
ကော်ဖီဆိုင်မှာဖြစ်ဖြစ်၊ ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ် နိုင်ငံခြားသီချင်း တစ်ပုဒ် ဖွင့်ထားသံကို ကြားရပြီး အဲဒီသီချင်းကို ကြိုက်တယ်ဆိုရင် သီချင်းနာမည်၊ သီဆိုသူနဲ့ စာသားတွေကို အတိအကျသိရအောင် အလွယ် တကူရှာဖို့အတွက် Soundhound အက်ပလီကေးရှင်းက အသုံးဝင်မှာ ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းက သီချင်းတွေကို သီချင်းနာမည် အဆိုတော်နာမည် ဒါမှမဟုတ် စာသားရိုက်ထည့်ပြီး ရှာရတာမျိုးမဟုတ်ဘဲ အသံကိုပဲနားထောင်ပြီး ရှာပေးမှာဖြစ်ပါတယ်။ သီချင်းနာမည်ကိုသိပြီး စာသားမရတာမျိုးအတွက်လည်း နာမည်ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။
အသုံးပြုဖို့ကလည်း လွယ်ကူပြီး သီချင်းသံတစ်ခုခု ကြားနေရချိန်မှာ အက်ပလီကေးရှင်းကိုဖွင့်ပြီး အက်ပလီကေးရှင်းထဲက Search ခလုတ် ကို တစ်ချက်နှိပ်လိုက်ရုံပဲဖြစ်ပါတယ်။ အက်ပလီကေးရှင်းက သီချင်းသံ ကို ဖမ်းယူနားထောင် စိစစ်ပြီး ကိုက်ညီတဲ့သီချင်းကို ပြန်ထုတ်ပေးမှာဖြစ် ပါတယ်။ နာမည်ကြီးသီချင်း အများစုအတွက် သီချင်းနဲ့အတူ စာသား ကိုပါ ထုတ်ပေးမှာဖြစ်ပြီး စာသားဖိုင်မရှိတဲ့ သီချင်းအနည်းစုအတွက်တော့ Youtube link ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Soundhound ရဲ့ ဆာဗာနဲ့ ချိတ်ဆက်ရှာဖွေပေးတာဖြစ်လို့ အင်တာနက်လိုင်းဖွင့်ထားဖို့တော့ လိုအပ် မှာဖြစ်ပါတယ်။ ဆာဗာထဲမှာ မြန်မာသီချင်းတွေ မရှိတဲ့အတွက် မြန်မာ သီချင်းတွေကိုတော့ ရှာဖွေနိုင်ခြင်းမရှိပါဘူး။ အက်ပလီကေးရှင်းကို ပလေးစတိုးမှာ Soundhound - Music Discovery & Lyrics လို့ရှာပြီး အခမဲ့ရယူနိုင်ပါတယ်။ ကျော်ဇင်ဦး