နိုင်ငံနဲ့ လူ့အဖွဲ့အစည်းရဲ့အနာဂတ်ဟာ ဆရာများရဲ့ပခုံးပေါ်မှာပါ

Type
5

 

ဒေါက်တာမောင်သင်း

“ဆရာတိုင်းတော်၍ ကောင်းနေကြပါမှ ပညာ ရေးပေါ်တွင် တည်မီနေသော နိုင်ငံတော် ကောင်း လာနိုင်မည်။    ဆရာတို့သည်    မိမိတို့လက်ဝယ် ဆုပ်ကိုင်ထားသည့်      အနာဂတ်နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအား     အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးကြပါ။”
     မာဆာတိုရှီ-ကိုရှီဘာ
(၂၀၀၂ - ဂျပန်ရူပဗေဒနိုဘယ်ဆုရှင်)
ဂျပန်ပညာရှင်ကြီးကဲ့သို့ပင် လက်ရှိ စင်ကာပူ ဝန်ကြီးချုပ်  လီရှန်လွန်း၏   အဆိုတစ်ခုကိုလည်း ဖော်ညွှန်းခဲ့ဖူးပါသည်။    ၎င်းမှာ    “ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်လာခြင်းဟာ  သူ့နိုင်ငံသားတွေ  ကောင်းကြ တော်ကြလို့ပါ။   ကောင်းသလောက်   တော်ကြတဲ့ နိုင်ငံသားတွေကြွယ်ဝဖို့တော့ အဲဒီနိုင်ငံရဲ့ ပညာရေး မှာ အရည်အသွေးမြင့်တဲ့ ဆရာတွေရှိနေမှ ဖြစ်မှာ ပါ” ဖြစ်ပါသည်။ 
မြန်မာ့လူမှုအသိုင်းအဝိုင်းက     ဆရာသည် အနန္တဂိုဏ်းဝင်ဖြစ်ရုံသာမက     နိုင်ငံ့အရေးအရာ၊ နိုင်ငံ့အနာဂတ် ပဲ့ကိုင်ရှင်များပါ   ဖြစ်လာကြပါပြီ။ နိုင်ငံ့ကံကြမ္မာဖန်တီးသူများဘဝကို ပိုင်ဆိုင်နေပါပြီ ဟု  နိဒါန်းချီပါရစေ။  ဤသို့ဆိုလျှင်  အဆိုပါ  နိုင်ငံ တကာအမြင်ကို စတင်ခံယူကျင့်သုံးရမှာက မြန်မာ့ ဆရာများကိုယ်တိုင်ပင်တည်း။ ကိုယ့်မြင့်မြတ်သည့် တာဝန်နှင့် တန်ဖိုးကို ဆရာများကိုယ်တိုင်က အရင် ဆုံးခံယူတတ်ပြီး နေထိုင်ကျင့်ကြံကာ အရည်အသွေး ကို ဖြည့်ဆည်းနေနိုင်ပါမှ ကိုယ်လေ့ကျင့်ပေးရမည့် တပည့်များ၏   တန်ဖိုးကိုလည်း    ကြည့်တတ်၊ မြင်တတ်ကာ မြင့်မားအောင် လေ့ကျင့်ပေးနိုင်ကြ မည်ဖြစ်ပါသည်။ 
နောက်ဆုံးတွင်  အနာဂတ်မျိုးဆက်သစ်များ သည်   “ဤအမိမြန်မာနိုင်ငံတွင်  မွေးဖွားရခြင်း၊ မြန်မာနိုင်ငံသားဖြစ်ရခြင်းကို   ဂုဏ်ယူတတ်ပြီး မိမိနိုင်ငံဂုဏ်တက်အောင်     စွမ်းဆောင်ပေးမည့် နိုင်ငံသားကောင်းများ   ဖြစ်ထွန်းလာသည်အထိ” လေ့ကျင့်ပေးရမှာသည် တော်သလောက် ကောင်း သည့်   “ဆရာများ၏   ကြီးမြတ်သည့်တာဝန်နှင့် ဝတ္တရား” ပင်ဖြစ်ပေသည်။
ကျောင်းဆရာဆိုတာ  ပညာရေးကို  
ရှေ့တန်းက ဦးဆောင်နေသူများပါ
လူတိုင်းအရည်အသွေးမြင့်မားစေရန်    နိုင်ငံ တိုင်းမှာ   ပညာရေးအစီအစဉ်ရှိသည်။   အကောင် အထည်ဖော်မှု   အနိမ့်အမြင့်သာကွာ၏။   အဆိုပါ ပညာရေးအစီအစဉ်ကို   ခေတ်အဆက်ဆက်တွင် ရှေ့တန်းက     အကောင်အထည်ဖော်နေကြသည်မှာ လည်း ဆရာ ဆရာမများပါ။ နိုင်ငံရေးအခြေအနေ အရ   “အရင်းရှင်”၊   “ဆိုရှယ်လစ်၊    ကွန်မြူနစ်”၊  “ဒီမိုကရေစီ”ဟုသာ ဖွံ့ဖြိုးမှုဆီ သွားရာလမ်း ကွဲပြား နေသော်လည်း ပညာရေးကို အကောင်အထည်ဖော် သည့်အစီအစဉ်ကတော့ ရှိမြဲပင်။ 
အဘယ်ကြောင့်ဆိုသော်      ပညာရေးသည် လူ့အဖွဲ့အစည်းရှင်သန်မှု၏ ဝိညာဉ်ပင်ဖြစ်ပါသည်။ နိုင်ငံတည်တံ့နေသမျှ နိုင်ငံဖွံ့ဖြိုးမှုမဏ္ဍိုင်ပညာရေးကို    ရှေ့တန်းက         အကောင်အထည်ဖော်နေသည့် ဆရာကောင်း၊ ဆရာမြတ်များလည်း ရှိနေရပေမည်။ ပညာရေးသည်      ခေတ်တစ်ခေတ်အတွက်သာ မဟုတ်။   ခေတ်တိုင်း၊    မျိုးဆက်တိုင်းအတွက် ဖြစ်နေရပေမည်။ ပြီးလျှင် ခေတ်ကို ကြိုမြင်နိုင်စွမ်း ရှိရမည်။  နိုင်ငံ၊  လူ့အဖွဲ့အစည်း၏  မျိုးဆက်တိုင်း တော်သလောက်ကောင်းအောင်     လေ့ကျင့်ပေးနိုင် သည့် လူတန်းစားမှာ ဆရာမှလွဲ၍ အခြားသူများ မရှိပေ။   လူသားမျိုးဆက်ကို   ထက်မြက်အောင် လေ့ကျင့်ပေးပြီး   အဖွဲ့အစည်းကို  မြင့်မားအောင်၊ ငြိမ်းချမ်းအောင်လုပ်နေသူမှာ      ဆရာများဖြစ်၍ ၎င်းတို့သည်  ခေတ်အဆက်ဆက်တွင် ပညာရေး၏  ရှေ့တန်းတိုက်စစ်မှူး၊ အနာဂတ်လူ့အဖွဲ့အစည်း၏ ဖန်တီးရှင်များပင်ဖြစ်ပါသည်။      ကလေးများကို ဖတ်စာအုပ်ထဲမှ  စာလောက်သာဖတ်ပြီး ပြန်သင် တတ်သည့်လုပ်ငန်းကို လုပ်နေသူများ၊  စာမေးပွဲ ရမှတ် ပြိုင်နေကြသူများမဟုတ်ပါဆိုတာ ထင်ရှား ပါပြီ။ 
ဆရာဟူသည့် ဝိသေသကို ပိုင်ဆိုင်သူများတွင် “ကျောင်းသင်ပညာရေး” (Formal Education) ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် နေကြသော   “ကျောင်းဆရာများ”ကိုသာ   ယခု ဆောင်းပါးတွင်       အဓိကရည်ညွှန်းလိုပါသည်။ ကျောင်းသင်ပညာရေး     (Formal Education)၊ ကျောင်းပြင်ပပညာရေး (Non-Informal Educa- tion) နှင့်  ကိုယ်တိုင်သင်ယူပညာရေး (Informal Education) ဟူ၍ ပညာရေးကို အကောင်အထည် ဖော်မှု  (Educational Delivery System)  သုံးခု ရှိသည့်အနက် ကျောင်းသင်ပညာရေးကို ရှေ့ဆုံးမှ  အကောင်အထည်ဖော်နေသော ဆရာအရေအတွက် သည်  အများဆုံးဖြစ်သလို  အဆိုပါပညာရေးဖြင့် နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ရှေ့တန်း က   ထိထိရောက်ရောက်   အကောင်အထည်ဖော် နေကြသူများလည်း ဖြစ်ကြပါသည်။ 
မည်သည့်အတွက်ကြောင့် ထိရောက်သည်ဟု ပြောရသည်လည်းဆိုလျှင် ဆရာနှင့်တပည့် မျက်နှာ ချင်းဆိုင်ပြီး ဆရာအတွေ့အကြုံများကို တိတိပပ လက်ဆင့်ကမ်းနိုင်သလို ကျောင်းသား၏ အားနည်း ချက်၊  အားသာချက်ကိုမြင်ပြီး ပြင်ဆင်ပေးနိုင်သောကြောင့်ဖြစ်သည်။   ထို့အပြင်  နိုင်ငံ့အနာဂတ်နှင့် ကျောင်းသားတစ်ဦးစီ၏ ဖွံ့ဖြိုးမှုလမ်းကြောင်းကို  ထင်းနေအောင် ညွှန်ပြနိုင်စွမ်းရှိရန်ဖြစ်ပါသည်။  
အနာဂတ်အတွက် အသင့်ပြင်ဆင်ပေးနေသူများပါ  
တကယ်တော့  “ပညာရေးနှင့် ကျောင်းဆရာ သည် ရုပ်နှင့်နာမ်” ကဲ့သို့ပင်။  ရုပ်နှင့်နာမ် ကွဲသွား လျှင် သက်ရှိဟုခေါ်ဆို၍မရတော့ပါ။ ထို့အတူ ပညာ ရေး၏ ဆက်လက်ရှင်သန်မှုနှင့် ယနေ့မျိုးဆက်သစ် များ၏ လူ့အဖွဲ့အစည်းကို ခေါင်းဆောင်နိုင်မှုတို့သည် လေ့ကျင့်ပေးနိုင်သည့်        ဆရာ့ပညာစွမ်းရည် ထက်မြက်မှုအပေါ် မူတည်နေပါသည်။ ဆိုလိုသည် မှာ   အနာဂတ်လူ့အဖွဲ့အစည်းနှင့်   နိုင်ငံ့ကံကြမ္မာ သည် ယနေ့ပညာရေးကို အကောင်အထည်ဖော် နေကြသည့် ကျောင်းဆရာများ၏ လက်ဝယ်တွင် ရှိနေပါသည်။ 
 ယနေ့ကျောင်းဆရာများ၏   တာဝန်သည် အလွန်ကြီးမားပါသည်။  ကြီးမားသည့်တာဝန်ကို ထမ်းဆောင်ရသူများကို  “စာသက်သက်သင်ပေး သူများ” သို့မဟုတ် “ဝမ်းစာအတွက် အလုပ်လုပ် နေသူများ” ဟုလောက်သာ ကျွန်တော်တို့ပြည်သူများ က မမြင်သင့်ပါ။ ခေတ်အဆက်ဆက် ပေါ်ထွန်း ခဲ့သည့်   ကျောင်းဆရာဆိုသည်မှာ    ဖတ်စာအုပ်ထဲ စာသက်သက်သင်သည့် “စာသင်ဆရာများ” မဟုတ် ကြပါ။ မျိုးဆက်သစ်ကလေးများကို လူကောင်း၊ လူတော်ဖြစ်လာအောင်     အနာဂတ်လူ့ဘောင် အတွက်  အသင့်ပြင်ပေးလေ့ကျင့်ပေးသော  “ဘဝ ပဲ့ကိုင်ရှင်များ”   သို့မဟုတ်    “လူပြင်ဆရာများ” အစစ်ပါ။ သင်ရိုးစာအုပ်ထဲမှ ကျောင်းစာသက်သက် လောက်သာ        တတ်အောင်သင်ပေးတတ်သည့် “ဆရာအတတ်ပညာစွမ်းရည်   အလွန်နည်းပါးသည့် သူများ” လည်း လုံးဝမဟုတ်ကြပါ။
အမှန်တကယ်တွင် ကျောင်းဆရာဆိုသည်မှာ  နိုင်ငံ့ကံကြမ္မာ သို့မဟုတ် အနာဂတ်လူ့အဖွဲ့အစည်း ကို  ကောင်းမွန်အောင်ဖန်တီးကြမည့်  “လူသား ရတနာများ” ကို စွမ်းရည်တောက်ပြောင်လာအောင် ထုဆစ်ပြုပြင်ပေးနေကြသူများ      ဖြစ်ပါသည်။ အနာဂတ်ဖန်တီးရှင် လူငယ်၊ လူမမည်များကို  ပညာ စွမ်းအားတပ်ဆင်ပေးသော  “ဆရာအတတ်ပညာ စွမ်းရည်နှင့် စေတနာကြွယ်ဝမှု”ကို     ပိုင်ဆိုင်ထားသူ များမှာ ဆရာများပင် ဖြစ်ပါသည်။ 
 ပြုပြင်ပေးသည်က   လူသား၏  ကောင်းမွန် သောဗီဇများဖြစ်သည့်   ကာယ၊   ဉာဏ၊   စာရိတ္တ၊ မိတ္တဗလနှင့် ဘောဂဗလတို့ အစွမ်းကုန် ကြံ့ခိုင်ဖွံ့ဖြိုး သူများဖြစ်လာအောင် ပြုပြင်ပေးခြင်းပါ။ သို့မှသာ ကလေးများ၏ လူ့ဘောင်အသိုင်းအဝိုင်းကို ဖျက်ဆီး မည့်   ဗီဇဆိုး၊   ဗီဇညံ့များ   ပျောက်ကွယ်သွားပြီး လူ့အဖွဲ့အစည်းကောင်းကျိုးကို    သယ်ပိုးနိုင်မည့် လူကောင်းလူတော်များဖြစ်လာကြမှာပါ။ ကလေး များသည် ပြည်ဖျက်ရန်၊  လူ့အဖွဲ့အစည်းပျက်သုဉ်း ရန်ဟူ၍ မွေးဖွားလာသူများ မဟုတ်ကြပါ။ ဆရာ ကောင်း၊   ဆရာမြတ်နှင့်   မတွေ့ခဲ့၊   သွန်သင်မှု၊ လေ့ကျင့်မှုမခံယူနိုင်ခဲ့၍သာ     လူ့အဖွဲ့အစည်းကို ဖျက်ဆီးသူများဖြစ်သွားကြခြင်းပါ။ ဆရာကောင်း နှင့်တွေ့လျှင်    တိုင်းပြု၊    ပြည်ပြုမည့်   လူကောင်း လူတော်များဖြစ်ကြမှာပါ။    သူတို့    လူကောင်း လူတော်ဖြစ်ပါမှ           နိုင်ငံ့ရှေ့ရေးသည်လည်း ထွန်းတောက်မည်ဖြစ်၍     အနာဂတ်လူ့အဖွဲ့အစည်း သို့မဟုတ်   နိုင်ငံ့အနာဂတ်ကံကြမ္မာသည်   ဆရာ ကောင်းများ၏ လက်ထဲတွင်သာရှိပါသည်ဟု  ပညာ ရှင်အဆက်ဆက်က ဖွင့်ဆိုခဲ့ကြခြင်းဖြစ်ပါသည်။
ပညာစွမ်းအားဆိုသည်မှာ     သင်ရိုးညွှန်းတမ်း စာအုပ်ထဲမှ    ကျောင်းသင်ခန်းစာကို   အခြေခံပြီး ပတ်ဝန်းကျင်ကို          ကြည့်တတ်မြင်တတ်ကာ နောက်ဆုံး၌  လူ့အဖွဲ့အစည်းအကျိုးအတွက် ပြုပြင် အသုံးချနိုင်စွမ်းရှိအောင်နှင့် ကျောင်းစာသင်ခန်းနံရံ ကိုကျော်ပြီး ကမ္ဘာကြီး၏ ငြိမ်းချမ်းမှု၊ သာယာဖွံ့ဖြိုး မှု၊  တိုးတက်မှုများကိုမြင်အောင်၊ သိအောင်၊ နားလည် မှုရှိအောင်နှင့် လက်တွေ့ပါဝင်လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။ ထို့နောက် ယင်းအသိပညာစွမ်းအားကို မိမိနှင့်    မိမိ၏လူ့အဖွဲ့အစည်းတိုးတက်ရေးတွင်    အသုံးချနိုင်စွမ်းရှိရမည်။      သင်ခန်းစာဘောင်၊     စာသင်ခန်းနှင့်       ကျောင်းပရဝဏ်ကိုကျော်ပြီး ကြည့်နိုင်စွမ်းအားများသည်     အလေ့အကျင့်ကဲ့သို့ ထုံလာပါမှ    အနာဂတ်ကို   ခေါင်းဆောင်နိုင်ကြ မည်ဖြစ်ပါသည်။ 
သို့ဖြစ်၍    ကျောင်းဆရာဆိုသည်မှာ    ခေါင်း ဆောင်လောင်းများကို သမိုင်းအဆက်ဆက် အဆိုပါ ပညာစွမ်းအားပြည့်ဝအောင်    လေ့ကျင့်ပေးခဲ့ကြ သည့်   “ခေါင်းဆောင်များ၏   ဦးဆောင်လမ်းပြ ကြယ်တံခွန်များ” ဖြစ်ပါသည်။  ဝမ်းစာရေးလောက် သာရည်မျှော်ပြီး လခစားသက်သက်လုပ်ကြသည့် လူများမဟုတ်ကြကြောင်း လူ့သမိုင်းအဆက်ဆက် နှင့် မြန်မာ့သမိုင်းက သက်သေထူနေခဲ့ပါသည်။
ခေါင်းဆောင်များကို      လေ့ကျင့်ပေးနိုင်သူ၊     ဦးဆောင်လမ်းပြသူသည်  အမြင်ကျယ်ရပါသည်။   အမြော်အမြင်ကြီးမားရပါသည်။   အနာဂတ်တွင်  ဖြစ်ပေါ်လာမည့်        လူ့ဘောင်အဖွဲ့အစည်းကို ကြိုတင်မြင်နိုင်စွမ်းရှိသော ပညာဉာဏ်နှင့်လည်း ပြည့်စုံရပါမည်။ ပြီးလျှင် အနာဂတ် လူ့အဖွဲ့အစည်း နှင့် အံဝင်ခွင်ကျရှိစေမည့် “လူ့ကျင့်ဝတ်”နှင့် “ပညာ စွမ်းအား”ကို မျိုးဆက်သစ်များအား တပ်ဆင်ပေးနိုင် စွမ်းအားနှင့်လည်း ပြည့်စုံမှုရှိရပါမည်။ 
ပညာရေးကို ရှေ့တန်းမှ အကောင်အထည်ဖော် နေကြသည့် နိုင်ငံ့ဗိသုကာကျောင်းဆရာများသည် နိုင်ငံ့မျှော်မှန်းချက်၊     နိုင်ငံဖွံ့ဖြိုးရေး     စသည့်နိုင်ငံ့ အရေးအရာများကို  နားလည်ပြီး  ဘယ်လိုကောင်း အောင် တည်ဆောက်ကြမလဲဆိုသည့် အမြော်အမြင် ရှိကြသူများဖြစ်ရန်လိုပါသည်။  “တိုင်းကျိုးပြည်ပြု နိုင်ငံရေးအမြင် ” ဆိုသည်မှာ ကျောင်းဆရာများတွင် မရှိဘဲနှင့်တော့ “ဆရာသည်သာ လူ့ဘောင်ဖွံ့ဖြိုးရေး မှာ အခရာ”  ဆိုသည့်  အနာဂတ်၏  ဖန်တီးရှင်များ မွေးထုတ်နေသူများ မဖြစ်နိုင်ပါ။    အနာဂတ်၏  မျိုးဆက်သစ်များ “တော်”ဖို့   ယနေ့ ကျောင်းဆရာ များလည်း ထက်နေ၊ မြက်နေရပါမည်။ “လျှော်” နေကြလို့ ဘယ်လိုမှမဖြစ်အပ်ပါ။
နိုင်ငံရေးအမြင်ကျယ်ခဲ့ကြသည့်    
 သမိုင်းထဲမှ မြန်မာ့ကျောင်းဆရာများ
မြန်မာ့သမိုင်းကိုကြည့်လျှင် ၁၉၂၀ ပြည့်နှစ် တွင် ရန်ကုန်တက္ကသိုလ်  အက်ဥပဒေကို ကန့်ကွက် ပြီး “အမျိုးသားပညာရေး”  ဆိုသည့် ကမ္ဘာ့ခေတ်သစ် ပညာရေးနှင့်  မြန်မာ့ခေတ်ပြိုင် အမျိုးသားပညာရေး ပေါ်ပေါက်လာခဲ့ပါသည်။ ထိုမတိုင်မီက  မိမိတို့ဆီတွင် “ဘုန်းတော်ကြီးသင် ပညာရေး” သာ ထွန်းကားနေ သည်။  အမျိုးသားပညာရေး  ဖော်ဆောင်ရာတွင် ခေတ်ပညာတတ်လူငယ် လူရွယ်များသည် အမျိုး သားကျောင်းဆရာ ဝင်လုပ်ကြပါသည်။ ပြီးလျှင် သူတို့ကိုယ်တိုင်လည်း    လွတ်လပ်ရေးကြိုးပမ်းမှု၊ အမျိုးသားလှုပ်ရှားမှုများတွင်     ပါဝင်ခဲ့ကြသည့်  လွတ်လပ်ရေးခေါင်းဆောင်များ ဖြစ်လာကြပါသည်။ အာဇာနည်       ခေါင်းဆောင်ကြီးများထဲမှဆိုလျှင် သခင်မြ၊ ဦးဘဝင်း၊ ဦးရာဇတ်တို့သည် အမျိုးသား ကျောင်းဆရာများ ဖြစ်ပါသည်။
သူတို့၏ထိပ်ဆုံးတွင်    အမျိုးသားကောလိပ် ကျောင်းဆရာကြီး   ဆရာလွန်း   (ခေါ်)    သခင် ကိုယ်တော်မှိုင်း ရှိပါသည်။ ဆရာလွန်းသည် “သခင်” အားလုံး၏  ဆရာသခင်ပါ။ တစ်ခေတ်မှာတစ်ယောက် ပေါ်ထွန်းခဲ့သူ ကမ္ဘာ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ဆောင်ရွက်ခဲ့သူ “ဦးသန့်” ဆိုလျှင်လည်း ပန်းတနော်မြို့           အမျိုးသားအထက်တန်း       ကျောင်းအုပ်ဆရာကြီးအဖြစ်    ၁၂    နှစ်တိုင်တိုင်   တာဝန်ထမ်းဆောင်ခဲ့သူပါ။       သူ့တပည့်များကို   နိုင်ငံရေး၊ လွတ်လပ်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ် ဖွင့်ပေးမြှင့်တင်ပေးခဲ့သလို       သူကိုယ်တိုင်လည်း   နိုင်ငံရေးအမြင်ကျယ်အောင်    ဆက်လက်ဖြည့်ဆည်း ခဲ့သောကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁    ခုနှစ်အထိ   တည်ဆောက်နိုင်ခဲ့ပါသည်။   ၁၉၆၁ ခုနှစ်တွင် တတိယကမ္ဘာစစ်ဖြစ်မည့် အခြေ အနေကို တားဆီးနိုင်ခဲ့သော                မြန်မာ့သားကောင်း ကျောင်းဆရာကြီး ဖြစ်ပါသည်။
လွတ်လပ်ရေးခေါင်းဆောင်    တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း  ဦးနုသည်လည်း   အမျိုးသား ကျောင်းဆရာပါ။         ဗိုလ်ချုပ်ကျဆုံးပြီးနောက်  “နု-အက်တလီ”   စာချုပ်ချုပ်ဆိုပြီး   လွတ်လပ်ရေးကို အပြီးတိုင်ရရှိအောင်   ဆက်လက်ကြိုးပမ်းခဲ့သည့် ထိပ်တန်းလွတ်လပ်ရေး    ခေါင်းဆောင်တစ်ဦးပါ။ ထို့အတူ  ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးလို  နာမည်ကြီး ကမ္ဘာ့အဖွဲ့အစည်းတစ်ခုဖြစ်သည့် “ဘက်မလိုက် နိုင်ငံများအဖွဲ့” ကိုလည်း     အိန္ဒိယနိုင်ငံဝန်ကြီးချုပ် “နေရူး”၊        ယူဂိုဆလပ်ပြည်ထောင်စုသမ္မတ မာရှယ် “တီးတိုး”တို့နှင့်အတူ ဦးဆောင်ဖွဲ့စည်းခဲ့ သည့် ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပါသည်။
အာဇာနည်ခေါင်းဆောင်ကြီး      ဦးရာဇတ် ဆိုလျှင် မန္တလေးအမျိုးသားကျောင်းအုပ်ကြီး ဘဝမှ ပညာရေးဝန်ကြီးအထိ  တာဝန်ယူခဲ့သူပါ။     ထို့အတူ သခင်မြနှင့်   ဦးဘဝင်းတို့သည်လည်း   အမျိုးသား ကျောင်းဆရာကြီးများဖြစ်ပါသည်။    ထိုခေတ်က အမျိုးသားကျောင်းဆရာများသည် နိုင်ငံရေးအမြင် ကျယ်ခဲ့ပြီး  ခေတ်ကိုကြိုမြင်ကာ လွတ်လပ်သည့်    အနာဂတ်နိုင်ငံတော်    တည်ဆောက်ရန်အတွက် သူတို့တပည့်များကို “အမျိုးသားရေးစိတ်ဓာတ်”၊ သူ့ကျွန်ဘဝမှ    ရုန်းထွက်မည့်    “လွတ်လပ်ရေး စိတ်ဓာတ်” သန္ဓေမျိုးစေ့ကို တပည့်များဆီထည့်ပေး လေ့ကျင့်ပေးခဲ့ပါသည်။ 
ထိုသန္ဓေမျိုးစေ့များအနက်  အအောင်မြင်ဆုံး ပေါက်ဖွားလာသောတပည့်မှာ    ရေနံချောင်းမြို့ အမျိုးသားကျောင်းထွက် မောင်အောင်ဆန်းဖြစ်ပါ သည်။   သူ့လို   ထိပ်ဆုံးဘဝမရောက်ခဲ့သော်လည်း ဒုတိယတန်း၊         အလယ်အလတ်အဆင့်ရှိသူ ခေါင်းဆောင်များလည်း   ဒုနှင့်ဒေးပါ။    အမျိုးသား ကျောင်းဆရာများ၏  လွတ်လပ်သောပြည်ထောင်စု နိုင်ငံတော် ပေါ်ထွန်းရေးဆိုသည့် နိုင်ငံရေးအမြင် ကျယ်မှုဖြင့် လေ့ကျင့်သင်ကြားပေးရာမှ ပေါက်ဖွား လာသော “လွတ်လပ်ရေးခေါင်းဆောင်” မျိုးဆက် များဖြစ်ပါသည်။
ကျောင်းဆရာများကလည်း   နိုင်ငံရေးအမြင် ကျယ်၊  သူတို့မွေးဖွားပေးလိုက်သော   တပည့်က လည်း   အမျိုးကိုမြှင့်လိုသည့်   တိုင်းကျိုးပြည်ပြု နိုင်ငံရေးစိတ်ဓာတ်ပြည့်ဝကြကာ     ဆရာတပည့် လက်တွဲညီညီ       ဆောင်ရွက်လိုက်သည့်အတွက်  မြန်မာနိုင်ငံ၏  အနာဂတ်ကံကြမ္မာကို ပြောင်းလဲစေ ခဲ့ပါသည်။ မြန်မာ့မြေပေါ်မှ  ကိုလိုနီဝါဒထွက်ပြေးခဲ့ပါ သည်။   မြန်မာများ    ကျွန်ဘဝမှ   လွတ်လပ်သော သခင်ဘဝကို ပြန်ရခဲ့ပါသည်။ အမျိုးသားကျောင်း ဆရာများ၏ နိုင်ငံရေးအမြင်ကျယ်မှု မြေဆီဩဇာ ဖြင့် စိုက်ပျိုးခဲ့သောလွတ်လပ်ရေးအပင်၏ အသီး အပွင့်ကို ခံစားနေရခြင်းသည်  ၁၉၄၈ ခုနှစ် ဇန်နဝါရီ လ ၄ ရက်နေ့မှသည် ယနေ့အထိပင်ဖြစ်ပါသည်။ 
အမေရိကန်သမ္မတ             “အိုဘားမား”သည် ချီကာဂိုတက္ကသိုလ်၏     ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာပါမောက္ခဖြစ်ပါသည်။  သူပြောတာ တစ်ခု ရှိပါသည်။ “ယနေ့လူငယ်တွေရဲ့ ဖွံ့ဖြိုးတဲ့အနာဂတ် ကို    ပိုင်ဆိုင်တာမြင်ချင်ရင်   သင်လည်းပါဝင်ပြီး ကျောင်းဆရာလုပ်ပါ”ဟူ၍ ဖြစ်ပါသည်။ 
စာရေးသူတို့၏  ယနေ့မြန်မာနိုင်ငံအခြေအနေ အရ “အနာဂတ်မြန်မာတွေဖွံ့ဖြိုးဖို့ ကျောင်းဆရာ ဝင်လုပ်ကြစို့”ဟုသာ            မြန်မာလူငယ်များကို တိုက်တွန်းချင်ပါသည်။ သူကိုယ်တိုင်လည်း သမ္မတ သက်တမ်းပြီးလျှင် ကျောင်းဆရာပြန်လုပ်မည်တဲ့။ လူငယ်များ၏     အနာဂတ်ဖွံ့ဖြိုးရန်ဆိုထားသည် ဖြစ်၍ ကျောင်းဆရာသည် အနာဂတ်လူ့ဘောင်ကို ကြိုမြင်နိုင်စွမ်းရှိသော အမြော်အမြင်ကြီးမားသည့် အရည်အသွေးကို ပိုင်ဆိုင်သူဖြစ်ရပါမည်။ သို့မှသာ မိမိတို့လည်း  ဖွံ့ဖြိုးမှု၊  လွတ်လပ်မှု၊ တန်းတူအခွင့် အရေးရှိမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုများ ပြည့်လျှမ်း သည့် ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားရာ မြန်မာ့ လူ့အဖွဲ့အစည်းဆီ  အားသွန်ခွန်စိုက်ချီတက်နိုင်မည် ဖြစ်ပါသည်။
ယခုအချိန်တွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို လေ့ကျင့်ပေးနေသည့်   ကျောင်းဆရာများသည် အောင်ချက်နှင့် စာမေးပွဲရမှတ်ပြိုင်သည့်အဆင့်သာ လေ့ကျင့်ပေးနေသော၊ စာလောက်သာ သင်ကြားပေး နေသောအဆင့်မှာတင် ကျေနပ်နေမည်ဆိုလျှင် “နိုင်ငံ နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုတံခါးကို ကျောခိုင်းလိုက် တာ”ဟုမြင်မိပါသည်။  (ဆက်လက်ဖော်ပြပါမည်)