
ကေကေစိုး
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် ရာနှင့်ချီသည့် လူများသည် ပြန်ပေးဆွဲခံရပြီးနောက် ၄၂ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။ ပြန်ပေးဆွဲခံရသူများထဲတွင် မိခင်များနှင့် ကလေးငယ်များလည်း ပါဝင်ကြသည်။ ဇွန် ၈ ရက်ကတည်းက မန်နာဝါကျေးရွာတွင် ပြန်ပေးဆွဲမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အာဖရိကတိုက်ရှိ လူဦးရေ အထူထပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားတွင် ယခုနှစ်အတွင်း ပြန်ပေးဆွဲမှုများ ဆက်တိုက်ဆိုသလို များပြားလာခဲ့သည်။
သတ်ဖြတ်သွားခဲ့
ဒီဇင်ဘာလမှစတင်ကာ ပြန်ပေးဆွဲခံရသည့်ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀ ကျော် ရှိလာ ပြီဖြစ်သည်။ သီတင်းပတ်အကုန်တွင် ဇမ်ဖာရာရှိ တိုက်ခိုက်ရေးသမားများသည် ကျေးရွာ ငါးရွာကို တိုက်ခိုက်ခဲ့ပြီး လူ ၆၀ ထက်မနည်း တောအုပ် အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ရဲအရာရှိတစ်ဦးနှင့် ဒေသခံခေါင်းဆောင်နှစ်ဦးကို လည်း သတ်ဖြတ်သွားခဲ့သည်။
ပေါင်းဖက်လုပ်ကိုင်လာ
ယင်းကဲ့သို့ကျူးလွန်သူများကို အာဏာပိုင်များ က ဓားပြများဟု ခေါ်ဝေါ်ကြသည်။ နိုင်ဂျီးရီးယား နိုင်ငံသားများကို ပြန်ပေးဆွဲပြီး ပြန်ပေးငွေတောင်း ခံသည့်လုပ်ငန်းလုပ်ဆောင်နိုင်ရန် အုပ်စုဖွဲ့လုပ်ကိုင် လာကြသည်။ အဆိုပါအုပ်စုများသည် နိုင်ငံအရှေ့ မြောက်ပိုင်းရှိ ဘိုကိုဟာရမ်ကဲ့သို့သော အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပေါင်းဖက်လုပ်ကိုင်လာသည် လည်း ရှိသည်။
ကယ်တင်ပေးနိုင်ခဲ့
ဇူလိုင် ၂၀ ရက်တွင် ဇမ်ဖာရာတောအုပ်အတွင်းမှ ပြန်ပေးဆွဲခံရသူ ၁၀၀ ကို ရဲများက ကယ်တင်ပေး နိုင်ခဲ့သည်ဟု ရဲဌာနပြောရေးဆိုခွင့်ရှိသူ မူဟာမက် ရှီဟူက ပြောသည်။ ကလေးများကို ခါးထစ်ခွ ချီထားသည့် အမျိုးသမီးများ တန်းစီထိုင်နေသည့် ပုံကို နိုင်ဂျီးရီးယား မီဒီယာများတွင် ဖော်ပြကြသည်။ အဆိုပါ အမျိုးသမီးများမှာ ဇွန် ၈ ရက်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ပြန်ပေးငွေ တစ်ပြား တစ်ချပ်မှ ပေးစရာမလိုဘဲ လူများကို ကယ်တင်နိုင် ခဲ့သည်ဟု ရှီဟူက ဆက်ပြောသည်။ နောင်တရနေပြီ ဖြစ်သည့် ဓားပြများက ဆွေးနွေးညှိနှိုင်းမှု ပြုလုပ် ရန် ကူညီပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထားခြင်း မပြုလုပ်ခဲ့ပေ။
ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်
ပြန်ပေးဆွဲခံရသူများကို ပြန်လွှတ်ပေးခြင်း မှာ စေ့စပ်ညှိနှိုင်းမှု၏ တစ်စိတ်တစ်ဒေသဖြစ် မဖြစ်ကိုလည်း အတိအကျပြောကြားခဲ့ခြင်းမရှိပေ။ ဓားပြများသည် ပြန်ပေးဆွဲခံရသူများကို ပြန်လွှတ် ပေးမည်။ ယင်းကြောင့် ၎င်းတို့ကို ဖမ်းဆီးခြင်း မပြုရဟု ဒေသခံအာဏာပိုင်များနှင့် သဘောတူညီမှု ပြုလုပ်ခဲ့သည်ဟု စေ့စပ်ညှိနှိုင်းသူများနှင့်အဆက် အစပ်ရှိသည့် သတင်းအရင်းမြစ်တစ်ခုက ပြော သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစိုးရဘက်မှ အဆိုပါဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမို ပြုလုပ်ခဲ့သည့်အတွက် ပြန်ပေးငွေ မယူတော့ဘဲ ပြန်လွှတ်ပေးခြင်းဖြစ်နိုင်သည်ဟု ပြောဆိုကြသည်။ ယခု ပြန်ပေးဆွဲခံရရာမှ ပြန်လည်လွတ်မြောက် လာသူများကို မိသားစုထံပြန်လွှတ်မပေးမီ ကျန်းမာ ရေးဆေးစစ်မှုများ လုပ်ဆောင်ပေးခဲ့သည်ဟု ရှီဟူက ပြောသည်။
ပြန်ပေးငွေ တောင်းခံလေ့ရှိ
၂၀၂၁ ခုနှစ်ပထမ နှစ်ဝက်ကာလတွင် ပြန်ပေး သမားများမှာ လူပေါင်း ၂၃၇၁ ဦးထက်မနည်းကို ပြန်ပေးဆွဲမှုပြုလုပ်ခဲ့သည်ဟု လာဂို့စ်မြို့ရှိ အကြံပေး ကုမ္ပဏီဖြစ်သည့် SBM ထောက်လှမ်းရေးအေဂျင်စီ၏ သုတေသနပြုချက်အရ သိရသည်။ ပျမ်းမျှနှုန်းဖြင့်တွက်ချက်ကြည့်လျှင် တစ်နေ့လျှင် ၁၃ ယောက် ပြန်ပေးဆွဲခံနေရခြင်းဖြစ်သည်။
ပြန်ပေးဆွဲခံရမှုများမှာ မြောက်ပိုင်းပြည်နယ် များတွင် အဖြစ်များသည်။ ပြန်ပေးဆွဲသူများသည် ဒေါ်လာသန်းနှင့်ချီသည့် ပြန်ပေးငွေများကို တောင်းခံ လေ့ရှိသည်။ ပြန်ပေးငွေပေးသည့်ပမာဏကို တွက် ချက်ရန် ခဲယဉ်းလှသည်။ ပြန်ပေးငွေလွှဲပြောင်းပေးခြင်းကို လျှို့ဝှက်စွာ လုပ်ဆောင်ကြသည့်အတွက် ခန့်မှန်းတွက်ချက်ရန် ခဲယဉ်းသည်ဟု သုတေသီများ က ပြောသည်။
အပြစ်တင်ကြ
အတိတ်ကာလတုန်းက ပြန်ပေးဆွဲလျှင် လူ ချမ်းသာများနှင့် နိုင်ငံခြားသားများကိုသာ ပစ်မှတ် ထား၍ ပြန်ပေးဆွဲလေ့ရှိသည်။ ယခုတွင်မူ ထိုသို့ လူရွေးချယ်ခြင်းမျိုး မရှိတော့ပေ။ အများပြည်သူသုံး ဘတ်စ်ကားများ၊ လုံခြုံရေးအားနည်းသည့် စာသင် ကျောင်းများကို ပစ်မှတ်ထားလာသည်။ ကျေးလက် နေ ကလေးအများစုမှာ ပညာရေးအတွက် လုံခြုံရေး အားနည်းသည့် ကျောင်းများကိုသာ ရွေးချယ်စရာ မရှိဘဲ တက်ရောက်နေရသည်။ ကျေးရွာသားများ ပြန်ပေးဆွဲခံရသည့်အခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖြေရှင်းပေးမှု နှေးကွေးခြင်းနှင့် မိမိကိုယ်ကို ခုခံ ကာကွယ်ရန် အရင်းအမြစ်များမရှိသည့်အတွက် ကျေးရွာသားများက အပြစ်တင်ကြသည်။
အရှက်ရစရာဖြစ်
ပြန်ပေးဆွဲမှုများ များပြားလာသည့်အတွက် ဒေသခံအစိုးရလည်း အရှက်ရစရာဖြစ်ခဲ့ရသည်။ ထို့ကြောင့် အထင်အမြင်သေးမှုများ မဖြစ်ရအောင် တိတ်တဆိတ်ပြန်ပေးငွေပေးခြင်းဖြင့်သာ ဖြေရှင်း လေ့ရှိသည်ဟု နိုင်ငံအရှေ့မြောက်ပိုင်းရှိ လူ့အခွင့် အရေးဆိုင်ရာ ရှေ့နေနှင့် လုံခြုံရေးဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ ဘူလာမာ ဘူကာတီက ပြောသည်။
ယခုအခါ ပြန်ပေးဆွဲခြင်းဆိုသည်မှာ နိုင်ဂျီးရီးယား မြောက်ပိုင်းဒေသတွင် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းဖြစ်နေသည်။ ရာဇဝတ်သားများ မှာလည်း ၎င်းတို့၏ လုပ်ရပ်အတွက် အပြစ်ပေး ခံရခြင်းမရှိပေ။
လွတ်မြောက်သွားခဲ့
ကျေးလက်ဒေသများတွင် တောတောင် ထူထပ် ခြင်းနှင့် နယ်စပ်လုံခြုံမှု မရှိခြင်းတို့ကြောင့်လည်း ပြန်ပေးဆွဲဂိုဏ်းများထံ လက်နက်စီးဆင်းမှု ဖြစ်ပေါ် စေသည်။ နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းဒေသ တွင် မကြာသေးမီနှစ်များအတွင်းမှ စတင်ကာ ကျွဲနွားများကို ခိုးယူသူများ၊ ကျေးရွာနေပြည်သူများ ကိုပြန်ပေးဆွဲသူများနှင့် ကြုံတွေ့ရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်ကလည်း ဇမ်ဖာရာတွင် တိုက် လေယာဉ်တစ်စင်းကို ဓားပြများက ပစ်ချခဲ့ သည်။ လေယာဉ်မောင်းသူမှာ လေယာဉ်အတွင်းမှ ခုန်ထွက်နိုင်ခဲ့သည့်အတွက် လွတ်မြောက်သွားခဲ့ရ သည်။
လုံခြုံရေးကို ခြိမ်းခြောက်နေ
မြောက်ပိုင်းဒေသ၏ လုံခြုံရေးကိုခြိမ်းခြောက် နေသည်မှာ ပြန်ပေးဆွဲဓားပြများသာ မဟုတ်ပေ။ ဘိုကိုဟာရမ်အုပ်စုကလည်း ယင်းဒေသတွင် မကြာ ခဏဆိုသလို တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ ကုလသမဂ္ဂ၏ ပြောကြားချက်အရ နိုင်ဂျီးရီးယား နိုင်ငံတွင် လူပေါင်း ၂ ဒသမ ၄ သန်းမှာ လက်နက်ကိုင် များ၏အန္တရာယ်ကြောင့် ထွက်ပြေးရသည်ဟု ဖော်ပြ ထားသည်။ ။
ကိုးကား - သည်ဝါရှင်တန်ပို့စ်