
ဇော်မိုး
သီရီလင်္ကာနိုင်ငံအလယ်ပိုင်း တောင်ကုန်းတောင်တန်းတွေမှာလွှမ်းခြုံထားတဲ့ စိမ်းလန်းစိုပြည်နေတဲ့ လက်ဖက်ခြံစိုက်ခင်းတွေမှအရွက်တွေဟာ ကမ္ဘာတစ်ဝန်းက လက်ဖက်ရည်သောက်သုံးသူတွေရဲ့ ခွက်ထဲမှာ အဆုံးသတ်သွားကြတယ်။ လက်ဖက်ဟာ သီရိလင်္ကာနိုင်ငံရဲ့ အားအထားရဆုံး၊ အကြီးမားဆုံး ပို့ကုန်တစ်ခုပါ။ အဲဒီလက်ဖက်ပို့ကုန်ကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော်လောက်အထိ ရှာဖွေပေးနိုင်တယ်လို့ နိုင်ငံတကာသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ သို့သော်လည်း ထင်မှတ်မထားတဲ့ စီးပွားရေးရိုက်ခတ်မှုတွေက လက်ဖက်လုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။
လက်ဖက်အများစုကို လယ်သမား
အသေးစားလေးတွေ စိုက်ပျိုးကြ
သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်အများစုကို ကဒူဂွန်နာဝါရွာအနီးနားမှာ စိုက်ပျိုးမြေနှစ်ဧက ပိုင်ဆိုင်တဲ့ ရိုဟန် တီလခ် ဂူရူဆင်ဟီးတို့လို လယ်သမားအသေးစားလေးတွေက စိုက်ပျိုးကြ တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်မှာ သီရိလင်္ကာအစိုးရက ဓာတုဓာတ်မြေဩဇာ တင်သွင်းမှုကို ပိတ်ပင်လိုက်တဲ့အကျိုးဆက်ကြောင့် လက်ရှိအချိန်အထိ လုံးလည်လိုက်နေတုန်းပဲလို့ အဆိုပါလက်ဖက်စိုက်တောင်သူက ဆိုပါတယ်။ ဓာတ်မြေဩဇာတွေ၊ စက်သုံးဆီတွေမရှိရင် ယင်း လုပ်ငန်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မစဉ်းစားရဲ လောက်အောင်ပင် ဖြစ်နေတယ်လို့လည်း ဆက်ပြောပါတယ်။
နိုင်ငံခြားအရန်ငွေ လျော့နည်းမှုကို ဟန့်တား နိုင်ဖို့အတွက် ပြည်ပသွင်းကုန်တွေကို တင်သွင်းခွင့် တားမြစ်လိုက်ခြင်းက အကောင်အထည်ဖော်ခဲ့တဲ့ အဆိုးရွားဆုံးမူဝါဒတွေထဲမှ တစ်ခုဖြစ်တယ်ဆိုတာ လက်ဖက်စိုက်တောင်သူတွေရဲ့ အခြေအနေကို ကြည့်ရင် မြင်သာတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း မှာတော့ ပြောင်းပြန်ဖြစ်သွားခဲ့ပေမယ့် ဓာတ်မြေ ဩဇာဈေးတွေက ခေါင်ခိုက်သွားခဲ့ပြီး ရင်းနှီးဖို့ကိုပင် မလွယ်တဲ့အခြေအနေ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ အဲဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး သမ္မတဟောင်း ရာဂျာပါ့ခ်ဆာရဲ့ ဆိုးရွားတဲ့မူဝါဒတွေနဲ့ စီမံခန့်ခွဲမှု လွဲမှားမှုတွေပေါ် အများစုက အပြစ်တင်လိုကြတယ်။
လူဦးရေ ၂၂ သန်းလောက်ရှိတဲ့ သီရိလင်္ကာနိုင်ငံ အနေနဲ့ ပြီးခဲ့တဲ့နှစ်ကုန်မှာ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော်ရှိတယ်လို့ နိုင်ငံတကာသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါ တယ်။
လက်ဖက်စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေအကြား
အဆင်မပြေမှုတွေဖြစ်ပေါ်
လက်ဖက်ရွက်တွေကို စိုက်ခင်းထဲကနေ စက်ရုံ အလုပ်ရုံတွေဆီကို သယ်ပို့ဖို့ ကုန်တင်ကားတွေကို သာ အဓိကမှီခိုအားထားနေရတဲ့အတွက် နှောင့်နှေး ကြန့်ကြာမှု ဖြစ်စေတာကြောင့် အရွက်တွေ ခြောက် သွေ့ကာ အရည်အသွေး ကျဆင်းသွားတယ်လို့ လက်ဖက်စိုက်တောင်သူတွေက ဆိုပါတယ်။ စက်သုံးဆီရဖို့ စောင့်ဆိုင်းနေတဲ့ ယာဉ်တန်းကြီးက နိုင်ငံရဲ့မြို့တော် ကိုလံဘိုမှာသာမက နိုင်ငံတစ်ဝန်း မှာ ဖြစ်ပွားနေလျက်ရှိတာကြောင့်လည်း လက်ဖက် စက်ရုံအလုပ်ရုံပိုင်ရှင်တွေအကြား အဆင်မပြေမှု တွေ ဖြစ်ပေါ်နေတာပါ။
သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်တင်ပို့မှု ယခုနှစ် မှာ ကျဆင်းခဲ့ခြင်းဟာ ၂၃ နှစ်အတွင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ဒါ့အပြင် ရုရှား-ယူကရိန်း နှစ်နိုင်ငံဟာ သီရိလင်္ကာနိုင်ငံမှ လက်ဖက်ကို အများဆုံးဝယ်ယူ တဲ့နိုင်ငံတွေဖြစ်ပေမယ့် အဆိုပါနှစ်နိုင်ငံ စစ်မက် ဖြစ်ပွားနေခြင်းကြောင့် အခုလိုစီးပွားရေး ကျဆင်း ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
လက်ဖက်တင်ပို့မှုဟာ ဒေါ်လာများစွာရရှိစေတဲ့ ရင်းမြစ်တစ်ခုဖြစ်ကြောင်း၊ စက်ရုံတွေက အလုပ် သမားနှစ်သန်းလောက်ခန့်ပေမယ့် ထုတ်လုပ်မှု အဆင့်ကတော့ ကျလာကြောင်း ပြောပါတယ်။ အန်ကွန်ဘရာရှိ စက်ရုံကြီးတွေကို ဦးဆောင်တဲ့ မီဇန်မိုဟီဒင်းက စီးပွားရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင် ဖို့ နေနေသာသာ လက်ရှိလုပ်ငန်းကိုပင် ရပ်မသွား အောင် မနည်းကျားကန်နေရတဲ့ အခြေအနေမှာ စက်သုံးဆီမရှိရင် အလွန့်အလွန်ခက်ခဲပြီး ဒီအတိုင်း သာ ဆက်သွားနေရင် စက်ရုံအလုပ်ရုံ ပိတ်ထားရ ဖွယ်ရှိတယ်လို့ ပြောပါတယ်။
အထိခိုက်အဆိုးရွားဆုံးခံစားရတာကတော့
အဆင်းရဲဆုံးသူတွေဖြစ်
ပုံမှန်အတိုင်းဆိုရင် လော်ရီကား အစီး ၂၀ ခန့် လောက်နဲ့ လည်ပတ်နေတာပါ။ လက်ရှိမှာတော့ ရှစ်စီးလောက်နဲ့ လည်ပတ်နေရတယ်လို့ ဆိုပါတယ်။ နောက်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် တစ်ပတ်မှာ သုံးရက်၊ လေးရက်လောက်ပဲ အလုပ် လုပ်ရတဲ့ စက်ရုံအလုပ်ရုံတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ၎င်းရဲ့စက်ရုံအနေနဲ့ ပုဂ္ဂလိက တင်သွင်းသူတွေမှတစ်ဆင့် စက်သုံးဆီရရှိနိုင်တဲ့ အချိန်အထိ စက်ရုံလည်ပတ်မှုကို သိသိသာသာ လျှော့ချထားခဲ့ရတယ်။ အခြားစက်ရုံအသေးစား လေးတွေလည်း ပိုမိုရုန်းကန်နေကြရပြီး ဒီလိုအကျပ် အတည်းကာလမှာ အထိခိုက်နဲ့အဆိုးရွားဆုံးခံစားရ တာကတော့ အဆင်းရဲဆုံးသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
စိုက်ခင်းထဲမှာ နူးညံ့တဲ့လက်ဖက်ရွက်တွေကို အိတ်ကြီးထဲ ခူးဆွတ်ထည့်တဲ့ လက်ဖက်ခူးတဲ့ အလုပ်သမားတွေကိုတော့ အနိမ့်ဆုံးလုပ်ခထက် အနည်းငယ်ပိုပေးရတယ်လို့ ဆိုပါတယ်။ သီရိလင်္ကာ နိုင်ငံမှာ အစားအသောက်ဈေးတွေကလည်း တစ်နေ့ တခြား မြင့်တက်လာတယ်။ ဇွန်လရဲ့ငွေကြေး ဖောင်းပွမှုက ယခင်နှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ကြည့်ရင် ၅၀ ရာခိုင်နှုန်းကျော် ထိုးတက် လာတယ်လို့ ဆိုပါတယ်။
ဈေးနှုန်းတွေ နှစ်ဆတက်
ချိန်တွယ်ရမယ့် လက်ဖက်အိတ်တွေကို သယ်ဆောင်လာတဲ့ မီဇန်မိုဟီဒင်း လက်ဖက်ခြံထဲက လက်ဖက်ခူးသူတွေဟာ ခက်ခဲလာတဲ့ နေ့စဉ်ဘဝ အခြေအနေတွေနဲ့ပတ်သက်ပြီး ညည်းညူလျက်ရှိပါ တယ်။ အရင်တုန်းကတော့ ပိုပိုလျှံလျှံနဲ့ အဆင်ပြေ ပေမယ့် အခုတော့ ဈေးနှုန်းတွေက နှစ်ဆတက်လာ တယ်။ တစ်နေ့လုပ်ပြီး ရှာရသမျှ စားတာနဲ့တင် ကုန်ဆုံးနေတယ်လို့ ပြောပါတယ်။
နိုင်ငံတွင်း ပြင်းထန်တဲ့ စီးပွားရေးကျပ်တည်း မှုကြောင့် ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေချိန် ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာသည် ဇူလိုင်လဒုတိယ ပတ်မှာ သမ္မတရာထူးမှနုတ်ထွက်ခဲ့ပါတယ်။ လက်ရှိမှာ တော့ သီရိလင်္ကာနိုင်ငံမှာ သမ္မတသစ်နဲ့ အစိုးရသစ် ဖွဲ့စည်းထားပြီးဖြစ်တာကြောင့် ခက်ခဲကျပ်တည်း နေတဲ့ လက်ဖက်လုပ်ငန်းလုပ်ကိုင်နေသူတွေ ယခင် ကာလကထက် အဆင်ပြေလာဖွယ် ရှိပါတယ်။ ဒါ့အပြင် မကြာသေးမီက သမ္မတသစ် ရာနေးဝတ်ရီ မီဆင်းဂီက စက်သုံးဆီဖြန့်ဖြူးရေးလုပ်ငန်းကို အရှိန်မြှင့်တင်ပြီး စာသင်ကျောင်းနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အဓိကထား ပံ့ပိုးပေးနိုင်ဖို့အတွက် တာဝန်ရှိသူတွေကို ညွှန်ကြား ထားပါတယ်။
နိုင်ငံအတွင်း စက်သုံးဆီမှောင်ခိုဈေးကွက်ကို ချက်ချင်းကိုင်တွယ်ဖြေရှင်းဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့လည်း ရဲတပ်ဖွဲ့ကို သမ္မတ ရာနေးဝတ် ရီမီဆင်းဂီက ညွှန်ကြားထားပါတယ်။ ဒါ့အပြင် စက်သုံး ဆီ ပြတ်လပ်မှုကြောင့် တစ်လနီးပါးကြာ ပိတ်ထား ခဲ့ရတဲ့ အစိုးရပိုင် စာသင်ကျောင်းတွေနဲ့ အစိုးရမှ ခွင့်ပြုထားတဲ့ ပုဂ္ဂလိကပိုင် စာသင်ကျောင်းတွေ လည်း ဇူလိုင် ၂၅ ရက်က ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ ဒါကြောင့် သီရိလင်္ကာနိုင်ငံက လက်ဖက် စိုက်တောင်သူတွေရဲ့ လက်ဖက်တင်ပို့မှုလုပ်ငန်း အတွက် အဆင်ပြေစေဖို့ မျှော်လင့်ချက်ရောင်ခြည် သမ်းစ ပြုလာပြီလို့ဆိုရမှာ ဖြစ်ပါတယ်။
ကိုးကား - sri-lankas-tea-farmersstruggling-to-survive/