
နေပြည်တော် ဖေဖော်ဝါရီ ၁၈
နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးရာမူဝါဒကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေ၊ ကော်မတီအတွင်းရေးမှူး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့ လက်ခံ ကျင့်သုံးသည့် နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ အခြေခံ ဥပဒေတွင် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒကို လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒ (၃) ရပ်ကို ပုဒ်မ - ၄၁တွင် ပြဋ္ဌာန်း ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံလုံခြုံရေးနှင့် ပတ်သက်၍ နိုင်ငံတကာအပေါ်တွင် ထားရှိသည့် သဘော ထားသည် ပုဒ်မ (၄၂-က)တွင် နိုင်ငံတော်သည် မည်သည့် နိုင်ငံကိုမျှ စတင်ကျူးကျော်တိုက်ခိုက်ခြင်းမပြု၊ (၄၂-ခ) တွင် နိုင်ငံတော်သည် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ဝင်မှ တပ်ချခွင့်မပြုဟု ပြဋ္ဌာန်းထားသဖြင့် များစွာ ရှင်းလင်းသည့် နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း။
မိမိတို့သည် အင်အားကြီး နိုင်ငံနှစ်နိုင်ငံအကြားတွင် တည်ရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ယင်းနှစ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မိမိတို့နိုင်ငံအနေဖြင့် အထူး သတိကြီးစွာ ဆက်ဆံရန် လိုအပ်သကဲ့သို့ ယင်းနှစ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ်မူတည်၍ မိမိတို့နိုင်ငံကို အခြားနိုင်ငံ များက စိတ်ဝင်စားမှုများစွာရှိနေသည်ကို သတိပြုရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြားရေး မူဝါဒများနှင့်ပတ်သက်၍ အထူးထိန်းသိမ်းဆောင်ရွက်သွားရမည်ကို ပြောလိုကြောင်း၊ နိုင်ငံ၏ နယ်စပ်ဒေသများကို ထာဝရတည်ငြိမ်အေးချမ်းသည့် နယ်စပ်ဒေသဖြစ်ရန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ထာဝရတည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သည့် အိမ်နီးနားချင်း ဆက်ဆံရေး ထူထောင်သွားရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သီးခြားနေထိုင်၍ မရ ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်များတွင် တပ်မတော်အစိုးရလက်ထက်၌ ကြိုးစား ဆောင်ရွက်ခဲ့သည့်အတွက် နောက်ပိုင်းတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံအပြင် အခြားနိုင်ငံတကာဆက်ဆံရေး နယ်ပယ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် လာနိုင်သည်ကို တွေ့ရကြောင်း၊ နိုင်ငံတကာဆက်ဆံရေး တွင် အိမ်နီးနားချင်း ဆက်ဆံရေးမှာ အရေးကြီးကြောင်း၊ ထို့ကြောင့် အိမ်နီးနားချင်းနိုင်ငံများမှာ မိမိတို့အတွက် ဦးစားပေးဆက်ဆံရမည့် နိုင်ငံများဖြစ်သည်ကို ပြောလို ကြောင်း။
ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး
အိမ်နီးချင်း ဆက်ဆံရေးတွင်လည်း မတူသည့်မူဝါဒ များ၊ ယဉ်ကျေးမှုများရှိသည့်နိုင်ငံများနှင့် ဆက်ဆံခြင်း ဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းအပေါ်တွင်မူတည်၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ထိတွေ့ဆက်ဆံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားတွင် ခေတ်အဆက်ဆက် တည်ရှိခဲ့သည့် အိမ်နီးနားချင်း ဆက်ဆံရေးနှင့် ထာဝရငြိမ်းချမ်းသည့် အိမ်နီးနားချင်း ဆက်ဆံရေးမှာ ချစ်ကြည်ရင်းနှီးမှုများ ရှိပြီးဖြစ်သည့် အတွက် ပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်ကြောင်း၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၌ လာရောက်ရင်းနှီး မြှုပ်နှံမည့်နိုင်ငံများ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံများ၏ အနှောင်အဖွဲ့ကင်းသည့် ရင်းနှီးမြှုပ်နှံမှုကိုလည်း ကြိုဆို၍ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးရှိမည်ဆိုပါက အားပေးရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ရင်းနှီး မြှုပ်နှံမှုဆောင်ရွက်ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် ပြည်သူများ၏ အခန်း ကဏ္ဍကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် အိမ်နီးနားချင်း ဆက်ဆံရေးများ၊ ကူးလူးဆက်ဆံရေးများ ပိုမိုများပြားလာမည် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အိမ်နီးနားချင်း ကူးလူးဆက်ဆံခြင်း မှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများသည်လည်း ပိုမိုများပြားလာနိုင်မည်ဖြစ် ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများသည်လည်း ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း၊ ထို့ပြင် ပို့ကုန်ပစ္စည်းများ လည်း ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း။
အကျိုးခံစားရမည်ဖြစ်
ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပါက သွင်းကုန် အစားထိုးများစွာ ဆောင်ရွက်နိုင်ပြီး တိုင်းပြည်၏ နိုင်ငံခြား ငွေလိုအပ်မှုကိုလည်း များစွာလျော့ကျလာနိုင်သည်အထိ အကျိုးခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ လုပ်ငန်းကို အခြေခံသည့်၊ အလုပ်အကိုင်ကိုအခြေခံသည့်၊ ထုတ်လုပ်မှုကိုအခြေခံသည့်၊ ပို့ကုန်ပစ္စည်းကို အခြေခံသည့်၊ ပို့ကုန်ပစ္စည်းကို ထုတ်လုပ် နိုင်သည့်အပေါ် အခြေခံသည့်၊ သွင်းကုန်ပစ္စည်းအစား ထိုးခြင်းကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုအားပေးပြီး နိုင်ငံခြားရေးမူဝါဒများနှင့် ဆက်လက်ဆောင်ရွက်သွား ရန်ဖြစ်ကြောင်း။
လေးစားလိုက်နာသွားရန်ဖြစ်
မိမိတို့နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှလက်မှတ်ရေးထိုးထားပြီးဖြစ်သည့် ပဋိညာဉ် စာချုပ်များ၊ ကတိကဝတ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံနိုင်သည့် ကိစ္စရပ်များအားလုံးကိုလည်း အလေး ထားပြီး လေးစားလိုက်နာသွားရန်ဖြစ်ကြောင်း၊ အလားတူ မိမိတို့အနေဖြင့် နိုင်ငံတကာရေပိုင်နက်များနှင့် ဆက်ဆံ နေရခြင်းရှိကြောင်း၊ ထို့ကြောင့် ရေပြင်ပိုင်နက်များစနစ် တကျရှိစေရန်နှင့် ရေပြင်ပိုင်နက် ဆိုင်ရာ သဘောတူညီချက် များကိုလည်း အမြန်ပြီးပြတ်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် ရေပြင်ပိုင်နက် လုံခြုံရေးများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း။
နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်
အိမ်နီးနားချင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင် သည့် မြန်မာနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများစွာ ရှိကြောင်း၊ တရားဝင်သွားသည့်သူများရှိသကဲ့သို့ တရားမဝင်သွားသည့် သူများလည်း ရှိကြောင်း၊ ၎င်းတို့သည် မိမိတို့နိုင်ငံသားများ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံက ကာကွယ်စောင့်ရှောက် ပေးရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် အခွင့်အလမ်း များကိုဖော်ထုတ်၍ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများကို မိမိတို့နိုင်ငံ၏ ဥပဒေအကာအကွယ်များ ပေးနိုင်သမျှပေးနိုင်စေရန်နှင့် ၎င်းတို့အနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာလိုသည်ဆိုပါက ပြန်လာနိုင်စေရန် အခွင့်အလမ်းများ ဖော်ထုတ်ပေးရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့် ကာလအတွင်းတွင် မြန်မာ နိုင်ငံသို့ ပြန်လာလိုသည့်အတွက် တောင်းဆိုထားခြင်း များစွာရှိကြောင်း၊ သို့သော် COVID-19 ကြောင့် ပြန်လာရန် အခက်အခဲဖြစ်နေခြင်းများရှိသဖြင့် ၎င်းတို့ပြန်လာနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။
စဉ်းစားဆောင်ရွက်
COVID-19 ကပ်ရောဂါသည် တစ်ကမ္ဘာလုံးဖြစ်ပေါ် နေသည့် ရောဂါဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကူးစက်ပြန့်ပွားမှု လျှော့ချရေး၊ ကာကွယ်ကုသရေး၊ နည်းပညာပိုင်းဆိုင်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး ကိစ္စရပ်များသည် များစွာကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် COVID-19 ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် အခါအားလျော်စွာ ဖြစ်ပေါ်လာသည့် ကပ်ဘေးရောဂါများရှိကြောင်း၊ ယင်းကပ်ရောဂါများကို လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနတို့မှ ရောဂါကူးစက်မှုကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးတို့အတွက် နည်းပညာနှင့် သတင်းအချက် အလက်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အခြားနိုင်ငံများ နှင့် ဆက်သွယ်ဆောင်ရွက်၍ မိမိတို့နိုင်ငံအနေဖြင့် အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် စဉ်းစား ဆောင်ရွက်ရေး လိုအပ်ကြောင်း။
နည်းလမ်းရှာကြံ၍ ဆောင်ရွက်
ကော်မတီသည် မူဝါဒများ ချမှတ်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် တစ်ဖက်တွင်လည်း နိုင်ငံတော်အတွက်အကျိုးရှိမည့် လုပ်ငန်းများ၊ အထူးသဖြင့် နိုင်ငံတကာအကူအညီများရှိကြောင်း၊ နိုင်ငံတကာချေးငွေ များရှိကြောင်း၊ အထူးအစီအစဉ်အရပေးသည့် လုပ်ငန်းရပ် များရှိကြောင်း၊ ယင်းအခွင့်အရေးများကိုလည်း လက်တုံ့ မနှေး ရရှိနိုင်ရေးအတွက် နည်းလမ်းရှာကြံ၍ ဆောင်ရွက် သွားမည်ဆိုပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အထောက်အကူရရှိမည်ဟု ပြောလိုကြောင်း၊ လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များ၌ ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများ ရှိကြောင်း၊ ယင်းတွင် တရားမဝင်သွားရောက်ခြင်းရှိသကဲ့ သို့ တရားဝင်သွားရောက်ခြင်းလည်းရှိကြောင်း၊ တရား မဝင်သူများကို ဥပဒေလမ်းကြောင်းမှ မိမိတို့ နိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်း သို့မဟုတ် တရားဝင်အောင် ဆောင်ရွက်ပေးရေးနှင့် ၎င်းတို့နေထိုင်သည့် နိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ရပ်ပေါင်းပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင် လူကုန်ကူးခံရမှုကြောင့် ပြည်ပသို့ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် လူကုန် ကူးမှုမခံရစေရေးအတွက် တားဆီးခြင်း၊ ကာကွယ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများက ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း၊ နေရပ်စွန့်ခွာသူများကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်က ချမှတ် ထားသည့် မူဝါဒများ၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံသဘော တူညီချက်များ၊ ဥပဒေများနှင့်အညီ အမြန်ဆုံး ဆောင်ရွက် သွားရန်လိုကြောင်း၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များကို လည်း တုံ့နှေးခြင်းမရှိဘဲ နှစ်နိုင်ငံသဘောတူညီချက်များ နှင့်အညီ တုံ့ပြန်ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နိုင်ငံခြားရေးရာမူဝါဒကော်မတီအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးခင်မောင်ဆွေ၊ ကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဦးကိုကိုလှိုင်တို့က နိုင်ငံခြားရေးရာမူဝါဒကော်မတီ စတင်ဖွဲ့စည်းခဲ့မှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည့်အခြေအနေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေ၊ နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ လုပ်ငန်း တာဝန် ၁၂ ရပ်နှင့် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရသည့်ကိစ္စရပ်များ၊ အစိုးရအဖွဲ့၏ ဆုံးဖြတ် ချက်ဖြင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များနှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေ များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများအား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံရေးအဖွဲ့ ဖွဲ့စည်း ထားရှိမှု၊ ပြည်ပနိုင်ငံများသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အသိအမှတ်ပြု ကတ်ထုတ်ပေးနေမှု အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံချိန်တွင် လူဦးရေ စာရင်းကွဲလွဲမှုကြောင့် ကြန့်ကြာ နေမှုအခြေအနေ၊ နိုင်ငံတကာအဆင့် အစည်းအဝေးများ တွင် မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများအား သိရှိစေရန် ဆွေးနွေးပြောကြားသွားမည့် ကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။
အရှိန်အဟုန်မြှင့် ဆောင်ရွက်
ယင်းနောက် နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအား နိုင်ငံတကာမှ သိရှိနိုင်စေရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန်ဆက်ဆံ ရေးများကို ယခုထက်ပိုမို လေးနက်အောင် နည်းလမ်း ရှာဖွေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါတွင် နိုင်ငံတကာမှ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအပေါ် ယခင်ကထက် အပြုသဘောဆောင်သည့် သဘောထားများ ရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ ထားရှိထားသည့် နှစ်နိုင်ငံ သဘောတူညီချက် နှင့်ပေးထားသည့် ကတိကဝတ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့်ကာလအတွင်း တရုတ်နိုင်ငံအပါ အဝင် သက်ဆိုင်ရာနိုင်ငံများအလိုက် နှစ်နိုင်ငံ ဆက်ဆံရေး နှင့်ပတ်သက်၍ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာနှင့် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာနှင့် ဆက်ဆံ ရေး တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအတွက် ယခုကော်မတီ သည် အရေးကြီးသည့် အခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ကော်မတီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လက်ရှိ အခြေအနေတွင် တုံ့ဆိုင်းနေသည့် နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေး အခြေအနေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် အလေးအနက်ထား ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
သတင်းစဉ်