
ဆန်းဝင်း (ငါးဦးစီး)
ငါးတို့သည် တစ်နေရာတည်းတွင် နေထိုင်လေ့မရှိဘဲ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသွားလာလျက်ရှိပေသည်၊၊ အဓိကအားဖြင့် မိတ်လိုက်ဥချသားပေါက်ရန် ရွှေ့ပြောင်းသွားလာခြင်း (Spawning migration)၊ အစားအစာရှာဖွေစားသောက်ရန်ရွှေ့ပြောင်းခြင်း (Feeding migration)၊ ၎င်းတို့အတွက်လုံခြုံသည့် နေရာရှာဖွေရန် ရွှေ့ပြောင်းသွားလာခြင်း (Overwintering migration) စသည့်အကြောင်းရင်းများကြောင့် ရာသီအလိုက် တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားလာကြပေသည်။
ယခုလို မိုးဦးကာလရောက်လျှင်ဖြင့် ၎င်းတို့၏ မျိုးဆက်တာဝန်ထမ်းဆောင်ကြရန်အတွက် မိတ်လိုက် ဥချသားပေါက်ရန် ရွှေ့ပြောင်းသွားလာကြပြီဖြစ် သည်၊၊ ငါးတို့တွင် ငါးရံ့၊ ငါးခူ၊ ငါးကျည်း၊ ငါးပြေမ၊ ငါးဘတ်၊ ငါးကြင်းစသည့် ရေချိုမှာ တစ်သက်လုံး နေထိုင်ကြသည့် (Potamodromous) ငါးမျိုးများ၊ ငါးလင်ပန်းကဲ့သို့သော ရေချိုတွင် နေထိုင်ပြီး မျိုးပွားရန်အတွက် ရေငန်ကိုပြန်ကြသည့် (Catad- romous) ငါးမျိုးများ၊ ဆယ်လ်မွန်ငါးများကဲ့သို့ ပင်လယ်တွင်နေထိုင်ပြီး မျိုးပွားရန်အတွက် ရေချိုကိုပြန်လာကြသည့် (Anadromous) ငါးမျိုး များစသည်ဖြင့် မတူကွဲပြားသော ရေပြင်များကို သွားလာကြပြီး လောကဓမ္မတာအရ ၎င်းတို့၏ မျိုးဆက်ပြန့်ပွားရန် တာဝန်ထမ်းဆောင်ကြပါသည်။
ကျွန်တော်ရေးခဲ့သည့် ငါးတို့၏ အပြန်လမ်း(သို့) ရေချိုငါးလုပ်ငန်းတွင် ဖော်ပြသကဲ့သို့ ယခင်နှစ် မိုးနှောင်းရာသီက လူတို့ဖမ်းယူစားသောက်ခြင်းမှ လွတ်မြောက်ပြီး မြစ်များ၊ ချောင်းမကြီးသို့ ပြန်လည် ရောက်ရှိသည့်ငါးများသည် ယခုလို မိုးဖြိုင်ဖြိုင် ရွာချိန်တွင် ငါးအထီး၊ အမကြီးများ (Breeders)များအဖြစ် ရောက်ရှိနေကြပြီဖြစ်သည်၊၊ ၎င်းတို့ မျိုးဆက်တာဝန်ထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေ ပေသည်။
ရေချိုငါးများ သားပေါက်ရာတွင် ဧရာဝတီ လင်းပိုင်ကဲ့သို့ ရေနေနို့တိုက်သတ္တဝါမှလွဲ၍ ခန္ဓာ ကိုယ်ပြင်ပတွင် သန္ဓေအောင်ကြသည်။ အရွယ်ရောက် ငါးအမကြီး၏ဗိုက်ထဲရှိ ဥများမှာ မိုးဦးရာသီ ရောက်လျှင် ဥများ ကြီးထွားရင့်မှည့်လာသော် လည်း ငါးအထီးနှင့် တွေ့ဆုံမိတ်လိုက်မှသာ ဥချ လေ့ရှိသည်။ မိတ်လိုက်ဥချရာတွင် ငါးအမက ဥကို ညှစ်ထုတ်ပြီး ငါးအထီးက သုက်ရည်ဖျန်းပေးကာ ပြင်ပတွင် သန္ဓေအောင်စေပါသည်။
ငါးများသားပေါက်ရာတွင် မိဘစောင့်ရှောက် သောငါးများ (Parental care) နှင့် မိဘစောင့်ရှောက် မှု မရသောငါးများ (Non parental care) ဟူ၍ ရှိသည်၊၊ ငါးရံ့ကဲ့သို့ငါးမျိုးတွင် ငါးငယ်ကလေး များကို ငါးအထီးက လိုက်လံစောင့်ရှောက်သဖြင့် အခြားအသားစားသတ္တဝါများရန်မှ ကင်းဝေး၍ ရှင်သန်နှုန်း (Survival) မြင့်မားပါသည်။ သို့သော် ရေချိုငါးအများစုမှာ မိဘစောင့်ရှောက်လေ့မရှိဘဲ သင့်တော်သည့်နေရာတွင် မိတ်လိုက်ဥချပြီး ထွက်ခွာသွားလေ့ရှိကြသည်။
သို့ရာတွင် မျိုးဆက်ရှင်သန်ရန်အတွက် သဘာဝ ကပေးသော အသိရှိသည်။ ဥမှပေါက်ခါစ ငါးငယ် ကလေးများသည် ရေတစ်တောင်ထက်ကျော်၍ နက်လျှင် ရေနစ်သေကြသည်။ ငါးတို့မှာ နို့တိုက် သတ္တဝါကဲ့သို့ သားသမီးကို ကျွေးမွေးရန်မရှိကြသဖြင့် အစာရှိသည့်နေရာ၊ ရေတိမ်သည့်နေရာများကို ရှာဖွေကြသည်။
ယခုလို မိုးဖြိုင်ဖြိုင်ရွာချိန် ကွင်းရေအနည်းငယ် တက်ပြီဆိုသည်နှင့် ရိုးချောင်းငယ်လေးများ၊ လယ်ကွင်းကိုင်းကွင်းများ၊ မြက်တောကြီးများသည် ရေလျှံကွင်းဖြစ်လာပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးခဲ့ သော ဓာတ်မြေသြဇာများ၊ ရိုးပြတ်များ၊ အပင်သေ များ၊ နွားချေး၊ ကြက်ချေးများ ရေတွင်ပျော်ဝင်ကာ ငါးတို့၏သဘာဝအစာဖြစ်သော အပင်မျောလှေး (phytoplankton)၊ အပင်မျောလှေး (zooplan- kton) များ ပေါက်ပွားလာကာ အစာများဖြင့် ပြည့်ဝနေသော မိတ်လိုက်ဥချ သားပေါက်ရန်နေရာ (spawning ground) နှင့် အစာရှာဖွေကွင်း (feeding ground) စသည်ဖြင့် ငါးတို့အတွက် နတ်ဘုံနတ်နန်းသဖွယ် ပေါ်ပေါက်လာပါတော့သည်။
ငါးတို့သည် မြစ်မချောင်းမကြီးမှ ၎င်းတို့ ဥချသားပေါက်မည့် ရေလျှံကွင်းများသို့ လာရာ လမ်းကြောင်းသည် အနှောင့်အယှက်များစွာ ရှိပါ သည်၊၊ ထိုအချိန်တွင် လူတို့၏ ဖမ်းယူစားသောက် ခြင်းကိုခံရသဖြင့် မိတ်လိုက်ဥချခွင့်မရတော့ဘဲ သေဆုံးကြရသည်။ ယခုအချိန်တွင် မိတ်လိုက် ဥချသားပေါက်ကြမည့် ငါးများကိုမဖမ်းကြဘဲ ခေတ္တစောင့်ဆိုင်းခြင်းဖြင့် သန်းပေါင်းများစွာသော ငါးများ ပေါက်ပွားလာမည်ဖြစ်သည်။ ထိုငါးများသည် မည်သူကမျှ အစာကျွေးစရာမလိုဘဲ၊ ငါးကန်တူးဖော် စရာမလိုဘဲ သဘာဝရေ၊ သဘာဝအစာဖြင့် အခမဲ့ ငါးရိက္ခာရရှိကြမည် ဖြစ်သည်။
သဘာဝတိုင်းရင်းငါးများသည် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် လိုအပ်သော အခွန်အခ ငါးရိက္ခာ ငါးအာဟာရ အလုပ်အကိုင်အခွင့် အလမ်းများ နှစ်စဉ်ရရှိနေမည်ဖြစ်သောကြောင့် ငါးရစ်ငါးသန် ရာသီချိန် မေလ၊ ဇွန်လ၊ ဇူလိုင်လများ တွင် ငါးဖမ်းဆီးခြင်းကို တားဆီးရန်မှာ ဌာနဆိုင်ရာ များသာမက ငါးစားသုံးသူများအားလုံးတွင် တာဝန်ရှိ သည်။ ကျွန်တော်တို့၏ တိုင်းရင်းငါးများသည် သက်ရှိ သတ္တဝါများဖြစ်သည့်အတွက် ၎င်းတို့ဘဝတစ်လျှောက် တစ်ကြိမ်လောက် ဥချသားပေါက်ခွင့်ရရှိရေး ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါ သည်။ ။
- Log in to post comments