နိုင်ငံကို ရောင်းစားနေတဲ့ NUG

Type

မျိုးငြိမ်းငယ်

 

အစပျိုးခြေလှမ်းများ


မတရားအသင်းအဖြစ်   ကြေညာခံထားရပြီး    ပြည်ပြေးတွေနဲ့  ဖွဲ့စည်းထားတဲ့  လေလှိုင်းပေါ်က အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ဟာ ဘင်္ဂါလီအရေးကိစ္စနဲ့ ပတ်သက်လို့ ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်နေ့ ကြေညာ ချက်နောက်ပိုင်းမှာ    ထပ်မံပြောဆိုဆောင်ရွက် တာတွေ   လုပ်ဆောင်လာတာ    တွေ့ရပါတယ်။ ဇွန်လ ၃ ရက်နေ့ ကြေညာချက်မှာ NUG က နိုင်ငံ သားဖြစ်မှုဥပဒေကို  ပြန်လည်သုံးသပ်မှာ ဖြစ် ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 


သူတို့ကြေညာချက်မှာပါတာက ဘင်္ဂါလီတွေ ကို နိုင်ငံမဲ့အခြေအနေကို တွန်းပို့လိုက်တဲ့ အခြေခံ အကြောင်းတရားတစ်ခုဖြစ်တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်မှုဥပဒေကို ဖျက်သိမ်းခြင်း၊  ပြန်လည် ပြင်ဆင်ခြင်းနဲ့ အသစ်ပြဋ္ဌာန်းခြင်းလုပ်ငန်းစဉ်တွေ ကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်း ပြီးချိန်မှာ လုပ်ဆောင်နိုင်တယ်လို့လည်း ဆိုပါ တယ်။ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံမှာ   ယခင် ကတည်းက အသိအမှတ်မပြုခဲ့တဲ့ အမည်ကိုလည်း အသုံးပြုသွားခဲ့ပါတယ်။ NLD လက်ထက်မှာတောင် အဲဒီအမည်ကို မသုံးခဲ့ပါဘူး။


အဲဒီကြေညာချက်မထွက်ခင် မေလ ၄ ရက် နေ့က အမေရိကန်  နိုင်ငံခြားရေးရာကော်မတီမှာ NUG အနေနဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး     ကတိကဝတ်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီလိုမေးခွန်းထုတ်ခံ ရပြီးနောက် ဇွန်လ ၃ ရက်နေ့က NUG ရဲ့ကြေညာ ချက် ထွက်လာခဲ့တာပါ။     ဆက်လက်ပြီးလည်း ဘင်္ဂါလီဆိုင်ရာ       နောက်ထပ်သတင်းတွေ၊ လုပ်ဆောင်ချက်တွေကို တွေ့မြင်နေရပါတယ်။


၂၀၂၁ ခုနှစ် ဇွန်လ ၄ ရက်နေ့ NUG ရဲ့သတင်း စာရှင်းလင်းပွဲမှာ NUG အနေနဲ့ ကာယကံရှင်တွေ ရဲ့ဆန္ဒကို လေးစားသောအားဖြင့် ရိုဟင်ဂျာလို့ အသုံးပြုခေါ်ဝေါ်တာဖြစ်ကြောင်း၊ NUG အနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကို နိုင်ငံသားအဖြစ် အသိ အမှတ်ပြုမှာဖြစ်ပြီး တိုင်းရင်းသားအဖြစ် အသိ အမှတ်ပြု၊  မပြုဆိုတာကတော့ နောက်ပိုင်းမှာ ဆက်လက်ဆွေးနွေးသွားဖို့လိုမယ်လို့ ဖြေကြားခဲ့ တာတွေ့ရပါတယ်။


ပထမအစီရင်ခံစာ


ဘင်္ဂါလီနဲ့ပတ်သက်လို့ NUG ရဲ့ ပြောဆိုချက်၊ လုပ်ဆောင်ချက်တွေဟာ နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာ၊ နိုင်ငံတော်ရဲ့နယ်မြေ၊ တိုင်းရင်းသားတွေ အပေါ်  ထိခိုက်လာခြင်းပဲ  ဖြစ်ပါတယ်။   ဘင်္ဂါလီ အရေးကိစ္စဟာ ယခင်ကတည်းက ပြည်တွင်းကိစ္စရပ် တစ်ခုအနေနဲ့ ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာပြဿနာ တစ်ရပ်လို   ဖြစ်လာတာကတော့ NLD အစိုးရ လက်ထက်မှာပဲ ဖြစ်ပါတယ်။ 


သမ္မတဦးသိန်းစိန်လက်ထက်မှာ ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်း စစ်ဆေးရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။  ကော်မရှင်အနေနဲ့ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။ ကော်မရှင်ကို ဒေါက်တာမျိုးမြင့်အပါအဝင် အဖွဲ့ဝင် ၂၅ ဦးပါဝင်ပါတယ်။ အဖွဲ့ဝင်တွေထဲမှာ မြန်မာနိုင်ငံ သား ပညာရှင်တွေ၊ ဘာသာမတူတဲ့သူတွေ၊ တိုင်းရင်း သားတွေ၊ နိုင်ငံရေးမတူကွဲပြားသူတွေနဲ့ ဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။ ဒါဟာ ပြဿနာတစ်ရပ်ဖြေရှင်းရာမှာ အမြင်အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးနဲ့ ချဉ်းကပ်နိုင် ဖို့နဲ့ ပြဿနာတစ်ရပ်ရဲ့  အဖြေမှန်ကိုချဉ်းကပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။  အဲဒီလို  မတူညီမှုတွေနဲ့ ပေါင်းစည်းထားတဲ့  ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဘင်္ဂါလီပြဿနာ ရေတို၊ ရေရှည်ဖြေရှင်းရေးအတွက် အရင်းခံအကြောင်းတရားတွေကို ဖော်ထုတ်ထားပြီး ကဏ္ဍပေါင်းစုံအကြံပြုချက်တွေ တင်ပြခဲ့ပါတယ်။


ဒုတိယအစီရင်ခံစာ


NLD အစိုးရလက်ထက်မှာ   ဘင်္ဂါလီအရေး နဲ့ပတ်သက်လို့   ဦးသိန်းစိန်  အစိုးရလက်ထက်က အစီရင်ခံစာပါ အကြံပြုချက်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ လျစ်လျူရှုခဲ့ပြီး ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ     အကြံပေး ကော်မရှင်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်း ပေးခဲ့ပါတယ်။ အကြံပေးကော်မရှင်  စတင်ဖွဲ့စည်း ကတည်းက ကိုဖီအာနန်အပါအဝင် နိုင်ငံခြားသား ပါဝင်ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး အကြံပေးကော်မရှင်ကို ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်တွေနဲ့သာ ဖွဲ့စည်း ဆောင်ရွက်ဖို့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ကျင်းပတဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်   အဋ္ဌမပုံမှန် အစည်းအဝေးမှာ အဆိုတင်သွင်းဆွေးနွေးခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။ ရခိုင်ပြည် နယ် လွှတ်တော်မှာတော့ အလားတူ အဆိုအောင်မြင် ပြီး အကြံပေးကော်မရှင်ကို လက်ခံအသိအမှတ်မပြု ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။


အကောင်အထည်ဖော်လာခြင်း


အကြံပေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ထိုအချိန်က နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊       ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ကောင်မရှင်အနေနဲ့ အကြံပြုရုံသာ  လုပ်ဆောင်နိုင်ပြီး  အကြံပြုချက်တွေကို   လုပ်ဆောင် ခြင်းဟာ အစိုးရအပေါ်မှာသာ  မူတည်တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ပြောကြားခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ  ကျင်းပတဲ့  ကုလသမဂ္ဂ  လူ့အခွင့် အရေးကောင်စီရဲ့ (၃၇) ကြိမ်မြောက် အဆင့်မြင့်ကဏ္ဍ အစည်းအဝေးမှာ  ထိုအချိန်က  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး  ဦးကျော်တင်က  ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို  လမ်းပြမြေပုံအဖြစ်  အကောင် အထည်ဖော်လျက်ရှိရာ တိုးတက်မှုတွေ ရရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


ကိုဖီအာနန်အကြံပေးကော်မရှင်ရဲ့အစီရင်ခံစာမှာဆိုရင် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်ပြင်ဆင် တဲ့လုပ်ငန်းစဉ်  စတင်ဖို့နဲ့   ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကွန်ဗင်းရှင်းပါအတိုင်း ဆောင်ရွက်ဖို့ အချက်များပါဝင်ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ သွားလာခွင့်၊ NGO တွေ လွတ်လပ်စွာ ဆောင်ရွက်ခွင့်၊ သတင်းရယူခွင့်ဆိုတဲ့ အချက်တွေကိုလည်း အကြံပြု ထားပါတယ်။


အကြံပြုချက်တွေအားလုံးကို ခြုံငုံကြည့်မယ် ဆိုရင် ရခိုင်ဒေသမှာဖြစ်ပွားနေတဲ့ ပြဿနာတစ်ရပ် ပြေလည်ရေးဆိုတာထက် ဘင်္ဂါလီတွေအတွက်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက်က ပိုများပါ တယ်။ ဒီတော့ ကိုဖီအာနန်အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖော်နေတဲ့ NLD ရဲ့ ရည်ရွယ်ချက်ကို သုံးသပ်နိုင်ပါတယ်။ 


အကြံပြုချက်မှာပါတဲ့ ကလေးသူငယ်အခွင့် အရေးဥပဒေကို ၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ   ကန့်ကွက်မှုတွေကြား က   NLD    မဲအများစုနဲ့     အတည်ပြုခဲ့ပါတယ်။ ဒီပြင်ဆင်ချက်ထဲမှာ နိုင်ငံတော်အတွင်းမွေးဖွားသည့် ကလေးသူငယ်တိုင်းသည် ခွဲခြားဆက်ဆံမှု မရှိစေဘဲ အခမဲ့မှတ်ပုံတင်ခွင့်ရှိသည်ဆိုတဲ့   ပြင်ဆင်ချက်ဟာ ကိုဖီအာနန်အကြံပြုချက်တွေအတိုင်းပဲ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်ဟာ   ၁၉၈၂    နိုင်ငံသားဥပဒေကို လွှမ်းမိုးပယ်ဖျက်လိုက်ခြင်း ဖြစ်ပါတယ်။ 


နိုင်ငံတကာဖိအား 


NLD အစိုးရလက်ထက်မှာ ဘင်္ဂါလီအရေးကိစ္စ ဟာ နိုင်ငံတကာပြဿနာတစ်ရပ် ဖြစ်လာပါတယ်။ ဒါ့အပြင်     ကိုဖီအာနန်အကြံပေးကော်မရှင်ရဲ့  အစီရင်ခံစာဟာ ဘင်္ဂါလီအရေးထောက်ခံဆောင် ရွက်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံ တွေရဲ့ လိုလားချက်တွေနဲ့ ကိုက်ညီနေတာ တွေ့ရပါ တယ်။ ကုလသမဂ္ဂ  လူ့အခွင့်အရေးကောင်စီရဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာကျင်းပတဲ့ (၂၇) ကြိမ် မြောက် အထူးအစည်းအဝေး အစီရင်ခံစာမှာ အကြံပေးကော်မရှင်ရဲ့   အကြံပေးချက်အားလုံးကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရရဲ့ကတိပြုမှု ကို ကြိုဆိုကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်ရေး၊ လွတ်လပ် စွာ သွားလာရေး၊  နိုင်ငံသားမဟုတ်တဲ့သူတွေ အတွက် အထောက်အထား စာရွက်စာတမ်းရရှိရေး၊ မြန်မာအစိုးရရဲ့ အကောင်အထည်ဖော်မှုကို နိုင်ငံ တကာ အသိုက်အဝန်းနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်း တွေက ထောက်ပံ့ပေးရေးတွေအပြင် ဘင်္ဂါလီတွေ ကို နိုင်ငံရေးအခွင့်အရေးတွေအပါအဝင် အခြား ဆက်စပ်တဲ့အခွင့်အရေးတွေ ရရှိရေး၊ နိုင်ငံသား အခွင့်အရေး ပြည့်ဝစွာရရှိရေးနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေပြင်ဆင်ရေးတွေကို တောင်းဆိုထားပါတယ်။ 


ဒါတွေဟာ ကိုဖီအာနန်အကြံပေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်ပြီးနောက်ပိုင်း  ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ  ဖြစ်ပါတယ်။  ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ဖို့အတွက် မြန်မာနိုင်ငံကို ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေ၊ ကမ္ဘာ့အဖွဲ့အစည်းကြီးတွေ ကတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေးစတဲ့ နည်းလမ်း ပေါင်းစုံနဲ့ ဖိအားပေးနေတာပါ။ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီကတစ်ဆင့် ဖိအားပေးတာတွေ၊ လူ့အခွင့်အရေးကောင်စီကတစ်ဆင့်  ဖိအားပေး တောင်းဆိုတာတွေ အမျိုးမျိုးပါ။ ဒါ့အပြင် ICC ကတစ်ဆင့် ဖိအားပေးပြီး အခုနောက်ဆုံးမှာ ICJ ကတစ်ဆင့် ဖိအားပေးနေပါတယ်။ ၅၇ နိုင်ငံပါဝင် တဲ့ OIC ရဲ့အထောက်အပံ့နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားပါတယ်။


လက်ဆင့်ကမ်းအကောင်အထည်ဖော်


အထက်မှာဖော်ပြခဲ့သလို   နိုင်ငံတကာက ဖိအားပေးတောင်းဆိုတာတွေနဲ့ NLD အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ထပ်တူညီနေတာတွေဟာ တိုက်ဆိုင်မှုလို့ မဆိုနိုင်ပါဘူး။ အခုလည်း NUG က NLD ရဲ့မပြီးသတ်သေးတဲ့ကိစ္စကို ဆက်လက် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဘာကြောင့် NLD နဲ့ NUG က ဘင်္ဂါလီအရေးကို ဒီလောက် ဆောင်ရွက်ရသလဲဆိုတဲ့   အရင်းခံအကြောင်း တရားကို   သုံးသပ်ကြည့်ဖို့ လိုပါလိမ့်မယ်။ NLD ဟာ အာဏာတည်မြဲဖို့နဲ့ ငွေကြေးအထောက်အပံ့ ရရှိဖို့အတွက် OIC နဲ့  အင်အားကြီးနိုင်ငံတွေရဲ့ လိုလားချက်အတိုင်း    အကောင်အထည်ဖော်နေ တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ OIC နဲ့ အင်အားကြီး နိုင်ငံတွေကလည်း NLD ကိုအသုံးချပြီး ဘင်္ဂါလီ တွေအရေး၊  နိုင်ငံရေး၊   ပထဝီနိုင်ငံရေးတွေကို အကောင်အထည်ဖော်နိုင်ဖို့    ကြိုးစားနေကြ တာပါ။


NLD နဲ့ NUG အနေနဲ့ လူ့အခွင့်အရေးကို အကြောင်းပြပြီး ဘင်္ဂါလီအရေးကို အကောင် အထည်ဖော်နေတာဟာ နိုင်ငံတော်အချုပ်အခြာ အာဏာ၊ နိုင်ငံတော်နယ်မြေ၊ မိမိတို့တိုင်းရင်းသား တွေအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ NUG ရဲ့ ကြေညာချက်ထွက်လာတဲ့အချိန်မှာ ဒေသခံတိုင်းရင်းသားတွေဖြစ်တဲ့ ရခိုင်တိုင်းရင်း သားတွေက ကန့်ကွက်ခဲ့ကြပါတယ်။ NUG အနေနဲ့ တည်ငြိမ်စပြုနေတဲ့ပြဿနာကို   ပိုမိုရှုပ်ထွေး အောင်လုပ်နေတာလို့ ရှုမြင်ကြောင်း ALP ပါတီက ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ 


အရင်းခံအကြောင်းတရား


NUG အနေနဲ့ လူ့အခွင့်အရေးတွေ ဘယ်လိုပဲ အကြောင်းပြပြ အခုချိန်မှာ ဘင်္ဂါလီကိစ္စကို သူတို့ အကျိုးစီးပွားအတွက်   အသုံးချနေခြင်းသာ ဖြစ်ပါတယ်။ NLD နဲ့ NUG အနေနဲ့ လူ့အခွင့်အရေး လို့ ဆိုနေကြပေမယ့် ဘာကြောင့် ဘင်္ဂါလီတွေ အတွက်ပဲ ဦးတည်နေကြတယ်ဆိုတာ စဉ်းစားစရာ ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ လူ့အခွင့်အရေးကိုတော့ ဘာကြောင့် အလေးမထား တာလဲဆိုတာလည်း စဉ်းစားစရာပါ။ လူ့အခွင့် အရေးလို့ ဆိုနေကြတဲ့နိုင်ငံတွေမှာ လှေစီးဒုက္ခသည် တွေ၊ ပြည်ပက ခိုးဝင်သူတွေကို လူ့အခွင့်အရေးအရ အဲဒီနိုင်ငံတိုင်းကလက်ခံပြီး   နိုင်ငံသားဖြစ်ခွင့် ပေးကြသလားဆိုတာကိုလည်း  သတိပြုဖို့လိုပါ တယ်။ 


လူသားတစ်ယောက်ရဲ့ လူ့အခွင့်အရေးဆိုတာ နားလည်လက်ခံပါတယ်။ ဒါပေမဲ့  လူ့အခွင့်အရေး ကို အကြောင်းပြပြီး ကိုယ်ကျိုးအတွက် အသုံးချတာ၊ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ထိပါးတာကို တော့ လက်ခံလို့မရပါဘူး။ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်ရှိမှုနဲ့ လူ့အခွင့်အရေးအကြား တစ်ဖက်သတ် ဆုံးဖြတ်လို့မရနိုင်ပါဘူး။


အခုလည်း NUG က ဘင်္ဂါလီတွေကို လူ့အခွင့် အရေးအကြောင်းပြပြီး   ပြည်ပက    ကြိုးဆွဲတိုင်း တရားမဝင်တဲ့အမည်ကို အသိအမှတ်ပြုပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြင်ဖို့၊ နိုင်ငံသားဖြစ်ခွင့်ပေးဖို့လုပ်နေတာဟာ သူတို့လိုအပ်နေတဲ့ ငွေကြေးတွေ၊ နိုင်ငံခြားအကူအညီနဲ့ ထောက်ခံမှုတွေ ရရှိဖို့အတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။


နိုင်ငံသားခံယူခွင့်  


NUG ဟာ အသက်ဆက်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံကိုရောင်းစားပြီး ငွေကြေးရှာဖို့ လုပ်ဆောင်နေ တာပါ။ လူ့အခွင့်အရေးဆိုတာထက် သူတို့ကိုယ်ကျိုး စီးပွားအခွင့်အရေးနဲ့   အာဏာရရှိရေးအတွက်ပဲ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်   နိုင်ငံသားဥပဒေဟာ ဘယ်သူ့ကို နိုင်ငံသားပေးမယ်၊ ဘယ်သူ့ကို နိုင်ငံသား မပေးဘူးဆိုတဲ့   တစ်ဦးတစ်ယောက်၊   လူတစ်စု အတွက်   ရေးဆွဲပြဋ္ဌာန်းထားတာ   မဟုတ်ပါဘူး။ အခြားနိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံသားဖြစ်ချင် တယ်ဆိုရင်၊  မြန်မာနိုင်ငံရဲ့  တည်ဆဲဥပဒေနဲ့ ကိုက်ညီမယ်ဆိုရင် နိုင်ငံသားခံယူခွင့်ရှိပါတယ်။ 


ဒီလိုမဟုတ်ဘဲ   အခြားနိုင်ငံသားတစ်ဦး မြန်မာနိုင်ငံသားဖြစ်ဖို့အတွက် မိမိနိုင်ငံရဲ့ တည်ဆဲ ဥပဒေတစ်ရပ်ကို ပြင်ဆင်ပေးဖို့ အကြံပြုတယ်၊ တိုက်တွန်းတယ်၊ အကောင်အထည်ဖော်တယ်ဆို တာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါး ခြင်းလို့ သတ်မှတ်ရမှာပါ။ ဘယ်သူမဆို ကိုယ်ကျိုး စီးပွားအတွက် ဘင်္ဂါလီမှမဟုတ်ပါဘူး၊  ဘယ်နိုင်ငံ သားကိုမဆို  မြန်မာနိုင်ငံသားပေးဖို့အတွက် မိမိနိုင်ငံရဲ့တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ ကြိုးစား လာမယ်ဆိုရင် အမျိုးသားရေးအနေနဲ့ ကာကွယ်ကြ ရမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။   ။


ကိုးကား
၁။    ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ
၂။    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ
၃။    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးမှတ်တမ်း
၄။    (၃၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၏ အဆင့်မြင့်ကဏ္ဍအစည်းအဝေး
၅။    Report of the Human Rights Council on its twenty-seventh special session