကို

ပထမဆုံး လက်မှတ်ရေးထိုး

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ဆယ်စုနှစ် အစကာလမှာ ပွင့်လန်းလာတဲ့ အခြေအနေကောင်းတွေ နဲ့အတူ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနဟာ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည်ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုကြိုးပမ်းခဲ့ရာမှာ မြန်မာစာဌာနနဲ့ပတ်သက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့အခြေစိုက် ယူနန်နော်မယ်တက္ကသိုလ် (Yunnan Normal University) နဲ့ ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) ကို ပထမဆုံး လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ထိုစဉ်က ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဖြစ်တဲ့ ဒေါက်တာအောင်သူ ခေါင်းဆောင်တဲ့ ရန်ကုန်တက္ကသိုလ် ကိုယ်စားလှယ် အဖွဲ့ဟာ ယူနန်နော်မယ်တက္ကသိုလ်ကို သွားရောက်ခဲ့ပြီး ၅-၆-၂ဝ၁၄ ရက်နေ့မှာ တက္ကသိုလ်နှစ်ခုအကြား ပညာရပ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ယူနန်နော်မယ် တက္ကသိုလ်က ဆရာမတစ်ဦးဖြစ်တဲ့ Ms . Zhong Jia (မြန်မာအမည် စိုးမိုးလွင်) ဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ပထမဆုံး နိုင်ငံခြားသားပါရဂူ သင်တန်းသူအဖြစ် လာရောက်သင်ယူခဲ့ပြီး နိုင်ငံခြားသား တွေထဲက မြန်မာစာ ပါရဂူဘွဲ့ကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်လာခဲ့ပါတယ်။

ဒုတိယလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ တက္ကသိုလ်

မြန်မာစာဌာနနဲ့ဆက်သွယ်ပြီး ဒုတိယလက်မှတ် ရေးထိုးနိုင်ခဲ့တဲ့ တက္ကသိုလ်ကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် တိုကျိုနိုင်ငံခြားပညာရပ်များ လေ့လာမှုတက္ကသိုလ် (Tokyo University of Foreign Studies) ဖြစ်ပါတယ်။ တိုကျိုနိုင်ငံခြားပညာရပ်များ လေ့လာမှုတက္ကသိုလ်ဥက္ကဋ္ဌ ခေါင်းဆောင်တဲ့အဖွဲ့ဟာ ရန်ကုန်တက္ကသိုလ်ကို လာရောက်ပြီး ၆-၈-၂ဝ၁၄ ရက် နေ့မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါ တယ်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတာနဲ့ တစ်ပြိုင်တည်းမှာ တိုကျိုနိုင်ငံခြားဘာသာရပ်များ လေ့လာရေးတက္ကသိုလ်က မြန်မာဘာသာသင် ကျောင်းသား ကျောင်းသူ ၁၄ ဦးဟာ ၂ဝ၁၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစာဌာနမှာ သုံးပတ်ကြာ မြန်မာဘာသာအနီးကပ် ကြီးကြပ်သင်တန်း (Intensive Course) တက်ရောက်ဖို့ ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ ဒီဂျပန် ကျောင်းသား ကျောင်းသူတွေဟာ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ဆယ်စုနှစ်ကာလအတွင်းမှာ ရန်ကုန် တက္ကသိုလ်ကို အစုအဖွဲ့အလိုက် ပထမဆုံး လာရောက် ခဲ့ကြတဲ့ နိုင်ငံရပ်ခြားက ကျောင်းတော်သားတွေပါပဲ။

နိုင်ငံခြားကျောင်းသားတွေ အစုအဖွဲ့နဲ့ ပထမဆုံး ရောက်ရှိလာခဲ့တာဟာ ရန်ကုန်တက္ကသိုလ် အတွေ့အကြုံ သစ်တစ်ခုပါ။ စိန်ခေါ်မှုတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ ကျောင်းသားတွေရဲ့ သင်ကြားရေးသာမက တည်းခို နေထိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ လူမှုရေးကအစ တာဝန်ယူရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူတွေ အများစုဖြစ်တဲ့အတွက်လည်း ပိုပြီးတာဝန်ကြီးတာ ဖြစ်ပါတယ်။ ပထမဆုံးရောက်ရှိလာတဲ့ ဂျပန်ကျောင်းသူ တွေကို အင်းလျားဆောင်မှာထားရှိဖို့ ရန်ကုန်တက္ကသိုလ်က စီစဉ်ပေးခဲ့ပြီး ကျောင်းသူတွေကို အစစလိုလေသေးမရှိ အောင် အင်းလျားဆောင်အဆောင်မှူး သတ္တဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာမဉ္ဇူမင်း (ယခု မန္တလာဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး) က ကူညီဖြည့်ဆည်းပေးခဲ့ပါ တယ်။ အင်းလျားဆောင်မှာ နေထိုင် ကြတဲ့ မြန်မာစာဌာနက ဆရာမတွေ၊ ကျောင်းသူတွေကလည်း ဝိုင်းဝန်းစောင့်ရှောက် ပေးခဲ့ကြပါတယ်။

တစ်နှစ်ပညာသင်ယူဖို့ ရောက်ရှိ

အဲဒီနောက် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်စတင်တဲ့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအတွက် မြန်မာစာဌာနမှာ တစ်နှစ်ပညာသင်ယူဖို့ နိုင်ငံရပ်ခြားက ကျောင်းသား ကျောင်းသူတွေ ရောက်ရှိလာခဲ့ကြပါတယ်။ တိုကျိုနိုင်ငံခြား ပညာရပ်များ လေ့လာမှုတက္ကသိုလ် ဂျပန်ကျောင်းသား ကျောင်းသူ လေးဦး၊ ရန်ကုန်တက္ကသိုလ်နဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ ယူနန်နော်မယ် တက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၄၃ ဦးတို့ဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ တစ်နှစ်ပညာသင်ယူဖို့ ရောက်ရှိလာခဲ့ကြပါတယ်။ ဂျပန်ကျောင်းသူတွေဟာ အင်းလျားဆောင်မှာပဲ တည်းခိုနေထိုင်ခဲ့ကြပြီး တရုတ် ကျောင်းသူတွေကတော့ သီရိဆောင်မှာ တည်းခိုနေထိုင် ကြပါတယ်။ ကျောင်းသားတွေကတော့ ပဲခူးဆောင်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ တရုတ်ကျောင်းသူတွေ ရောက်ရှိလာတဲ့အခါ သီရိဆောင်အဆောင်မှူး ရူပဗေဒ ဌာန တွဲဖက်ပါမောက္ခ ဒေါက်တာအေးအေးသန့်က ကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ ကျောင်းသားတွေကို ကူညီစောင့်ရှောက်ပေးခဲ့တာကတော့ ပဲခူးဆောင် အဆောင်မှူး ရုက္ခဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ အောင်ကျော်မင်း ဖြစ်ပါတယ်။

ဂျပန်နဲ့တရုတ် ကျောင်းသား ကျောင်းသူတွေ မြန်မာစာဌာနမှာ တစ်နှစ် လာရောက်ပညာသင်ကြားတဲ့ အစီအစဉ်ကတော့ ၃+၁ အစီအစဉ် ဖြစ်ပါတယ်။ ၃+၁ အစီအစဉ်ဆိုတာကတော့ သူတို့ရဲ့မိခင်တက္ကသိုလ်မှာ သက်ဆိုင်ရာဘာသာရပ်တွေကို သုံးနှစ်သင်ယူပြီး နိုင်ငံတကာတက္ကသိုလ်တွေမှာ တစ်နှစ်သွားရောက် သင်ယူတဲ့ အစီအစဉ်ဖြစ်ပါတယ်။ သူတို့တက္ကသိုလ်မှာ ရှိတဲ့ နိုင်ငံတကာ လေ့လာရေးဘာသာရပ်တွေထဲက မြန်မာစာ၊ မြန်မာမှု အထူးပြုသင်ယူတဲ့ ကျောင်းသားတွေ ဟာ သူတို့တက္ကသိုလ်မှာ သုံးနှစ်၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ တစ်နှစ်သင်ယူပြီးတဲ့နောက် သူတို့ရဲ့ မိခင်တက္ကသိုလ်က ဘွဲ့အပ်နှင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် (Oxford University)ဟာ ၂ဝ၁၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်နဲ့ ပညာရပ်ဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဇူလိုင်လမှာ အောက်စဖို့ဒ်တက္ကသိုလ် က ကျောင်းသား ကျောင်းသူတွေဟာ ရန်ကုန်တက္ကသိုလ် ကို လာရောက်ခဲ့ကြပါတယ်။ သူတို့လာရောက်တဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်တက္ကသိုလ်ကိုလေ့လာဖို့နဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေကို အင်္ဂလိပ်စာကာလတို လေ့ကျင့်သင်ကြားပေးဖို့ ဖြစ်ပါ တယ်။ သူတို့ဟာလည်း ကျောင်းသားတွေက ပဲခူးဆောင်နဲ့ ကျောင်းသူတွေက အင်းလျားဆောင်မှာ မြန်မာ ကျောင်းသား ကျောင်းသူတွေနဲ့အတူ တည်းခိုနေထိုင်ခဲ့ကြ ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကာလအတွင်း ရန်ကုန်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံက ကျောင်းသားတွေကို အင်္ဂလိပ်စာသင်ကြားရင်း မြန်မာစာ ဌာနမှာ မြန်မာစာနဲ့ မြန်မာစကားကို လာရောက်သင်ယူ ခဲ့ကြပါတယ်။ ဉာဏ်ရည်မြင့်မားသူတွေ ဖြစ်တဲ့ အလျောက် ရက်အနည်းငယ်အတွင်းမှာပဲ မြန်မာစာ၊ မြန်မာစကားကို ထမင်းစားရေသောက် ရေးတတ်၊ ပြောတတ်ခဲ့ကြပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)