နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက PPP ပုံစံ၊  အစိုးရ-ပုဂ္ဂလိက Joint Venture ပုံစံများဖြင့် ဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေး

 

 

နေပြည်တော်   အောက်တိုဘာ  ၁၈


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည်    ဒုတိယဝန်ကြီး   ဦးကိုကိုလွင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများနှင့်အတူ အောက်တိုဘာ ၁၆ ရက်   နံနက်ပိုင်းတွင်   မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ  ဆေးဝါးကုန်ကြမ်းစိုက်ခင်းများသို့ ရောက်ရှိပြီး ဆေးဝါးကုန်ကြမ်းပင်မျိုးများ ထိန်းထား နိုင်ရေး စနစ်တကျဆောင်ရွက်ကြရန် မှာကြားကာ ငှက်ဖျားရောဂါ ကုသဆေးထုတ်လုပ်နိုင်ရန် အာတီ မီးစီးယာများ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ပျိုးပင် ခြံတို့ကို ကြည့်ရှုစစ်ဆေးသည်။ 
 စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်
အောက်တိုဘာ  ၁၇   ရက်    နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့်  တွေ့ဆုံပြီး   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာန  စက်ရုံများ  လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်     ဆောင်ရွက်နေမှုအခြေ အနေ၊ စက်မှုလုပ်ငန်းများ  ပြန်လည်ထူထောင်ရန် အလေးထား   ဆောင်ရွက်နေမှု၊   နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံများကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ များ ဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက PPP ပုံစံ၊ အစိုးရ-ပုဂ္ဂလိက Joint Venture ပုံစံများဖြင့် ဆောင်ရွက်သွား မည့်အခြေအနေ၊  စက်မှုကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေ၊  နည်းဥပဒေများကို  ပြင်ဆင်ရေးဆွဲပြဋ္ဌာန်း ခြင်း၊ သုတေသနများ ပြုလုပ်ခြင်း၊ စံချိန်စံညွှန်းများ ရေးဆွဲခြင်း၊ ဓာတ်ခွဲခန်းများ ထူထောင်ခြင်း၊ စက်မှု ဇုန်များ    ဖွံ့ဖြိုးရေးနှင့်   ကြီးကြပ်စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် Regulatory Body အဖြစ်  ရပ်တည်ဆောင်ရွက်သွားမည့် အခြေအနေ တို့ကို ဆွေးနွေးသည်။
ဆွေးနွေး
ထို့နောက်     တိုင်းဒေသကြီး   ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ထုတ်ကုန်များကို ပြည်တွင်း လိုအပ်ချက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေး    ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်ရောင်း)သို့ ရောက်ရှိရာ စက်ရုံမှူး က စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဆေးဝါးများ ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့်   ဒုတိယဝန်ကြီးတို့ က ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ဆေးဝါးများ GMP Guide Line များနှင့် အညီ    ပိုမိုထုတ်လုပ်နိုင်ရေး   စီမံဆောင်ရွက်ရန် နှင့်  ဆေးဝါးအမယ်သစ်များ  ပိုမိုထုတ်လုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်    မှာကြားကာ    သွေးကြောသွင်း ဆေးရည်အမျိုးမျိုး ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့်  စက်မှုကုန်ကြမ်း  လုပ်ကွက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် သည်။
ပူးပေါင်းဆောင်ရွက်
အစည်းအဝေးသို့   သယံဇာတနှင့်   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး        ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ညှိနှိုင်းအစည်းအဝေးတွင် စက်မှုဝန်ကြီးဌာနရှိ စက်ရုံများအတွက် လိုအပ်သော တွင်းထွက်စက်မှု ကုန်ကြမ်းများ    ရရှိရေးအတွက်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။ 
ထို့ပြင် အစည်းအဝေးသို့ တက်ရောက်လာကြ သူများက တွင်းထွက်စက်မှုကုန်ကြမ်း လုပ်ကွက် များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့် အချက်များနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးများက နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။                                            သတင်းစဉ်