ငါးသလောက်ငါးမျိုးများထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်တွင်း ပြည်ပဈေးကွက်စားသုံးမှုတွင် လူကြိုက်များသော ငါးသလောက်ကို စနစ်တကျ ပြန်လည်ထိန်းသိမ်းရန် လိုအပ်

နေပြည်တော်    ဇန်နဝါရီ    ၁၂


ငါးသလောက်ငါးမျိုးများ   ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး    အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက     ပြည်တွင်း  ပြည်ပဈေးကွက် စားသုံးမှုတွင် လူကြိုက်များသော ငါးသလောက်ကို စနစ်တကျ ပြန်လည်ထိန်းသိမ်းရန် လိုအပ်လျက် ရှိကြောင်း၊ ငါးသလောက်သည် အိမ်နီးချင်းနိုင်ငံများ တွင်လည်း  ပေါက်ပွားမှုနှင့်   စားသုံးမှုရှိပြီး အာရှ ရေပြင်မှ အီရန်၊ ပါရှန်ကွေ့အထိ နယ်စပ်ဖြတ်ကျော်ပြီး သွားနေသည့် ငါးမျိုးစိတ်တစ်ခုဖြစ်ကာ တချို့ဒေသ များတွင် မျိုးတုံးပျောက်ကွယ်မှုများနှင့် ကြုံ‌တွေ့ရ လျက်ရှိနေသော်လည်း     ဘင်္ဂလားပင်လယ်အော် အတွင်းရှိ နိုင်ငံအချို့တွင် ငါးသလောက်ထိန်းသိမ်းမှု ဇုန်အနေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိနေ သည်ကို   တွေ့ရှိရကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် လည်း လေ့လာမှုစစ်တမ်းများအရ ငါးသလောက် ဖမ်းဆီးရရှိမှုနည်းပါးလာပြီး   ဖမ်းဆီးရရှိသည့် အကောင်အရွယ်အစား  သေးငယ်လာလျက်ရှိရာ ငါးသလောက်မျိုးတုံးမှုမဖြစ်ပေါ်စေရန် ဆောင်ရွက် ရမည့် လုပ်ငန်းအစီအစဉ်များ သတ်မှတ်ရန် လိုအပ် နေပြီဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက်    ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ကြီးက ငါးသလောက်ငါးမျိုးများ ထိန်းသိမ်း ရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင်  အစိုးရအဖွဲ့ အစည်းတစ်ခုတည်းက    ဆောင်ရွက်၍မရနိုင်ဘဲ ငါးဖမ်းဆီးသူများမှ ငါးစားသုံးသူများအထိ ထုတ်လုပ် မှု   ကွင်းဆက်တွင်       ပါဝင်သူများအားလုံးတို့က ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊  ပညာပေးမှု မှာလည်း အလွန်အရေးကြီးပါကြောင်း၊  စားသုံးသူ များအနေဖြင့် ငါးသလောက်ဥစားသုံးခြင်းကဲ့သို့သော ငါးပြုန်းတီးမှုဖြစ်ပေါ်နိုင်သည့်    အခြေအနေကို ထိန်းသိမ်းပေးကြရန် လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။


ယနေ့ကျင်းပသည့် ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးနှင့်   ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်  ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့်   ငါးသလောက်ငါးဖမ်း လုပ်သားများ၏  လူမှုစီးပွားရေးဘဝစစ်တမ်းများ၊ ဈေးကွက်၏ ပြောင်းလဲမှုအခြေအနေများကို လေ့လာ ထားသည့်   သုတေသနများ၊  ငါးသလောက်နှင့် ပတ်သက်၍  မျိုးပွားခြင်း၊ သားပေါက်ခြင်း၊ အရွယ် ရောက်ခြင်း၊   ရွှေ့ပြောင်းကျက်စားခြင်း  စသည့် ငါးသလောက်၏   ဇီဝဗေဒ၊ ဂေဟဗေဒ လေ့လာမှု စာတမ်းများ၊ ဌာနနှင့် ပုဂ္ဂလိကပူးပေါင်း၍ သုတေသန လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ငါးသလောက်ငါးမျိုးများ ထိန်းသိမ်း ရေးနှင့် ဈေးကွက်မြှင့်တင်ရေးအတွက် ရေတိုရေရှည် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေး ဖော်ထုတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်