နိုင်ငံရေးပါတီ ( ၂၅ ) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်

 

နိုင်ငံရေးပါတီ ( ၂၅ ) ပါတီ၏
ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ( ၆ ) ရက်
၂၀၂၄ ခုနှစ်၊ မေလ ( ၂၈ ) ရက်
၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်ခဲ့သော ပြည်တွင်းပဋိပက္ခများအား နိုင်ငံတော်အစိုးရ၊ တာဝန်ရှိအဖွဲ့အစည်းများနှင့် တည်ငြိမ် အေးချမ်းရေးကိုလိုလားသော   တိုင်းရင်းသားပြည်သူများက  ဥပဒေနှင့်အညီဖြေရှင်းနိုင်ရေး   အထူး အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂။    သို့ရာတွင် အစွန်းရောက် အတ္တနိုင်ငံရေးသမားများနှင့် ၎င်းတို့ဖန်တီးခဲ့သော အကြမ်းဖက်အုပ်စု များကြောင့် အပြစ်မဲ့ပြည်သူအများအပြား သတ်ဖြတ်ခံရခြင်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ ပြည်သူလူထု၏  အခွန်ဘဏ္ဍာငွေများဖြင့်  အချိန်ကြာမြင့်စွာ  တည်ဆောက်ထားခဲ့ရသော လူမှုစီးပွား ဆိုင်ရာအခြေခံအဆောက်အဦများ ပျက်ယွင်းခဲ့ရခြင်း၊ မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝများ ဖျက်ဆီးခံရခြင်း စသည့်ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ရပါသည်။
၃။    အထက်ပါဖြစ်စဉ်များ၏   အကျိုးဆက်အဖြစ်   အခြေခံလူနေမှုဘဝများ    ကျပ်တည်းလာရခြင်း၊ ထိုကျပ်တည်းမှု၏ နောက်ဆက်တွဲအဖြစ် လုယက်မှု၊ ပြန်ပေးမှု၊ မီးရှို့ဖျက်ဆီးမှု၊ ခြိမ်းခြောက်မှု၊ အဓမ္မမှုများ အပါအဝင် ရာဇဝတ်မှုခင်းများလည်း ပိုမိုအရှိန်မြင့်လာသည်ဟု သုံးသပ်ရမည်ဖြစ်ပါသည်။
၄။    နိုင်ငံတော်အနေဖြင့်  ပြည်တွင်းပဋိပက္ခအား  ပြည်တွင်းအင်အားဖြင့်  အထူးအလေးထားဖြေရှင်း ဆောင်ရွက်နေချိန်မှာပင်  အင်အားကြီးနိုင်ငံအချို့နှင့်  ကမ္ဘာ့အဖွဲ့အစည်းအချို့တို့က ကမ္ဘာ့မိသားစုဝင် နိုင်ငံအချင်းချင်း   လူသားအချင်းချင်းစာနာမှု၊  အပြုသဘောဆောင်သော  ချဉ်းကပ်လေ့လာကူညီမှု၊ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုအား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးမှု စသည့်ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းတာဝန်များအစား ခေတ်အဆက်ဆက် အောင်မြင်မှုမရှိခဲ့သော ခေတ်သစ်ကိုလိုနီဝါဒ၏ ကျင့်စဉ် တစ်ရပ်ဟုဆိုနိုင်သည့်  လိုလားသူတစ်ဖက်ဖက်သို့   တိုက်ရိုက် /  သွယ်ဝိုက်နည်းလမ်းများဖြင့် အားပေး အားမြှောက်ပြုခြင်း၊  အခြားတစ်ဖက်သို့  နိုင်ငံရေး/ စီးပွာရေးအရ အကျပ်အတည်းဖြစ်စေပြီး လိုသလို ဆွဲယူပုံဖော်စေခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရန်အတွက် ပိတ်ဆို့တားဆီးမှု (Sanctions)များအား နည်းလမ်းတစ်ရပ်အဖြစ် အသုံးပြု၍ဆောင်ရွက်လာခဲ့ကြပါသည်။ 
၅။    မြန်မာနိုင်ငံအပေါ်သို့  ( ၁၁-၂-၂၀၂၁ ) ရက်နေ့မှ  ( ၃၀-၁-၂၀၂၄ ) ရက်နေ့အထိ ချမှတ်ခဲ့သော  ပိတ်ဆို့တားဆီးမှုများအား လေ့လာရာတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုများကို ပိတ်ပင်ခြင်း၊ အစိုးရနှင့်ထောက်ပံ့ ဆက်သွယ်မှုများကို   ဖြတ်တောက်ခြင်း၊  လူမှုစီးပွားဘဝဆိုင်ရာ  လုပ်ငန်းစဉ်များကို  ပိတ်ဆို့ခြင်း၊ ငွေလွှဲပြောင်းမှုများအား တားမြစ်ပိတ်ပင်ခြင်း၊ ကုန်ပစ္စည်းတင်ပို့မှုများအား ကန့်သတ်တားမြစ်ခြင်း၊ ခရီးသွားလာခွင့်များ ပိတ်ပင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆက်ဆံဆောင်ရွက်နေရမည့်ကိစ္စများအား  ဆိုင်းငံ့ထားခြင်း၊  အထီးကျန်ဖြစ်စေခြင်း၊  ကမ္ဘာ့အဖွဲ့အစည်းများတွင်  မဲပေးခွင့် မရှိအောင် ပိတ်ပင်တားမြစ်ခြင်း၊ ကမ္ဘာ့မူပိုင်ခွင့်အစည်းအဝေးမှန်သမျှ တက်ရောက်ခွင့်ပိတ်ပင်ခြင်း စသည့်  များစွာသောပိတ်ဆို့မှုများအား  အချိန်ကိုက်  အရှိန်မြှင့်ဆောင်ရွက်မှုများ  ပါဝင်လာကြောင်း တွေ့ရပါသည်။
၆။    အထက်အပိုဒ်ပါ ပိတ်ဆို့မှုများသည် နိုင်ငံတစ်နိုင်ငံကို ရွေးထုတ်ဖိအားပေးခြင်း၊ လွတ်လပ်မှု၊ ဖွံ့ဖြိုး တိုးတက်မှု၊ တည်ငြိမ်မှု၊ ပြည်သူတစ်ရပ်လုံး အနာဂတ်ဘဝ ငြိမ်းချမ်းသာယာစေမှု စသည့်အချက်တို့အား ရည်ရွယ်ချက်ရှိရှိ ကန့်သတ်တားမြစ်ခြင်း၊ ဘက်လိုက်ဆောင်ရွက်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး  ကြေညာစာတမ်း  Article (7) ပါ  ''တန်းတူကာကွယ်စောင့်ရှောက်မှုအစား  ခွဲခြား ဆက်ဆံခြင်း၊ ထိုသို့ခွဲခြားဆက်ဆံရန် လှုံ့ဆော်ခြင်းနှင့် တူညီသောကာကွယ်စောင့်ရှောက်မှုကို ခံစားစေ ရမည်'' စသည့် ကြေညာချက်စာတမ်းပါအချက်များအား အတိအလင်း ဖောက်ဖျက်ကျူးလွန်နေကြောင်း တွေ့ရှိရပါသည်။
၇။    ၎င်းအပြင် ကုလသမဂ္ဂပဋိညာဉ်စာတမ်း စည်းမျဉ်း Article (2) အပိုဒ်(၁)ပါ ''အဖွဲ့ဝင်အားလုံး၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို အခြေခံထားသည်'' ဟူသော မူကိုလည်းကောင်း၊ Article (4) ပါ  ''နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံရေးလွတ်လပ်မှုကို ဆန့်ကျင်သည့် ခြိမ်းခြောက်မှု (သို့မဟုတ်) အင်အားအသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်'' ဟူသော မူကိုလည်းကောင်း ဥပေက္ခာပြုဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း သုံးသပ်ရရှိပါသည်။
၈။    အရေးယူပိတ်ဆို့မှုများသည် နိုင်ငံတော်အစိုးရအပေါ် ဦးတည်ဒဏ်ခတ် အရေးယူပိတ်ဆို့သည်ဟု အကြောင်းပြပြောဆိုနေသော်လည်း ပကတိအခြေအနေမှာ ပြည်တွင်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ် လုံးအပေါ် ထိခိုက်နစ်နာစေပြီး ဒုက္ခသံသရာအတွင်းသို့ အတင်းအဓမ္မတွန်းပို့နေသည့် လုပ်ရပ်များသာ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ ၎င်းအပြင် ထိုလုပ်ရပ်သည် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို နှောင့်နှေးရပ်တန့်စေခြင်းနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်စေရေး အခင်းအကျင်းကို ပျက်စီးစေခြင်း စသည့် ဖြစ်ရပ်များကိုသာ ပေါ်ပေါက်လာ စေမည်ဖြစ်ပါသည်။
၉။    သို့ပါ၍ နိုင်ငံအပေါ်ချမှတ်ထားသော ပိတ်ဆို့မှု (Sanctions) များအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်း ပေးကြရန်၊ ကမ္ဘာ့နိုင်ငံများကလည်း အကျိုးသက်ရောက်မှု အခြေအနေမှန်ကို မူတည်စဉ်းစား၍ ဝိုင်းဝန်း ကူညီပေးကြရန် တောင်းဆိုပါကြောင်းနှင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions) လုပ်ရပ် များအား ကျွန်ုပ်တို့နိုင်ငံရေးပါတီများအားလုံးက  လုံးဝ(လုံးဝ) လက်မခံ ဆန့်ကျင်ကန့်ကွက်ရှုတ်ချ ပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။
စဉ်    အမည်    ပါတီတာဝန်    ပါတီအမည်    လက်မှတ်
၁။    ဦးခင်ရီ    ဥက္ကဋ္ဌ    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်    
            ဖွံ့ဖြိုးရေးပါတီ    

၂။    ဦးဌေးကျော်    ဥက္ကဋ္ဌ    မြန်မာပြည်သူ့
            ဒီမိုကရက်တစ်ပါတီ    

၃။    ဦးခေါတိန့်    အတွင်းရေးမှူး    ဒီမိုကရေစီပါတီသစ်(ကချင်)

၄။    ဦးသိန်းထွန်း    ဒုတိယဥက္ကဋ္ဌ    တိုင်းရင်းသား
            စည်းလုံးညီညွတ်ရေးပါတီ

၅။    ဦးအေးကြိုင်    ဥက္ကဋ္ဌ    ရခိုင်ပြည်နယ်
            အမျိုးသားအင်အားစုပါတီ    

၆။    ဦးစောခွန်ကျော်ဝင်း    အတွင်းရေးမှူး(၂)     ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
            (PNO)ပါတီ

၇။    ဦးလီပေါ်ရဲ    ဥက္ကဋ္ဌ    လီဆူအမျိုးသားဖွံ့ဖြိုး
            တိုးတက်ရေးပါတီ(ဒူးလေးပါတီ)    

၈။    ဦးဦးသန်းဌေး    ဒုတိယဥက္ကဋ္ဌ    ခမီအမျိုးသား
            ဖွံ့ဖြိုးတိုးတက်ရေးပါတီ    

၉။    ဦးသိန်းကြည်     ဥက္ကဋ္ဌ    အမျိုးသားနိုင်ငံရေး
            မဟာမိတ်များ အဖွဲ့ချုပ်ပါတီ    

၁၀။    ဦးကျော်ဇင်    ဥက္ကဋ္ဌ    ပြည်သူ့အလုပ်သမားပါတီ    

၁၁။    ဦးကျော်စွာစိုး    ဥက္ကဋ္ဌ    မြန်မာနိုင်ငံတောင်သူလယ်သမား 
            ဖွံ့ဖြိုးတိုးတက်ရေးပါတီ    

၁၂။    ဦးစိုင်းအောင်မြင့်ခိုင်    တွဲဖက်    ရှမ်းနှင့်တိုင်းရင်းသားများ
        အတွင်းရေးမှူး     ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)    

၁၃။    ဦးတင့်ဆွေ    ဒုတိယဥက္ကဋ္ဌ    ဒီမိုကရက်တစ်ပါတီ    

၁၄။    ဦးစံသာအောင်     ဥက္ကဋ္ဌ    မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ    

စဉ်    အမည်    ပါတီတာဝန်    ပါတီအမည်    လက်မှတ်
၁၅။    ‌ဒေါ်သန္တာဝင်း    အတွင်းရေးမှူး    အမျိုးသားဒီမိုကရေစီပါတီသစ်    

၁၆။    ဦးအောင်ဖြိုးကျော်    နာယက    အမျိုးသားအကျိုးစီးပွား
            တိုးတက်ရေးပါတီ    

၁၇။    ဦးအောင်ဘ    ဗဟို     ခူမီး အမျိုးသားပါတီ
        အလုပ်အမှုဆောင်        

၁၈။    ဦးမောင်မောင်သန့်ဇော်    ဒုတိယဥက္ကဋ္ဌ    အမျိုးသားနိုင်ငံရေး
            အားမာန်သစ်ပါတီ    

၁၉။    ဒေါ်စောယုမာ    ဥက္ကဋ္ဌ    ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် 
            ညီညွတ်ရေးပါတီ
    
၂၀။    ဦးထွန်းအောင်ကျော်    ဥက္ကဋ္ဌ    ခေတ်သစ်ပြည်သူ့ပါတီ    

၂၁။    ဒေါ်တင်နွယ်ဦး    ဗဟို     အမျိုးသားဒီမိုကရေစီ
        အလုပ်အမှုဆောင်     အင်အားစုပါတီ    

၂၂။    ဦးရဲထွန်း    ဥက္ကဋ္ဌ    ၈၈ မျိုးဆက်ကျောင်းသား
            လူငယ်များ (ပြည်ထောင်စု
            မြန်မာနိုင်ငံ)ပါတီ
     
၂၃။    ဦးအေးလွင်    ဥက္ကဋ္ဌ    ပြည်ထောင်စုမြန်မာနိုင်ငံ
            အမျိုးသားနိုင်ငံရေး
            အဖွဲ့ချုပ်ပါတီ    

၂၄။    ဦးမောင်အေး    ဗဟို     လူထုပါတီ
        အလုပ်အမှုဆောင်        

၂၅။    ဦးမင်းမျိုးတင့်လွင်    ဥက္ကဋ္ဌ    မွန်တိုးတက်ရေးပါတီ