နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ် ၄၅၂ ဘီလီယံအနက် ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ထုတ်ချေးပြီးစီးမှုမှာ ငွေကျပ် ၂၉၂ ဒသမ၂၇၈ ဘီလီယံဖြစ်

 

နေပြည်တော်   စက်တင်ဘာ   ၈


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ် မြောက်အစည်းအဝေးကို  ယနေ့နံနက်ပိုင်းက  နေပြည်တော်ရှိ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီ အဖွဲ့ဝင်များဖြစ်သည့်   ပြည်ထောင်စုဝန်ကြီး  ဦးမင်းနောင်၊  ဦးလှမိုး၊ ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊  အမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 
 ထိရောက်စွာအသုံးချရန်လို


အစည်းအဝေးတွင်     ကော်မတီဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က   ဇွန် ၁၂ ရက်တွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည့်  အခြေခံစားသုံးကုန်စည် များ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးတွင်  နိုင်ငံတော်ဝန်ကြီးချုပ်က “ဒေသတွင်း အသား၊ ငါး  လိုအပ်ချက်များရှိနေခြင်းကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်နေသည့်အပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍  ဒေသအလိုက် စားရေးကို အဓိက အထောက်အကူပြုစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးထားပြီးဖြစ်သဖြင့်    ထိရောက်စွာ   အသုံးချရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် စားရေးလိုအပ်ချက်ကို လုံလောက် စွာ ထုတ်လုပ်၍ ရောင်းလိုအားနှင့်ဝယ်လိုအား မျှတမှုရှိစေရေး ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း” တို့ကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်း ထားရှိမှုအခြေအနေများကို သွားရောက်စစ်ဆေးခဲ့သည့်ခရီးစဉ်တွင်လည်း “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား  စနစ်တကျထုတ်ပေး ပြီး  ပြန်လည်ကောက်ခံခြင်းများကိုလည်း  အလေးထားဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့ပါကြောင်း။


အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေး


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  ထုတ်ပေးထားသည့်    ငွေကျပ် ၄၅၂ ဘီလီယံအနက် ၂၀၂၃ ခုနှစ်  ဇူလိုင် ၃၁ ရက်အထိ ထုတ်ချေးပြီးစီးမှုမှာ ငွေကျပ် ၂၉၂ ဒသမ၂၇၈ ဘီလီယံ ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်   ချေးငွေများကို   နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထိရောက်စွာထုတ်ချေးပေးရန်နှင့် ချေးငွေများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ   စနစ်တကျထုတ်ချေးခြင်းနှင့်    ပြန်လည် ကောက်ခံခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြရန်  လိုအပ်ပါကြောင်း၊ ရန်ပုံငွေမှထုတ်ပေးထားသည့်    အရင်းမပျောက်    မတည်ငွေများကို မပျောက်ပျက်စေဘဲ  တိုးပွားလာစေရန်နှင့်  အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက်    ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေ လိုကြောင်း။


ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေ ဆိုင်ရာ   ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်   ဘဏ္ဍာရေးစည်းမျဉ်းများ ပြင်ဆင်ရေး၊  ရခိုင်ပြည်နယ်အစိုးရမှတင်ပြသည့်  ဆိုင်ကလုန်း မိုခါ တိုက်ခတ်မှုကြောင့်  ခေတ္တရပ်ဆိုင်းထားခဲ့သော  ချေးငွေထုတ်ချေးခြင်း လုပ်ငန်းစဉ်အား  ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး၊  မုန်တိုင်းဒဏ် ကြောင့် ပျက်စီးဆုံးရှုံးမှုများကို  လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး၊   ချေးငွေပမာဏသတ်မှတ်ချက်   ကျော်လွန်၍ ထုတ်ချေးထားသောချေးငွေများကို  ချေးငွေစည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရေးကိစ္စရပ်များကို  ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ 


အကြံပြုဆွေးနွေး 


 ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ       စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးအောင်နိုင်ဦး၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းချေးငွေထုတ်ချေးခဲ့မှုနှင့် ပြန်လည် ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေ  ထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုး ရေး ချေးငွေထုတ်ချေးထားမှု၊ ဆောင်းသီးနှံချေးငွေ အချိန်မီ  ထုတ်ချေး နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု၊ ချေးငွေများ ထုတ်ချေးရာ တွင်  တွေ့ကြုံရသည့်အခက်အခဲများကို  ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက်ရေးနှင့် ပြန်လည်သုံးသပ်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။                                 

သတင်းစဉ်