
မောင်မောင်ဟိန်း (အင်းတိုင်)
နိုင်ငံရေးဟုဆိုရာတွင် နိုင်ငံအတွင်း မှီတင်းနေထိုင် ကြကုန်သော နိုင်ငံသားအားလုံး၏ အရေးကိစ္စများ အားလုံးနှင့် ဆက်စပ်လျက်ရှိသည်ဟု ဆိုရမည် ဖြစ်သည်။
ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်
နိုင်ငံသားများ တစ်နည်းအားဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ တရား ဥပဒေစိုးမိုးရေးစသည့်ကဏ္ဍစုံကို နိုင်ငံတစ်နိုင်ငံ ချင်းအလိုက်ဆိုင်ရာ အစိုးရကစီမံခန့်ခွဲပြီး ပြည်သူ များက ပါဝင်ဆောင်ရွက်ကြရသည်။ အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းပါက ပြည်သူများနှင့် သဟဇာတ မဖြစ်ဘဲ နိုင်ငံတိုးတက်ရန် များစွာသောအခက်အခဲ များနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေသောနိုင်ငံများတွင် အစိုးရ တစ်ရပ်ကို ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ် တင်မြှောက်ကြသည်။ ပြည်သူအများစု၏ ဆန္ဒဖြင့် ရွေးချယ်ရသောကြောင့် ရွေးချယ်ပေးရမည့် ပြည်သူ တစ်ဦးချင်းသည် တော်တည့်မှန်ကန်စွာ ရွေးချယ် နိုင်စွမ်းရှိသူများဖြစ်ရန် အထူးလိုအပ်သည်။
အစိုးရကောင်းတစ်ရပ် ရရှိနိုင်မည်မဟုတ်
ပါတီနိုင်ငံရေးသမားများ၏ မဲဆွယ်စည်းရုံးစဉ် မစားရဝခမန်း ပြောဆိုစည်းရုံးခြင်းကို အဟုတ်မှတ် ပြီး ဖြစ်နိုင်၊ မဖြစ်နိုင်ကို သုံးသပ်ပိုင်းခြားနိုင်စွမ်း မရှိဘဲ မိမိနိုင်ငံ၏ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာသာသနာတို့၏ တန်ဖိုးကို မသိသူများ၊ သူများယောင်လို့ လိုက်ယောင်ကြသူ များ၊ စိတ်ဆန္ဒကို ဦးစားပေးကြသူများ၊ ဆွယ်တရား ကောင်း၍ ပါသွားသူများ အားကောင်းနေသရွေ့အစိုးရကောင်းတစ်ရပ် မည်သို့မျှရရှိနိုင်မည် မဟုတ် ပါ။ ဆန္ဒမဲပေးသူ အများစုနှင့်ထိုက်တန်သော အစိုးရ တစ်ရပ်သာ ရရှိမည်ဖြစ်သည်။
နိုင်ငံနှင့်ပြည်သူအတွက်
အလွန်အန္တရာယ်ကြီးသူများ
ပါတီနိုင်ငံရေးလုပ်ဆောင်နေသည့် နိုင်ငံရေး သမားများသည် နိုင်ငံနှင့်ပြည်သူအပေါ် အမှန် တကယ်စေတနာထားသူဖြစ်ပါက အာဏာရရေး တစ်ခုတည်းကို ဦးမတည်ဘဲ မိမိနှင့် မိမိပါတီ အာဏာရသည်ဖြစ်စေ မရသည်ဖြစ်စေ ပြည်သူ များ၏ အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ အာဏာမရရှိသေးသည့်ကာလ တွင်လည်း အတိုက်အခံပါတီကောင်းတစ်ရပ် အနေ ဖြင့် တည်ဆဲအစိုးရ၏ အားနည်းချက်၊ လစ်ဟာ ချက်များကို ထောက်ပြပြီး ပြည်သူများ၏ အကျိုး စီးပွားအတွက် တောင်းဆိုပေးရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မိမိနှင့်မိမိပါတီ အာဏာရရှိရေး အတွက် တည်ဆဲဥပဒေများကို ချိုးဖောက်ဆောင်ရွက် ခြင်း၊ ဥပဒေကို လိုရာဆွဲပုံဖော်ပြီး အသာစီးရယူ ခြင်း၊ မတတ်သာ၍ အာဏာမရတော့သည့်အခါ ထိပ်တိုက်ရင်ဆိုင်ပြီး တန်ပြန်တိုက်ခိုက်ခြင်းတို့ ပြုမူဆောင်ရွက်ခြင်းသည် ထောက်ခံသည့် ပြည်သူ များကို ချနင်းကာ မရိုးမသားဆောင်ရွက်ကြခြင်း ပင်ဖြစ်သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းပါ ပေးထားချက်များဖြင့်သာ ချဉ်းကပ်ကြရမည်ကို သိလျက်နှင့် နိုင်ငံနှင့်ပြည်သူ့အကျိုးကို မကြည့်ဘဲ မိမိနှင့်မိမိပါတီအကျိုးကိုသာ ကြည့်ကြသော နိုင်ငံရေးသမားများသည် နိုင်ငံနှင့်ပြည်သူအတွက် အလွန်အန္တရာယ်ကြီးသူများဖြစ်သည်။
ဦးသန့်၏ ဗမာသစ်နှင့် ပညာသစ်ဆောင်းပါး (ရန်ကုန်ဝိဇ္ဇာစာအုပ်တိုက် ၁၉၄၅) တွင် “တိုင်းပြည် အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီသည် အခက်အခဲဆုံးဖြစ်ကြောင်း၊ ခက်လွန်းအားကြီး သောကြောင့် ဒုတိယကမ္ဘာစစ်မဖြစ်မီက ဂျာမနီနှင့် အီတလီနိုင်ငံတို့သည် ဒီမိုကရေစီကိုစွန့်၍ အာဏာ ရှင်နိုင်ငံများ တည်ထောင်ကြကြောင်း၊ ဒီမိုကရေစီ အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ် ပညာနှင့် ဆင်ခြင်တုံတရားလုံလောက်အောင် ရှိကြရမည်ဖြစ်ကြောင်း၊ အသိဉာဏ်ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင် တိုင်းသည် ပညာတတ်ကြရမည်၊ ဆင်ခြင်တုံတရား ကို သုံးနိုင်ကြရမည် ဖြစ်ကြောင်း” ဒီမိုကရေစီစနစ် အတွက် ပြည်သူများ၏ လိုအပ်ချက်ကို ပွင့်လင်း မြင်သာစွာ ထောက်ပြရေးသားခဲ့သည်။
အကျိုးထက်အပြစ်ပိုများ
နိုင်ငံသားတိုင်းသည် မျိုးချစ်စိတ်ဓာတ်ရှိရန် လိုသည်။ မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိနိုင်ငံနှင့် မိမိလူမျိုးတိုင်းရင်းသားအားလုံး ကောင်းစားရေးကို မြင်တွေ့ခံစားလိုသောစိတ်ဟု ဆိုချင်ပါသည်။ တိုင်းပြည်နှင့် လူမျိုးကို ဘက်ပေါင်းစုံမှ နှောင့်ယှက် ဖျက်ဆီးပြီး ဒုက္ခမျိုးစုံပေးနေသူများအား ကာကွယ် တွန်းလှန်ခြင်းကို မျိုးချစ်စိတ်ရှိသည့် ပြည်သူများ ကသာ လုပ်ဆောင်ကြမည်ဖြစ်သည်။ မျိုးချစ်စိတ် ခေါင်းပါးသောသူများသည် အတ္တအကျိုးစီးပွား အတွက် ပုဆိန်ရိုးများအဖြစ် မိမိတိုင်းပြည်နှင့် လူမျိုး ကို အကျိုးယုတ်စေမည့်သူများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်ကြသည်။ မျိုးချစ်စိတ် ရှိသော်လည်း ဆင်ခြင်တုံတရားမရှိ၍မရပေ။ ဆင်ခြင်တုံတရားရှိရန် အသိဉာဏ်ပညာဝမ်းစာ ပြည့်ဝရန်လည်းလိုသည်။ မျိုးချစ်စိတ်တည်းဟူသော လှေကို ပဲ့နှင့်တူသော ဆင်ခြင်တုံတရားနှင့် ထိန်းချုပ် နိုင်မှသာ လိုရာပန်းတိုင်ကို ကောင်းစွာဆိုက်ရောက် နိုင်မည်ဖြစ်သည်။ ယခုခေတ်စားနေသော စကား ဖြစ်သည့် မျက်ကန်းမျိုးချစ်စိတ်နှင့် ဆောင်ရွက် ပါက အကျိုးထက်အပြစ်ပိုများမည် ဖြစ်သည်ကို လည်း သတိချပ်သင့်သည်။
“နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းဖြစ်၏”ဟု ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပခဲ့ သည့် နိုင်ငံလုံးဆိုင်ရာညီလာခံပြုလုပ်စဉ် ထိုစဉ်က ဖဆပလ အဖွဲ့ချုပ်ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားခဲ့သည်။
အကောင်းအဆိုးကို မစွမ်းနိုင်အောင်
လုပ်ခြင်းမျှသာဖြစ်
ယင်းညီလာခံမိန့်ခွန်းတွင် “နိုင်ငံရေးသဘော အမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်းမဟုတ်၊ နိမ့်ကျလွန်းသည် လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်း သော ကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်ဇောနှင့် လုပ်သော အရေး ကိစ္စလည်းမဟုတ်၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်နေသော ဖြစ်ပွားလျက်ရှိသော အခြေ ပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။ နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံ နေရသောကိစ္စပင်ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေ မည်။ ကျွန်ုပ်တို့၏ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုအစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ် တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေ ကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့၌ ပေါ်ပေါက်လျက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံ ရေးကိုပင် လုပ်နေကြရပေသည်။ လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံ ရေးပင်ဖြစ်၏။ လွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ နိုင်ငံရေးကို ဘာသာတရား ဖြစ်သကဲ့သို့ ပြောဆိုကြသောသူများမှာ ယုတ်မာ ညစ်ထေးသော နိုင်ငံရေးသမားများပင်လျှင် ဖြစ်ပေ ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီး ကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူ တို့၏ စိတ်ကိုရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ်ခြင်းမျှသာဖြစ်၏။ အမှန်မှာ ထိုသူတို့ပြုလုပ်မှု သည် နိုင်ငံရေးမဟုတ်၊ မိမိတို့ အကောက်ဉာဏ်ကို သုံး၍ မိမိတို့ကြီးပွားရေး တစ်နပ်စားနိုင်ငံရေးပင် ဖြစ်ပေ၏”ဟု ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးနှင့် ပတ်သက်၍ ပြည်သူသို့ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်ကို မှတ်သားခဲ့ဖူးပါသည်။
အာဏာဟူသမျှ ဖီဆန်
ဒီမိုကရေစီ၏အနှစ်သာရတစ်ရပ်မှာ လွတ်လပ် စွာ သဘောထားကွဲလွဲခွင့်ရှိခြင်းပင်ဖြစ်သည်။ ငါနှင့် မတူ ငါ့ရန်သူဟူသော အယူအဆ ဝါဒမှိုင်းသွတ်သွင်း သူများသည် မရိုးမဖြောင့်သော အတ္တဝါဒီ စွဲကိုင် ကြသူများဖြစ်ပေသည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား ကို ဦးတည်ဆောင်ရွက်ခြင်းမပြုဘဲ မိမိအာဏာ မရလျှင် အာဏာဟူသမျှ ဖီဆန်ကြရန် တိုက်တွန်း ပြောဆို စည်းရုံးခြင်းပြုသူများသည် နိုင်ငံရေးအရေ ခြုံပြီး ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို အသုံးချကာ ပြည်သူအပေါ် စေတနာမှန် မရှိကြသူ များပင်ဖြစ်သည်။ တည်ဆဲအစိုးရနှင့် ပြည်သူ အကြား ထိပ်တိုက်ရင်ဆိုင်နေကြပါက အစိုးရလည်း အစိုးရအလုပ် မလုပ်နိုင်၊ ပြည်သူလည်း ပြည်သူ အလုပ်မလုပ်နိုင်ဘဲ တိုင်းပြည်ပျက်စီးယိုယွင်းမည် ကို သိလျက်နှင့် မရိုးမဖြောင့်သော အကြံအစည်ဖြင့် ကိုယ်ကျိုးစီးပွားကိုသာ ဦးတည်လုပ်ဆောင်နေ သော ညစ်ထေးသည့် နိုင်ငံရေးသမားများ ရှိနေသည် ကို အထူးသတိထားကြရပေမည်။ နိုင်ငံရေးကို ညစ်ထေးစေသော နိုင်ငံရေးသမားများကို ပြည်သူ များက ဆင်ခြင်တုံတရားဖြင့် သတိထားကြဉ်ဖယ်ကြ ရမည်ဖြစ်သည်။ ထိုသို့ ဆင်ခြင်တုံတရားထားရှိနိုင် ရေး ပြည်သူများအနေဖြင့် နိုင်ငံရေးရေချိန် မြင့်မား ရန် လေ့လာဆည်းပူးကြရပေမည်။ နိုင်ငံရေးသည် နိုင်ငံသားအားလုံး၏ အရေးကိစ္စတစ်ရပ်ဖြစ်သော ကြောင့် နိုင်ငံရေးနှင့် ကင်းကွာ၍မရကြောင်း သတိ ချပ်သင့်ပေသည်။ သို့မှသာ နိုင်ငံရေးကို ညစ်ထေး စေသူများ၏ ဘေးဆိုးမှ လွတ်ကင်းနိုင်မည်ဖြစ်သည်။ ဆန္ဒမဲပိုင်ရှင်ပြည်သူများ၏ အသိပညာနှင့် ဆင်ခြင် တုံ တရားပြည့်ဝစွာဖြင့် ဆန္ဒပြုရွေးချယ်နိုင်မှသာ ဒီမိုကရေစီအနှစ်သာရ ပြည့်ဝသော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မည်ဖြစ်ပေသည်။ ။
- Log in to post comments