
နေပြည်တော် ဒီဇင်ဘာ ၂၀
မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်း အဝေး (၂/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မူပိုင်ခွင့် ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကား ပြောကြားရာတွင်
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ် ကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က မိမိတို့ သက်ဆိုင်ရာလုပ်ငန်းတာဝန်များအလိုက် ကြိုးပမ်း ဆောင်ရွက်နေကြသည်ကို တွေ့ရကြောင်း။
မူပိုင်ခွင့်ကဏ္ဍ အရေးပါလာ
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့တွင် မူပိုင်ခွင့်ကဏ္ဍအနေဖြင့် ပိုမိုအရေးပါလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နည်းပညာများ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ယနေ့ခေတ်တွင် ခေတ်နှင့်အညီ ရင်ပေါင်တန်း၍ ဆောင်ရွက်နိုင်စေ ရန် အစိုးရ၊ ဌာနဆိုင်ရာများ၊ စွန့်ဦးတီထွင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတများရှိစေရန်နှင့် မိမိတို့ လုပ်ငန်းတာဝန် အသီးသီးတွင် အသုံးချဆောင်ရွက်နိုင်ရန်အတွက် မူပိုင်ခွင့်စနစ်ကို အရေးကြီးသည့် ကဏ္ဍတစ်ရပ် အနေဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း။
လက်နက်တစ်ခုအဖြစ်ကျင့်သုံးလာ
ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအများစုတွင် နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကုန်သွယ်မှု ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ စဉ်ဆက်မပြတ် တည်တံ့တိုးပွားစေရန် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်ကို စီးပွားရေးလက်နက်တစ်ခုအဖြစ် ကျင့်သုံးလာကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး နိုင်ငံတော်၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတွင် အထောက်အပံ့ ဖြစ်စေနိုင်ပြီး ပြည်သူအများ၏ တီထွင်ဖန်တီးနိုင် စွမ်းကို အားပေးမြှင့်တင်စေနိုင်မည့် မူပိုင်ခွင့်စနစ် တစ်ရပ် အကောင်အထည်ဖော်ရန် အချိန်သင့်နေပြီဟု ဆိုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ်က အတည်ပြုပြဋ္ဌာန်းထားသည့် မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံး အာဏာသက်ဝင်ပြီးနောက် မူပိုင်ခွင့်မှတ်ပုံ တင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင် ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
မူပိုင်ခွင့်စနစ်အကောင်အထည်ဖော်
ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ နှစ်စဉ်စာရင်းပြုစုသော တီထွင်ဆန်းသစ်မှုဆိုင်ရာ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ တီထွင်ဆန်းသစ်မှုကို တိုင်းတာသည့် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု ညွှန်းကိန်း (Global Innovation Index-GII) ကို နှစ်စဉ်ထုတ်ပြန် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့် နှစ်တွင် အဆင့် ၁၂၉၊ ၂၀၂၁ ခုနှစ်တွင် အဆင့် ၁၂၇ နှင့် ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၁၆ တွင် ရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ တီထွင် ဆန်းသစ်နိုင်မှုနှင့် ဖန်တီးနိုင်မှုစွမ်းအားများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက် အချိုးကျနေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ အနေဖြင့်လည်း တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများ ကို မြင့်တက်စေနိုင်ရန် တီထွင်သူ၊ ဖန်တီးသူတို့၏ လက်ရာများကို ထိထိရောက်ရောက် အကာအကွယ် ပေးမည့် မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။
၂၀၁၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့် ဥပဒေ (၄) ရပ် အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကို စတင်အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး တွင် ဆွေးနွေးလမ်းညွှန်ခဲ့ပြီးဖြစ်သည့်အတွက် ကုန် အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာသက်ဝင်ခြင်း နှင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး စတင်ဆောင်ရွက်နိုင်စေရေး ကြိုးပမ်းကြ ရန် တိုက်တွန်းပြောကြားလိုကြောင်း။
မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင် အဖွဲ့ဝင် (၃၂) ဦး ရှိသည့်အနက် မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များနှင့် စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ပညာရှင်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ပညာရှင်၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ပညာရှင်နှင့် တီထွင်မှုမူပိုင်ခွင့်ပညာရှင်တို့ကို ခန့်ထားရန် လိုအပ်နေကြောင်း၊ ထို့ကြောင့် မူပိုင် ခွင့်ဆိုင်ရာပညာရှင် (၄) ဦး ရွေးချယ်ခန့်ထားနိုင် ရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဥပဒေများအရ မူပိုင်ခွင့် ဆိုင်ရာအေဂျင်စီ ဖွဲ့စည်းပြီးပါက အေဂျင်စီအတွက် လိုအပ်သည့် ပညာရှင်များ ရွေးချယ်ခန့်ထားရေးကိုလည်း ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
ဥပဒေနှင့်အညီ ရရှိခံစားစေနိုင်
ယခုကဲ့သို့ မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ် တစ်ရပ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာစေရေး၊ အဆင့်မြင့်နည်း ပညာများ လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ် မှုနှင့် စီးပွားရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရေး တို့တွင် အထောက်အကူဖြစ်စေနိုင်မည့်အပြင် စွန့်ဦး တီထွင်သူများ၊ ဖန်တီးသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များစသည့် မူပိုင်ခွင့်ပိုင်ရှင်များ၏ မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားစေနိုင် မည်ဖြစ်ကြောင်း။
ယခုဖွဲ့စည်းထားသည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင် ပါဝင်သော တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် မိမိတို့ ပါဝင်ဆောင်ရွက် နိုင်သည့် အခန်းကဏ္ဍများတွင် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍများ၊ တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို ဖွံ့ဖြိုး တိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အစိုးရ နှင့် ပြည်သူအတူလက်တွဲပြီး အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလို ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မူပိုင်ခွင့် ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမိုးမိုးသွယ်က (၂/၂၀၂၂) ကြိမ် မြောက် အစည်းအဝေးသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစာ တစ်ခုချင်းအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးသည်။
ဆုံးဖြတ်ချက်မူကြမ်းများ အတည်ပြု
ယင်းနောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီး များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက မူပိုင်ခွင့်ဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်မူကြမ်းများကို အတည်ပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြ ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်