နိုင်ငံခြားခရီးသွားများ အထူးစိတ်ဝင်စားမှုရရှိထားသော မြန်မာ့ဝါးလက်မှုပစ္စည်းများ နှစ်ဆန်းပိုင်းမှစ၍ အရောင်းအဝယ်သွက်လာ

 

ရန်ကုန်   မတ်   ၅


နိုင်ငံခြားခရီးသွားများ     အထူးစိတ်ဝင်စားမှုကို     ရရှိထားသော မြန်မာ့လက်မှုပညာဖြစ်သည့် ဝါးလက်မှုကုန်ပစ္စည်းများ နှစ်ဆန်းပိုင်းမှ စ၍  ပြည်တွင်းခရီးသွားတို့ဖြင့်   အရောင်းအဝယ်သွက်လာကြောင်း သိရသည်။

 


အာဆီယံနိုင်ငံအချို့တွင် သစ်တောထွက်ပစ္စည်းများမှ တန်ဖိုးမြင့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများထုတ်လုပ်၍  ပြည်တွင်း/ပြည်ပခရီးသွားတို့ထံမှ ဝင်ငွေရရှိလျက်ရှိရာ ဒေသတွင်းနိုင်ငံများတွင် နိုင်ငံခြားဝင်ငွေပိုမိုရရှိရန် ဝါးဖြင့်ပြုလုပ်သောလက်မှု ပညာရပ်များကို ဆန်းသစ်တီထွင်ထုတ်လေ့ရှိပြီး မြန်မာနိုင်ငံတွင်လည်း မြန်မာ့လက်မှု ပညာဖြစ်သော ယွန်းပစ္စည်းနှင့် လူသုံးကုန်ဝါးပစ္စည်းများကို နိုင်ငံခြား သားများ    အထူးနှစ်သက်    စိတ်ဝင်စားလေ့ရှိသည်။     လက်မှုပညာ ထွန်းကားသော မြန်မာနိုင်ငံတွင်      စီးပွားဖြစ်   ဝါးအလှကုန်ပစ္စည်း၊လူသုံးကုန်ပစ္စည်းနှင့် တန်ဖိုးမြင့် စားသောက်ကုန် များကို ထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိစေသည့်အပြင် ဝါး တောင်သူနှင့် ထုတ်လုပ်သူ တို့၏ လူမှုစီးပွားဘဝများ   ပိုမိုတိုးတက်ရန် အခွင့် အလမ်းများ ရရှိလျက်ရှိသည်။ 

 


“သစ်တောထွက်ဝါးကနေ လူသုံးကုန်၊ စားသောက် ကုန်နဲ့ အလှကုန်ပစ္စည်း ထုတ်လုပ်ဖို့ တောင်ငူခရိုင် ရေတာရှည်မြို့က ဧက ၂၅၀၀ မှာ နှစ်ရှည်ဝါး စိုက်ပျိုး ဖို့ ဆောင်ရွက်ဖူးတယ်။ ဝါးသက်တမ်းနဲ့ ထုတ်လုပ်မှု နှစ်အလိုက် မှန်ကန်မှတင်ပို့တဲ့ပစ္စည်း အရည်အသွေး လည်းမှန်မှာဖြစ်တဲ့အတွက်  စီမံချက်ချပြီး  စိုက်ပျိုး ထုတ်လုပ်တဲ့   ဝါးစိုက်ခင်းတွေ    လိုပါတယ်။   ပုဂံ၊  အင်းလေး၊ တောင်ပေါ်ဒေသနဲ့ မြန်မာပြည်အထက် ပိုင်း၊    အောက်ပိုင်းဒေသတွေက    ဝါးပစ္စည်းတွေ ထုတ်ကြတယ်။ တရုတ်နိုင်ငံဆိုရင် ဝါးထုတ်ကုန် ကနေ နှစ်စဉ် ဘီလီယံနဲ့ချီပြီးရနေတာ။ သစ်တော ပေါများတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဝါးကနေ ပြည် တွင်း/ ပြည်ပဝင်ငွေ ပိုမိုရရှိအောင် ဆောင်ရွက်မယ် ဆိုရင် နိုင်ငံတော်နဲ့ ဝါးတောင်သူ၊ လုပ်ငန်းရှင်တွေ  အဆင်ပြေမှာ အမှန်ပါ”ဟု မြန်မာနိုင်ငံဝါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးလှဌေးဝင်းက ပြောသည်။

 


အာဆီယံနိုင်ငံများဖြစ်သော    အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ လာအို စသောနိုင်ငံ တို့တွင် ဝါးမှ   လက်မှုပစ္စည်းများနှင့်   စားသောက် ကုန်များကို ထုတ်လုပ်လျက်ရှိပြီး တရုတ်နိုင်ငံတွင် စားသောက်ကုန်မျိုးစုံ၊ ဝါးမျှစ်မှ ဘီယာ၊ အရက်နှင့် ဝါးရွက်မှ သွားတိုက်ဆေး၊ ဆပ်ပြာအပါအဝင် လူသုံး ကုန်ပစ္စည်းများ၊ ဝါးမှုန်မှ မီးသွေးတောင့်ထုတ်လုပ် ၍    ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့    တင်ပို့လျက် ရှိသည်။

 


“အရင် ကိုဗစ်ကာလထက်စာရင် ဒီနှစ်ဆန်းပိုင်း မှာ ဝါးလက်မှုပစ္စည်းရောင်းဝယ်မှု ပြန်ပြီးလည်ပတ် လာတယ်လို့ ဆိုရမယ်။ ပြည်ပခရီးသွားမရှိပေမယ့် ရုံးပိတ်ရက် ပြည်တွင်းခရီးသွား ပြန်တက်လာတာ ကြောင့် နွေဦးအစမှာ အရင်နှစ်ထက်ပိုပြီး အရောင်း အဝယ် သွက်လာတယ်။ ပြည်တွင်းဝယ်လက်ဖြစ်တဲ့ ပုဂံ၊ ချောင်းသာ၊   ပုသိမ်၊   ရန်ကုန်၊   မော်လမြိုင်၊ မန္တလေး၊   စစ်ကိုင်းတို့ကို ပို့ရတယ်။    ဝါးဦးထုပ်နဲ့ လက်ကိုင်အိတ်ဆိုရင် ပေါ့ပါးပြီး ဒီရာသီနဲ့ကိုက်ညီတဲ့ အတွက် ပင်ရင်းကို မှာတဲ့သူများတယ်။ ဒီလုပ်ငန်းဟာ ခရီးသွားလုပ်ငန်းကို အဓိကအခြေခံတာကြောင့် လက်ရှိရုံးပိတ်ရက်တွေမှာ ပြည်တွင်းအပန်းဖြေခရီး သွားတွေ တက်လာတဲ့အတွက် ဝါးလက်မှုပစ္စည်း အရောင်းအဝယ် သွက်လာတယ်လို့ ဆိုရမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ငသိုင်းချောင်းမြို့မှ ဝါး  လက်မှုကုန်ပစ္စည်းလုပ်ငန်းရှင်    ဦးအောင်လွင်က ပြောသည်။

 


ပြည်တွင်းလက်မှုပစ္စည်း ဝါးလုပ်ငန်းသည် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးမှုအပေါ်တွင် ရပ်တည်လျက်ရှိပြီး   လက်ရှိတွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ နှစ်ဆန်းပိုင်းမှစ၍ ရုံးပိတ်ရက်အပန်းဖြေခရီးသွားလာမှု ပြန်လည်နိုးထလာခဲ့ရာ ဒေသထွက်စားသောက် ကုန်များနှင့် သစ်တောထွက်လက်မှုပစ္စည်း အရောင်း အဝယ်အချို့ ပြန်လည်အသက်ဝင်လာခြင်းဖြစ်သည်။ တင်းဝါး၊ လှေသောင်းဝါးနှင့် ဝါးပိုးဝါးတို့ဖြင့် ပြုလုပ် သော ဦးထုပ်မျိုးစုံ၊ ပိုက်ဆံအိတ်မျိုးစုံ၊ လက်ကိုင်အိတ် မျိုးစုံ၊ ဧည့်ခန်းအသုံးအဆောင်ပစ္စည်းများ၊ ရေနွေး ခွက်၊ နှီးချောဖျာမျိုးစုံ၊ ကုလားထိုင်၊ ဖိနပ်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းအမျိုးပေါင်း ၁၀၀ နီးပါး ထုတ်လုပ် ဖြန့်ချိလျက်ရှိကြောင်း သိရသည်။


ညိမ်းသူ (သတင်းစဉ်) 
ဓာတ်ပုံ - ကနူး