နိုင်ငံအချင်းချင်း ပူးပေါင်းမှုတိုးတက်ခိုင်မာ

အယ်ဒီတာ့အာဘော်

============

 

နိုင်ငံအချင်းချင်း ပူးပေါင်းမှုတိုးတက်ခိုင်မာ

=========================

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ် သော (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီး အစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများ သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

 

အာဆီယံထိပ်သီးအစည်းအဝေးသည် အာဆီယံနိုင်ငံများအကြား စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် တစ်နှစ် လျှင်နှစ်ကြိမ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်သည်။ ထို့အပြင် အာရှနှင့် နိုင်ငံတကာခေါင်းဆောင်များနှင့်လည်း အစည်းအဝေးများ တစ်ဆက်တည်း ကျင်းပလေ့ရှိရာ ကမ္ဘာ့အဆင့်ရလဒ်များပေါ်ထွက်မှုကြောင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိထားသော အစည်းအဝေးများဖြစ်သည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင် (၃၆) ကြိမ်မြောက်နှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကျင်းပခဲ့ရာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အာဆီယံသမိုင်းတွင် ပထမဆုံးကျင်းပခဲ့ခြင်း ဖြစ်သည်။

 

ယခုကဲ့သို့ အွန်လိုင်းပေါ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆွေးနွေးဖက်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဂျပန်၊ နယူး ဇီလန်၊ ရုရှား၊ သြစတြေးလျ၊ အမေရိကန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံတို့မှ ခေါင်းဆောင်များ စုံစုံညီညီတက်ရောက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြသည်။ အာဆီယံ+၃ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကူးစက်ရောဂါပျံ့နှံ့မှု၊ စီးပွားရေးအားပြိုင်မှုနှင့် ပထဝီ မဟာဗျူဟာအခင်းအကျင်းပြောင်းလဲမှုတို့ကို ရင်ဆိုင်နေကြသည့်အချိန်တွင် အာဆီယံ+၃ နိုင်ငံများအကြား စည်းလုံးညီညွတ်မှု ပိုမိုတိုးတက်ခိုင်မာလျက်ရှိ သည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံနှင့်ဒေသတွင်း ပထဝီမဟာဗျူဟာအခင်း အကျင်းပြောင်းလဲနေခြင်းနှင့် ကမ္ဘာပေါ်၌အင်အားကြီးနိုင်ငံများအကြား တင်းမာ မှုမြင့်မားလာခြင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ပုံမှန်အနေ အထားသစ်နှင့်အညီ အလျင်အမြန်လှုပ်ရှားမှုများ ပြုလုပ်လာနိုင်ခြင်းနှင့် လူကုန် ကူးမှု၊ အကြမ်းဖက်မှုပြဿနာများကို ထိရောက်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် အာဆီယံအနေဖြင့် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနှင့် တိုးမြှင့်ဖော်ဆောင် နိုင်မှုများကို အာဆီယံနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများအားလုံး အတူတကွ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ခဲ့သည်။

 

အာဆီယံတည်ရှိသည့် အရှေ့အာရှအသိုက်အဝန်းတစ်ရပ် ထူထောင် ရေးဆိုင်ရာ ရေရှည်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ+၃ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသည့်အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါအလွန် ဒေသတွင်း ပြန်လည်နာလန်ထူနိုင်ရေးကို ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်ရာတွင် အာဆီယံ+၃ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု သည် အရေးကြီးကြောင်း ထုတ်ဖော်နိုင်ခဲ့ပြီး အကြမ်းဖက်မှုနှင့်အစွန်းရောက်မှု စသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရန် ကတိကဝတ်ပြုခဲ့ကြသည်။

 

အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကပ်ရောဂါကဲ့သို့သော စိန်ခေါ်မှုအကျပ်အတည်းများကြားမှ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ အားလုံး၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရ စေကာမူ တရားမျှတမှုနှင့် လူ့အခွင့်အရေးတို့နှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်း လုံး၌ တိုးတက်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ နိုင်ငံအနေဖြင့် ဒေသတွင်းနှင့်တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးအတွက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးအဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် နီးကပ်စွာအတူတကွ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

နှစ်ဖက်အကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှုရှိသည့်နယ်ပယ်များ၌ မြန်မာ နိုင်ငံအနေဖြင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အာဆီယံနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများမှ မဟာဗျူဟာမြောက် ဆွေးနွေးမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော် နိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက်သာမက အာဆီယံနှင့်ဒေသပြင်ပ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါမှ ဆောလျင်စွာ ပြန်လည် နာလန်ထူနိုင်ရေးကို အလေးပေးနိုင်ခဲ့သည်။

 

သို့ဖြစ်ရာ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ (၂၃)ကြိမ် မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးနှင့် (၁၅)ကြိမ်မြောက်အရှေ့အာရှ ထိပ်သီးအစည်းအဝေးများတွင် နိုင်ငံ့ခေါင်းဆောင်များက နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး နိုင်ခဲ့ရာ အနာဂတ်တွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာမည်ဟု ယုံကြည်ပါကြောင်း။ ။